Thursday, March 8, 2018

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာ ဖြေဆို နေမှုများကို လှည့်လည်ကြည့်ရှု


နေပြည်တော် မတ် ၈
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးသည် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးမျိုးညွန့်၊ အခြေခံပညာဦးစီးဌာန မှ ခေတ္တညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် လယ်ဝေးမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ၂၀၁၈ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ စာစစ် ဌာနသို့ ရောက်ရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ (အင်္ဂလိပ်စာ ဘာသာ)ဖြေဆိုနေမှုများကို လှည့်လည် ကြည့်ရှုသည်။
ပြည်ထောင်စုဝန်ကြီးသည် ကျောင်းသားကျောင်းသူများ အင်္ဂလိပ်စာ ဘာသာ ဖြေဆိုနေမှုများနှင့် စာမေးပွဲဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများကို လှည့်လည် ကြည့်ရှုပြီး သက်ဆိုင်ရာတာဝန်ရှိသူများအား ကျောင်းသားကျောင်းသူ များ စာမေးပွဲကာလအတွင်း စိတ်အေးချမ်းသာစွာဖြင့် ဖြေဆိုနိုင်ရေးဆောင်ရွက် ပေးကြရန် မှာကြားသည်။
အလားတူ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးညွန့်သည် လယ်ဝေးမြို့နယ် သဲဖြူ အခြေခံပညာအထက်တန်း ကျောင်း၊ အမှတ်(၅)အခြေခံ ပညာ အထက်တန်းကျောင်း(အေလာ)၊ ပျဉ်းမနား မြို့နယ် သစ်လေးလုံး အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၃) အခြေခံပညာ အထက်တန်း ကျောင်းနှင့် ဥတ္တရသီရိမြို့နယ် အမှတ်(၁၂) အခြေခံပညာ အထက်တန်းကျောင်းရှိ စာစစ်ဌာနများသို့ သွားရောက်ပြီး စာမေးပွဲ ဖြေဆိုနေမှုများကို ကြည့်ရှုကာ စာမေးပွဲကြီးကြပ်ဆရာ၊ ဆရာမများအား စာမေးပွဲ စည်းမျဉ်းစည်းကမ်းများ၊ ညွှန်ကြားချက်များနှင့်အညီဆောင်ရွက်ကြရန်၊ တက္ကသိုလ် ၀င် စာမေးပွဲအောင်မြင် ချောမွေ့စွာ ဖြေဆိုကျင်းပနိုင်ရေး ၀ိုင်းဝန်းကူညီ ဆောင်ရွက် ပေးကြရန်မှာကြား သည်။
တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာကို မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ စာစစ်ဌာန (၁၇၂၁)ခုနှင့် နိုင်ငံခြားစာစစ်ဌာန (၂၁)ခု စုစုပေါင်း စာစစ်ဌာန(၁၇၄၂)ခုတို့၌ ဖြေဆိုခွင့်ရှိသူ ကျောင်းသား ကျောင်း သူ (၈၄၄၃၅၈)ဦး ရှိသည့်အနက် (၇၈၉၀၇၀)ဦး ဖြေဆိုခဲ့ကြပြီး ပျက်ကွက်သူဦးရေ (၅၅၂၈၈) ရှိသဖြင့် ဖြေဆိုမှုရာခိုင်နှုန်းမှာ ၉၃ ဒသမ ၄၅ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ စာစစ်ဌာနပေါင်း (၄၄)ခုတွင် (၂၃၈၅၀)ဦး စာရင်းပေးသွင်းကြပြီး (၂၂၃၅၇)ဦး ၀င်ရောက်ဖြေဆိုကာ ပျက်ကွက် သူ ဦးရေ (၁၄၉၃)ဦးရှိသဖြင့် ဖြေဆိုမှုရာခိုင်နှုန်းမှာ ၉၃ ဒသမ ၉၄ ရာခိုင်နှုန်း ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment