နေပြည်တော် မတ်
၅
အနည်းဆုံးအခကြေးငွေ
သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ ပဉ္စမအကြိမ်ညှိနှိုင်း အစည်းအဝေးကို နေပြည်တော်ရှိ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက်
၁၀ နာရီ တွင်ကျင်းပရာ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ အလုပ်သမား၊
လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ
တက်ရောက်အမှာစကားပြောကြားသည်။
ညှိနှိုင်းအစည်းအဝေးတွင်
အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက
အလုပ်ရှင်၊ အလုပ်သမားများ၏ ရေရှည်အကျိုးအတွက် အနည်းဆုံးအခကြေးငွေတစ်ရပ်ကို ဥပဒေနှင့်အညီ
အမြန်ဆုံးပေါ်ထွန်းလာရေး အမျိုးသားကော်မတီ၏ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးတွင် ချမှတ်ခဲ့သည့်
လုပ်ငန်းစဉ် ၅ ရပ်အတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ လုပ်ငန်းစဉ် (၁) ဖြစ်သည့် အနည်းဆုံးအခကြေးငွေ
သတ်မှတ်ရေး ဆိုင်ရာ အမျိုးသားကော်မတီကို နိုင်ငံတော်သမ္မတရုံးက ပြန်လည်ဖွဲ့စည်းပေးခဲ့ပြီး
အမျိုးသားကော်မတီက ပြည်ထောင်စု နယ်မြေကော်မတီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကော်မတီများကို
အသစ်ပြန်လည် ဖွဲ့စည်းပေးခဲ့ကြောင်း၊ လုပ်ငန်းစဉ် (၂) ပါ အမျိုးသားကော်မတီ၏ ညှိနှိုင်းအစည်းအဝေး
(၄) ကြိမ်ကျင်းပခဲ့ပြီး ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် အထက်မြန်မာ ပြည်နှင့်
အောက်မြန်မာပြည်ရှိ အလုပ်ရှင်၊ အလုပ်သမားများနှင့် တွေ့ဆုံပွဲများပြုလုပ်ကာ လူမှုအဖွဲ့အစည်းများပါဝင်သည့်
ဖိုရမ်ကို ရန်ကုန်မြို့၌ ကျင်းပခဲ့ကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်
ပြည်နယ်ကော်မတီများမှ နယ်မြေဒေသအလိုက် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲများကို ၂၈
ကြိမ်တိုင် ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ လုပ်ငန်းစဉ် (၃)အရ အလုပ်သမားများ၏ နေထိုင်စားသောက်မှုစရိတ်
စစ်တမ်းကောက်ယူမှုကို အချို့တိုင်းဒေသကြီးနှင့် ပြည်နယ်များ တွင် လူဦးရေများပြားသည့်
စက်ရုံများ ရွေးချယ်ဆောင်ရွက်ခဲ့ကြောင်း။
တစ်ပိုင်တစ်နိုင်
စစ်တမ်းကောက်ယူခဲ့မှုကြောင့် အမျိုးသားကော်မတီအနေဖြင့် လုပ်ငန်းစဉ် (၄) အရ မြန်မာနိုင်ငံရှိ
အလုပ်သမားများအတွက် နေရာဒေသနှင့် လုပ်ငန်းအမျိုးအစားမခွဲခြားဘဲ တစ်နိုင်ငံလုံးတစ်ပြေးညီ
ပြင်ဆင်သတ်မှတ်သည့် အဆိုပြု အနည်းဆုံးအခကြေးငွေကို တစ်နာရီလျှင် ကျပ် ၆၀၀/-နှုန်းဖြင့်
တစ်ရက် အလုပ်ချိန် (၈) နာရီ အတွက် ၄,၈၀၀/- ကျပ်အား အလုပ်သမား ၁၀ ဦးအောက်ရှိသည့် လုပ်ငန်းငယ်များ၊
မိသားစု တစ်ပိုင်တစ်နိုင်လုပ်ငန်းနှင့် သက်ဆိုင်မှု မရှိကြောင်းကို ဇန်နဝါရီ ၂ ရက်စွဲပါ
အမိန့်ကြော်ငြာစာ အမှတ် ၁/၂၀၁၈ ဖြင့် အဆိုပြုအနည်းဆုံးအခကြေးငွေ ထုတ်ပြန်ကြေညာနိုင်ခဲ့ကြောင်း၊
အဆိုပြုနှုန်းထား ထုတ်ပြန်ခဲ့ခြင်းအပေါ် အကြံပြုခြင်း၊ ကန့်ကွက်ခြင်း၊ ပြင်ဆင်ခြင်း၊
ထောက်ခံခြင်းနှင့် သဘောထားမှတ်ချက် ပေးပို့ခြင်းများနှင့်စပ်လျဉ်းပြီး ပြည်ထောင်စုနယ်မြေ
အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် ၁၅ ခု အနက် ကန့်ကွက်ချက်များအနေဖြင့် တိုင်းဒေသကြီး/
ပြည်နယ် ၁၀ ခုတို့မှ ကန့်ကွက်လွှာ ၄၀၉၂ ခုရရှိပြီး ထောက်ခံတင်ပြလွှာ ၁၁ ခုကို လက်ခံရရှိခဲ့ကြောင်း၊
ကျန်ရှိသည့် ပြည်ထောင်စုနယ်မြေ၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ချင်းပြည်နယ်စသည့်
ပြည်နယ် ၅ ခုမှ ကန့်ကွက်ချက်၊ ပြင်ဆင်ချက်နှင့် အကြံပြုချက်များ တင်ပြလာမှု မရှိကြောင်း၊
ကန့်ကွက်ချက်တင်ပြလာသည့် တိုင်းဒေသကြီး/ ပြည်နယ် ၁၀ ခုမှ သက်ဆိုင်ရာတိုင်းဒေသကြီး/
ပြည်နယ် အလိုက် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များဖွဲ့၍ ကွင်းဆင်းစစ်ဆေးခြင်း၊ စုံစမ်းမေးမြန်းခြင်းများ၊
ရှင်းလင်းဆွေးနွေးခြင်းနှင့် စိစစ်ခြင်းများ ပြုလုပ်ခဲ့ရာ မွန်ပြည်နယ်တွင် ၈ ကြိမ်၊
ရန်ကုန်တိုင်းဒေသကြီးတွင် ၆ ကြိမ်၊ ပဲခူးတိုင်းဒေသကြီးတွင် ၃ ကြိမ်၊ မန္တလေးတိုင်းဒေသကြီး၊
တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တွင် ၂ ကြိမ်စီ၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း
ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ၁ ကြိမ်စီ ဆောင်ရွက်ခဲ့ကြောင်း။
ယခုအချိန်သည် အဆိုပြုအနည်းဆုံးအခကြေးငွေအပေါ်
ကန့်ကွက်လိုလျှင် ကန့်ကွက်နိုင်ရေး အများပြည်သူသိရှိစေရန် ထုတ်ပြန်ကြေညာချက် ရက်ပေါင်း ၆၀ ပြည့်ပြီးဖြစ်၍
ဥပဒေအရ အဆိုပြုနှုန်းထားကို သုံးပွင့်ဆိုင်ကိုယ်စားလှယ်များဖြင့် လေ့လာစိစစ်ပြီး အနည်းဆုံးအခကြေးငွေ
နှုန်းထားတစ်ရပ် သတ်မှတ်နိုင်ရန် ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် အမျိုးသားကော်မတီအနေဖြင့်
ယခုကဲ့သို့ ပဉ္စမအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပရခြင်းဖြစ်ကြောင်း၊ အမျိုးသား ကော်မတီမှ
ချမှတ်ထားသည့် လုပ်ငန်းစဉ် (၅) ရပ်အနက် နောက်ဆုံးအဆင့်ဖြစ်သည့် အတည်ပြုအနည်းဆုံး အခကြေးငွေ ထုတ်ပြန်နိုင်ရန် ယနေ့အစည်းအဝေးသို့
တက်ရောက်လာသည့် အမျိုးသားကော်မတီဝင်များ၏ ဆန္ဒသဘောထားနှင့်အညီ မြန်မာနိုင်ငံ၏ လက်ရှိပကတိ
အခြေအနေနှင့် ကိုက်ညီပြီး အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးနှစ်ဖက်အတွက်မျှတသည့် အနည်းဆုံး
အခကြေးငွေနှုန်းထားကို အောင်မြင်စွာ အတည်ပြုသတ်မှတ်နိုင်ရန် ပွင့်ပွင့်လင်းလင်းဆွေးနွေးပေး
စေလို ကြောင်း ပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာသူများက
အနည်းဆုံးအခကြေးငွေ ပြင်ဆင်သတ်မှတ်နိုင်ရေး ပွင့်လင်းမြင်သာစွာ အပြန်အလှန်ဆွေးနွေးခဲ့ပြီး
ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ယခုကျင်းပခဲ့သော အစည်းအဝေးမှ
၁၀ ဦးနှင့်အထက်ရှိသော လုပ်ငန်းများအတွက် တစ်နာရီလုပ်ခလစာ ၆၀၀ ကျပ်နှုန်းဖြင့် တစ်ရက်
အလုပ်ချိန် ၈ နာရီအတွက် လုပ်ခလစာ ၄၈၀၀ ကျပ်နှုန်း သတ်မှတ်ခဲ့ကြောင်းနှင့် သတ်မှတ်ခဲ့သော
အနည်းဆုံးလုပ်ခလစာ ၄၈၀၀ ကျပ် နှုန်းထားကို အစိုးရအဖွဲ့ရုံးသို့ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း
သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment