Monday, March 5, 2018

ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ကလောပင်မဓာတ်အားခွဲရုံအား ကြည့်ရှုစစ်ဆေး


နေပြည်တော် မတ် ၅
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် မတ် ၄ ရက် နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးသို့ရောက်ရှိပြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများအား တွေ့ဆုံ၍ ရှမ်းပြည်နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ ကိစ္စရပ်များအား ပူးပေါင်းဆောင်ရွက် သွားရေးနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးသည်။

ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်း များ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာသော ရှမ်းပြည်နယ် ဝန်ကြီးများမှ မိမိတို့ တာဝန်ယူရသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ တင်ပြဆွေးနွေးကြရာ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်မှ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ရှမ်းပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးအတွက် ဆောင်ရွက်နေသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်း တင်ပြသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးမှ သိရှိလိုသည်များမေးမြန်းပြီး လိုအပ်ချက်များအား ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရှမ်းပြည်နယ်(တောင်ပိုင်း) လျှပ်စစ်အင်ဂျင်နီယာရုံး၊ တောင်ကြီးမြို့   အစည်းအဝေးခန်းမတွင် ရှမ်းပြည်နယ်အတွင်းရှိ ပြည်နယ်/ ခရိုင်/မြို့နယ် လျှပ်စစ်အင်ဂျင်နီယာများ၊ ကယားပြည်နယ် လျှပ်စစ်အင်ဂျင်နီယာနှင့် ဝန်ထမ်းများအား တွေ့ဆုံစဉ် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် လျှပ်စစ်အင်ဂျင်နီယာများမှ မိမိတို့ ပြည်နယ်/ ခရိုင်/မြို့နယ်အလိုက် မီးသုံးစွဲသူဦးရေ တိုးတက်လာမှု၊ ဓာတ်အားခနှုန်းထားနှင့် ကောက်ခံမှု အခြေအနေ ဓာတ်အားပျောက်ဆုံးမှု လျော့ချရေးလုပ်ငန်းများ၊ ဆောင်ရွက်မှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများ အား ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ ကလော ပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး ဓာတ်အားထိန်းချုပ်ခန်းအတွင်း ဓာတ်အားပို့လွှတ်/ လက်ခံ/ ဖြန့်ဖြူးနေမှု အခြေအနေ များအားလည်းကောင်း၊ ဓာတ်အားခွဲရုံ Switch Yard အတွင်း ထရန်စဖော်မာ အသစ်တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက် ပြီးစီးမှုအခြေအနေများအားလည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment