နေပြည်တော်
မတ် ၆
ထိုင်းနိုင်ငံ လူမှုဖွံ့ဖြိုး တိုးတက်ရေးနှင့်
လူသား လုံခြုံရေး ဆိုင်ရာ ဗိုလ်ချုပ်ကြီး Anantaporn Kanjanarat ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့
တရားဝင်ခရီး ရောက်ရှိနေသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးသည် မတ်-၄ ရက် ညနေပိုင်းတွင် ရခိုင်ပြည်နယ်ဆိုင်ရာ
အကြံပြုချက်များ အကောင် အထည်ဖော်ရေး ကော်မတီ၏ အကြံပေးအဖွဲ့ ဥက္ကဋ္ဌ၊ ပါမောက္ခ ဒေါက်တာ Surakiart
Sathirathai နှင့် တွေ့ဆုံပြီး ရခိုင်ပြည်နယ် အတွင်း လူမှုစီးပွားဘ၀ ဖွံ့ဖြိုး တိုးတက်စေရေးနှင့်
စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်စေရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ အကောင် အထည်ဖော်ရေး၊
ထိုင်းနိုင်ငံတွင်း ပညာရေးနှင့် ကျန်းမာရေး ဆိုင်ရာ တိုးတက် ကောင်းမွန်စေခြင်းဖြင့်
လူမှုစီးပွားဘ၀ တိုးတက် ကောင်းမွန်စေရန် ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံ ကောင်းများနှင့်
ရရှိခဲ့သည့် သင်ခန်းစာများအား အမြင်ခြင်း ဖလှယ် ဆွေးနွေးသည်။
မတ်- ၅ ရက် နံနက်ပိုင်းတွင် Nonthaburi
Province, Pak Kred District သို့ ရောက်ရှိပြီး Pak Kred Reception Home for Boys တွင်
စောင့်ရှောက် ထားသည့် ထိုင်း၊ ကမ္ဘောဒီးယား၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊ မြန်မာနိုင်ငံတို့မှ
ကလေး သူငယ်များအား တွေ့ဆုံ အားပေးသည်။ ပြည်ထောင်စု ၀န်ကြီးအား ကလေးလူငယ်နှင့် မိသားစုများ
ဖွံ့ဖြိုးမှု မြှင့်တင်ခြင်းနှင့် စောင့်ရှောက်ခြင်း ဌာနခွဲနှင့် စောင့်ရှောက်ရေး ဂေဟာမှ
တာဝန်ရှိသူများက ဂေဟာ၏ လုပ်ဆောင်ချက် အဆင့်ဆင့်နှင့် ရောက်ရှိ လာသည့် ကလေးငယ်များအား
ပုံမှန် ပညာရေးနှင့် အသက်မွေး ၀မ်းကျောင်း ပညာရေး အတွက် ဆောင်ရွက်ပေးနေမှု အခြေအနေ၊
ဘေးကင်း လုံခြုံရေးနှင့် စိတ်ပိုင်းဆိုင်ရာ အတွက် စောင့်ရှောက် ကူညီပေးမှု၊ မိသားစုနှင့်
ပြန်လည် ပေါင်းစည်းရေး အတွက် စောင့်ရှောက်ပေးမှု တို့အား ရှင်းလင်း တင်ပြသည်။ ထို့နောက်
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကလေးငယ်များ အတွက် အသက်မွေး ၀မ်းကျောင်းဆိုင်ရာ သင်တန်းများ
ပို့ချလျက် ရှိသည်ကို လေ့လာ ကြည့်ရှုသည်။
ဆက်လက်၍ နိုင်ငံခြားရေး ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး
Mr. VirasakdiFutrakul နှင့်အဖွဲ့အား တွေ့ဆုံကာ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံကြား
လက်ရှိပူးပေါင်း ဆောင်ရွက်နေသည့် စီမံချက်လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ၊ ထိုင်း-
မြန်မာနယ်စပ်ရှိ ဒုက္ခသည် စခန်းများမှ နိုင်ငံသားအဖြစ် စိစစ်ပြီးသူ တိုင်းရင်းသားများ
ပြန်လည် လက်ခံနိုင်ရေးနှင့် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိမည့်သူများ ပြန်လည်
ထူထောင်ရေး အတွက် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ချက်များ၊ ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ
လုပ်ငန်းများ ပိုမို အောင်မြင်စေရေး အတွက် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်နိုင်သည့်
အလားလာများ၊ အလုပ်အကိုင် အခွင့်အလမ်း ဖော်ထုတ်နိုင်ရေး အတွက် လိုအပ်ချက်များ၊ အာဆီယံ
သဘော တူညီချက်များအား နှစ်နိုင်ငံ အကြား ဆက်လက် ပူးပေါင်း အကောင် အထည်ဖော်မည့် အခြေအနေနှင့်
ထိုင်းနိုင်ငံ တောင်ပိုင်း၌ ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ ဖြေရှင်းရာတွင် တွေ့ကြုံခဲ့ရသည့်
အခက်အခဲများနှင့် အောင်မြင်စွာ ဆောင်ရွက်နိုင်မှု အတွေ့အကြုံများအား ဆွေးနွေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည်
NakhonPathom Province, Phutthamonthon ခရိုင်ရှိ Boan Saladin စိုက်ပျိုးရေး စီမံကိန်းသို့
သွားရောက်ပြီး ရေကြီးရေလျှံမှု နှစ်စဉ်ဖြစ်ခြင်း၊ ဆားငံရေ ၀င်ရောက်ခြင်း၊ ရေရှားပါးမှု
ဖြစ်ခြင်းစသည့် သဘာဝဘေးမျိုးစုံ ခံစားခဲ့ရာမှ GPS နည်းပညာသုံး ပထ၀ီ အနေအထား လေ့လာမှုဖြင့်
ချောင်းများ မြောင်းများ ပိတ်ဆို့မှုများကို ပြုပြင်ခြင်း၊ ဗေဒါပင်များအား စနစ်တကျ ပြုပြင်
အသုံးချခြင်း၊ စိုက်ပျိုးမြေများအား နှစ်တိုနှစ်ရှည် စိုက်ပျိုးမှု ဆောင်ရွက်ခြင်း၊
စိုက်ပျိုးမြေ၊ ရေကန်နှင့် နေအိမ်တို့ကို အချိုးကျ အကွက်ချပြီး စနစ်တကျ ဘက်စုံစိုက်ပျိုး
ထုတ်လုပ်နိုင်ခဲ့ခြင်းကြောင့် မိသားစုဝင်ငွေ တိုးတက်ပြီး ဒေသတွင်း လူမှုစီးပွားဖွံ့ဖြိုး
တိုးတက်အောင် ဆောင်ရွက်နိုင်မှု အခြေအနေတို့အား လေ့လာ ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment