Monday, March 5, 2018

ယခုနှစ်တွင် အမှတ်(၁၅)အကြီးစားစက်ရုံ(သာဂရ)မှ Ambulance ယာဉ် (၅၅)စီး ထုတ်လုပ်သွားမည်


နေပြည်တော် မတ် ၅
Myanmar National Ambulance Guidelines နှင့် Ambulance စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းနိုင်ရေးညှိနှိုင်း အစည်းအဝေး ကို ယနေ့တွင် စက်မှုဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေးတွင် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လိုအပ်ချက်နှင့် ပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍကို အထောက်အကူပြုစေရန် ရည်ရွယ်၍ နိုင်ငံတကာ အဆင့်မီ Ambulance ယာဉ်များ တပ်ဆင်ထုတ်လုပ်သွားရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လိုအပ်ချက်များနှင့် ကျွမ်းကျင်ပညာရှင်များ၏ အကြံပြုချက်များအတိုင်း Ambulance ယာဉ် (၄) စီးကို အဆင့်ဆင့်သုတေသနပြု၍ အောင်မြင်စွာ ထုက်လုပ်နိုင်ခဲ့ကြောင်း၊ စက်မှုဝန်ကြီးဌာနမှ တပ်ဆင်ထုတ်လုပ်သော Ambulance ယာဉ်များ၏ အရည် အသွေးနှင့် ဘေးအန္တရယ်ကင်းရှင်းရေးကို နိုင်ငံတကာ စံနှုန်းများနှင့်အညီ စစ်ဆေးအတည်ပြုနိုင်ရေးအတွက် Ambulance စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းတည်ထောင်နိုင်ရန် ညှိနှိုင်းအစည်းအဝေး ကျင်းပခြင်းဖြစ်ကြောင်း၊ အစည်းအဝေး တက်ရောက် လာသူများမှ မိမိတို့၏ကျွမ်းကျင်မှုကဏ္ဍအလိုက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် အစည်းအဝေး တက်ရောက်လာကြသည့် ဌာန/အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ကျွမ်းကျင်ပညာရှင်များမှ Ambulance ယာဉ်ထုတ်လုပ်ရာတွင် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းသတ်မှတ်ချက်များ၊ နိုင်ငံတကာ အသိမှတ်ပြု Ambulance ယာဉ်စစ်ဆေးရေးအဖွဲ့ဖြစ်သည့် Commission on Accreditation of Ambulance Services (CAAS) ၏ စစ်ဆေးအသိမှတ်ပြုလက်မှတ်ရရှိရန် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပြီး Ambulance ယာဉ်များ ဘေးအန္တရယ် ကင်းရှင်းရေးလက်မှတ်များကို စနစ်တကျ ထုတ်ပေးရန် Ambulance စစ်ဆေးရေအဖွဲ့ကို ဆက်စပ် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ ကျွမ်းကျင်ပညာရှင်များ ပါဝင်သောအဖွဲ့ဝင် (၇)ဦး ဖြင့်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
စက်မှုဝန်ကြီးဌာန၊ အမှတ် (၁၅) အကြီးစားစက်ရုံ(သာဂရ)တွင် Ambulance ယာဉ်(၄) စီးကို နိုင်ငံခြားမှ ကျွမ်းကျင် ပညာရှင်များနှင့် ပူးပေါင်း၍ အောင်မြင်စွာ စမ်းသပ်ထုတ်လုပ်နိုင်ခဲ့ပြီး ထုတ်လုပ်ပြီးသော Ambulance ယာဉ်များနှင့်နောင် ထုတ်လုပ်မည့် ယာဉ်များကို နိုင်ငံတကာအဆင့်မီ အရည်အသွေးဖြစ်စေရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် Commission on Accreditation of Ambulance Services (CAAS)အဖွဲ့၏ Standards and Guidelines များနှင့်အညီ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ယခုနှစ်တွင် အမှတ်(၁၅)အကြီးစားစက်ရုံ(သာဂရ)မှ Ambulance ယာဉ် (၅၅)စီးကိုထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment