နေပြည်တော် မတ် ၅
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင်
ဦးတင်ထွန်းနှင့် တာဝန်ရှိသူများလိုက်ပါလျှက် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ပြည်ထောင်စုအရေးပေါ်
ရန်ပုံငွေနှင့်ဆောင်ရွက်လျှက်ရှိသည့် ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေမှု
အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။ ရှေးဦးစွာဒက္ခိဏသီရိမြို့နယ်၊ ဒိုးနွယ်ကျေးရွာ၊
ပလွေးချောင်း ကမ်းပြိုကာကွယ်ရေး လုပ်ငန်းကိုကြည့်ရှုရာ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ
ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထွန်းနိုင်ဝင်းမှ Steel Basket အခြေပြု
ကျောက်စီနံရံအလျား (၁၂၀၀) ပေနှင့် သံခြင်းရေကာတို (၁၁) ခု ၊ သောင်စွယ်ဖြတ်ခြင်းလုပ်ငန်း
(၁) ခုကိုဆောင်ရွက်လျက်ရှိပြီး ၆၅% ခန့် ပြီးစီးနေပြီဖြစ်ပြီး လုပ်ငန်းများကို မတ်လတွင်
ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်
ကမ်းပြိုကာကွယ်ရေးလုပ်ငန်း လုပ်ဆောင်နေမှုများကို ကြည့်ရှု စစ်ဆေးခဲ့ပြီး အချိန်မီပြီးစီးရေးအတွက်
ဆောင်ရွက်ကြရန် မှာကြားသည်။ ထို့နောက် လယ်ဝေးမြို့နယ်၊ စည်ပိုင်းကျေးရွာ ပလွေးချောင်း
ရေတိုက်စားမှုကာကွယ်ရေးလုပ်ငန်း Steel Basket အခြေပြုကျောက်စီ မြေထိန်းနံရံအလျား (၉၉၀)
ပေ တည်ဆောက်နေမှုနှင့် ပုဗ္ဗသီရိမြို့နယ်၊ ကုလားရွာကျေးရွာဆင်သေချောင်း ရေတိုက်စားမှုကာကွယ်ရေးလုပ်ငန်း
မျောတိုင်တန်း Geo-tube အခြေထိန်းကရစ်ကွက် အလျား (၁၆၀၀) ပေ ၊ Pilot Channel အလျား
(၁၀၀၀) ပေ တူးဖော်ပြီးစီးမှုနှင့် မျောတိုင်တန်း Geo-bag ဖြည့် ရေကာတို (၅) ခုရာနှုန်းပြည့်
တည်ဆောက်ပြီးစီးမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။ ထိုသို့ ကြည့်ရှုစစ်ဆေးရာ၌
ဒေသခံများနှင့် တွေ့ဆုံစဉ် ကမ်းပြိုကာကွယ်ရေး လုပ်ငန်းပေါင်း (၄၀၀) ကျော်ကို နိုင်ငံတော်မှ
ငွေကြေးအကုန်အကျခံပြီး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ
ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေနှင့်လည်း ကမ်းပြိုထိန်းသိမ်းရေး လုပ်ငန်းများတွင်
လိုအပ်သည့် နည်းပညာများ ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ ပြည်သူများအနေဖြင့် မြစ်ချောင်းများ
တိမ်ကောပျက်စီးမှု မရှိစေရေးအတွက် ဝိုင်းဝန်းပူးပေါင်း ထိန်းသိမ်းပေးကြစေလိုကြောင်း
ပြောကြားသည်။ နေပြည်တော် ကောင်စီနယ်မြေ အတွင်း ယခုဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုအရေးပေါ်ရန်ပုံငွေဖြင့်
ကမ်းပြိုကာကွယ်ရေးလုပ်ငန်း (၆) ခုကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
(သတင်းစဉ်)


No comments:
Post a Comment