Wednesday, March 7, 2018

ကျောင်းကျန်းမာရေး ဗဟိုကော်မတီ အစည်းအဝေး (၁/၂၀၁၈) ကျင်းပ


နေပြည်တော် မတ် ၆
ကျောင်းကျန်းမာရေး ဗဟိုကော်မတီ အစည်းအဝေး (၁/၂၀၁၈) ကို မတ်လ (၆) ရက် မွန်းလွဲ(၂) နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပရာ ကျောင်းကျန်းမာရေး ဗဟိုကော်မတီ နာယကများ ဖြစ်ကြသော ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့် အားကစား ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ ဥက္ကဋ္ဌ ဒေါက်တာ စံရွှေဝင်း၊ ကျောင်းကျန်းမာရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ကျောင်းကျန်းမာရေး ဗဟိုကော်မတီ အဖွဲ့ဝင်များ၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ စီမံချက်မန်နေဂျာများနှင့် တာဝန်ရှိသူများ   တက်ရောက်ကြသည်။

ရှေးဦးစွာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ကျောင်းကျန်းမာရေး လုပ်ငန်းကို လုပ်ဆောင်ရာတွင် ပညာရေး ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ သာသနာတော် ထွန်းကား ပြန့်ပွားရေး ဦးစီးဌာန၊ မိဘဆရာအသင်းများ၊ လူမှုရေး အဖွဲ့အစည်းများ အားလုံး ပူးပေါင်း၍ ဆောင်ရွက်မှ အောင်မြင်နိုင်မည် ဖြစ်ကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် အဆင့်ကော်မတီများ ဖွဲ့စည်းရာတွင် လူမှုရေးဝန်ကြီး၊ လူမှုရေး အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ NGO အဖွဲ့များ ပါဝင်ရန် လိုအပ်ပါကြောင်း၊
ဤဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များကို မည်မျှ အတိုင်းအတာထိ ထိရောက်စွာ အကောင် အထည်ဖေါ် ဆောင်ရွက်နိုင်မှုသည် ကော်မတီဝင်များ၊ သက်ဆိုင်ရာ ဦးစီးဌာနများ၊ အဖွဲ့အစည်းများ အကြား မည်မျှပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်နိုင်မှု အပေါ်တွင် များစွာ မူတည်နေကြောင်း၊ ကျောင်း ကျန်းမာရေး အဆင့်မြှင့်တင်ရေး လုပ်ငန်းစဉ် (၉) ချက်ကို ဆောင်ရွက်နိုင်ရန် သက်ဆိုင်သူ အားလုံးနှင့်အတူ ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်သင့်သည်များကို ပွင့်ပွင့် လင်းလင်း ဆွေးနွေးပေးစေလိုကြောင်း၊
ကျောင်းများအတွက် ကျန်းမာရေးဆိုင်ရာ စံပြုသတင်းအချက်အလက်များ စာအုပ် (School Specific Standardized Health Messages) ကို ပြုစုထုတ်ဝေရန် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ငယ်ရွယ်သော ကျောင်းသားထုကြီးကို ဆေးလိပ်၊ ကွမ်း၊ အရက် ရှောင်ကျဉ်ရန် ပညာ ပေးခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုပုံစံများ ရရှိအောင် လေ့ကျင့်ပေးခြင်းဖြင့် ဘဝတစ်လျှောက်လုံး ကျန်းမာသော ပြည်သူများဖြစ်လာမည့်အပြင် မျှော်မှန်းသက်တန်းမြင့်မားသော ပြည်သူများ ဖြစ်လာမည် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက မြန်မာ တစ်နိုင်ငံလုံးတွင် အခြေခံပညာ ကျောင်းပေါင်း (၄၆,၄၆၈)ကျောင်းရှိပြီး ပုဂ္ဂလိကနှင့် ဘုန်းတော်ကြီး ပညာသင်ကျောင်းများမှ ကျောင်းသားများ အပါအဝင် စုစုပေါင်း အခြေခံပညာ ကျောင်းသား (၉ ဒသမ ၅) သန်းခန့်ရှိကြောင်း၊ ကျောင်းကျန်းမာရေး လုပ်ငန်းကို အဆိုပါကျောင်းများ အားလုံး၌ ဆောင်ရွက်နိုင်ရန် အရေးကြီးကြောင်း၊ အထူးသဖြင့်  ကျောင်းကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ဆင်းရဲနွမ်းပါးပြီး အခက်အခဲများစွာ ရှိသော ကျောင်းသားငယ်များ ရရှိရန် အရေးကြီးကြောင်း၊ ကျောင်းသားများ၌ အာဟာရချို့တဲ့ခြင်း၊ ကိုယ်စိတ် မကျန်းမာခြင်းများ ရှိပါက ပညာသင်ယူ တတ်မြောက်မှု အားနည်းသည်ကို လေ့လာတွေ့ ရှိရကြောင်း၊   ကျောင်းသင်ခန်းစာများတွင် ကာယပညာ ဘာသာရပ်နှင့် ဘဝတွက်တာ ကျွမ်းကျင်စရာ များကို ထည့်သွင်း သင်ကြားလျက် ရှိကြောင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ပညာရေး ဝန်ကြီးဌာန သာမက လွှတ်တော် ကိုယ်စားလှယ်များ၊ ကျောင်းသားမိဘနှင့် ပြည်သူများအားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မှသာ ကျောင်းကျန်းမာရေး လုပ်ငန်းများ အောင်မြင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ကျောင်းကျန်းမာရေး ဗဟိုကော်မတီ၊ အတွင်းရေးမှူး၊ ညွှန်ကြားရေးမှူး (ကျောင်းကျန်းမာ)က တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် ကျောင်းအဆင့် ကျောင်းကျန်းမာရေးက ော်မတီမ်ား ဖွဲ့စည်းရေး အတွက် ဆွေးနွေး တင်ပြရာ ကျောင်းကျန်းမာရေး ဗဟိုကော်မတီဝင်များနှင့် တက်ရောက် လာကြသူများက ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြပြီး အတည်ပြုချက်များ ရယူသည်။
ယင်းနောက် ကျောင်းကျန်းမာရေး ဗဟိုကော်မတီ နာယကများက   နိဂုံးချုပ် အမှာစကားများ  ပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment