နေပြည်တော် မတ် ၅
ဒုတိယအကြိမ် အမျိုးသားလွှတ်တော်
သတ္တမပုံမှန်အစည်းအဝေး ၂၄ ရက် မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်
အစည်းအဝေးခန်းမ၌ ကျင်းပရာ ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြား ခြင်း၊
ဥပဒေကြမ်းတစ်ခု ဆွေးနွေးခြင်း၊ ဥပဒေကြမ်းတစ်ခုအား ပြင်ဆင်ချက်ဖြင့် တင်သွင်းခြင်းနှင့်
ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာတစ်ခု ဖတ်ကြားတင်ပြခြင်းတို့ကို ဆောင်ရွက်ကြသည်။
ယနေ့အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း ၂ ခု၏ အဖြေများကို ပညာရေး ၀န်ကြီးဌာန
ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်း က ရှင်းလင်းဖြေကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး
မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမောင်မောင်လတ်၏ စစ်ကိုင်းတိုင်းဒေသကြီး
တမူးမြို့ စန္ဒကူး အမှတ်(၂) ရပ်ကွက်အတွင်းရှိ
အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) ကို အခြေခံပညာ အထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်
ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယ၀န်ကြီးက ပညာရေးဝန်ကြီးဌာနအနေဖြင့်
၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်အတွက် အခြေခံပညာအထက်တန်းကျောင်း
၃ ကျောင်း၊ အခြေခံ ပညာ အလယ်တန်းကျောင်း ၇ ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)
၃ ကျောင်း၊ အခြေခံပညာမူလတန်း လွန် ကျောင်း ၇ ကျောင်း၊ အခြေခံပညာမူလတန်း ကျောင်း ၃ ကျောင်း
စုစုပေါင်း ကျောင်းပေါင်း ၂၃ ကျောင်းကို အဆင့် တိုးမြှင့် ပေးရန်လျာထား စိစစ်ဆောင်ရွက်ပြီး
ဖြစ်ပါကြောင်း၊ တမူးမြို့စန္ဒကူးအမှတ် (၂) ရပ်ကွက် အခြေခံပညာ အထက်တန်း ကျောင်း (ခွဲ)
၌ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် စုစုပေါင်း အထက်တန်းအဆင့်သင် ကျောင်းသား၊ ကျောင်းသူ ၁၅၆
ဦးသာရှိပါကြောင်း၊ ပင်မကျောင်းဖြစ်သည့် တမူးမြို့ အခြေခံပညာ အထက်တန်းကျောင်းနှင့်
၁ မိုင်ခန့်သာ ကွာဝေးနေ သည်ကိုစိစစ် တွေ့ရှိရပါကြောင်း၊ ယင်းကျောင်းတွင် ပညာသင်ကြားနေ
သည့် ကျောင်းသား ကျောင်းသူများအားလုံး အခြေခံပညာအထက်တန်းကျောင်းခွဲ အဖြစ် အထက်တန်းအဆင့်
ပညာရပ်များကို သင်ယူခွင့်ရရှိနေပါကြောင်းနှင့် လာမည့် နှစ်တွင် တိုးမြှင့်ဆောင်ရွက်ပေးမည့်
၂၃ ကျောင်းလျာထားချက်တွင် ဦးစားပေး အစီအစဉ်အဖြစ် ဆောင်ရွက်နိုင်ခြင်း မရှိပါကြောင်း
ရှင်းလင်းဖြေကြားသည်။
ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ
ဦးမျိုးထပ်(ခ)ဆလိုင်းမျိုးထိုက်၏ ချင်း ပြည်နယ် ပလက်ဝမြို့ ရိက္ခာတိုးချဲ့(မြို့သစ်) အခြေခံအလယ်တန်းကျောင်းကို
အခြေခံ ပညာအထက်တန်းကျောင်း(ခွဲ)အဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်း
နှင့် စပ်လျဉ်း၍ ဒုတိယ၀န်ကြီးက ချင်းပြည်နယ် ပလက်ဝမြို့ ရိက္ခာတိုးချဲ့ရပ်ကွက်ရှိ ကျောင်းအမည်မှန်ဖြစ်သော
မြို့သစ် အခြေခံပညာအလယ်တန်းကျောင်း၌ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် စုစုပေါင်း အထက်တန်းအဆင့်သင်
ကျောင်းသား၊ ကျောင်းသူ ၁၃၅ ဦးရှိသည်ကို တွေ့ရှိရပါကြောင်း၊ သတ်မှတ်ချက်ရှိသော်လည်း
ပင်မကျောင်းနှင့် ၂ မိုင် ကျော်ကွာဝေးပြီး သွားရေးလာရေး ခက်ခဲသည်ကိုလည်း တွေ့ရှိရပါကြောင်း၊
၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် အခြေခံ ပညာကျောင်း(ခွဲ)အဖြစ် အဆင့်တိုးမြှင့်ပေးနိုင်ရေး
ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဥပဒေကြမ်းကော်မတီ
အတွင်းရေးမှူး ဒေါက်တာမြတ်ဥာဏ စိုးတင်သွင်းသည့် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ
စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း နှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက
ဆွေးနွေးကြသည်။
ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ
ဦးခင်မောင်လတ်က ပုဒ်မ (၁၈) တွင် မည်သူမဆို နိုင်ငံတော်လုံခြံရေး၊ တရားဥပဒေ စိုးမိုးရေး၊
ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးတို့ကို ပျက်ပြားစေရန်
အကြံဖြင့် ဖြစ်စေ ဆိုသည့် စကားရပ်များသည် ပုဒ်မ (၄) တွင်လည်း ဖော်ပြပြီးဖြစ်သည့်အတွက်
၂ ကြိမ်ထပ်နေပါကြောင်း၊ ယင်းအချက် များကို ချိုးဖောက်လျှင် အရေးယူရန် ရာဇသတ်ကြီးတွင်
ပုဒ်မများရှိပြီးဖြစ်သောကြောင့် ထည့်သွင်းရန် မလိုအပ်ဟု ယူဆ ပါကြောင်း၊ ထို့နောက် သူတစ် ဦးဦးအား ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့်
ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းပြုအောင် လှုံ့ဆော် ခြင်း၊ သွေးဆောင်ခြင်း၊ ဖြားယောင်းခြင်း
(သို့မဟုတ်) တိုက်တွန်းခြင်းကို ပြုကြောင်းဆိုသည့် စကားရပ်နှင့် ပြုသူကို ထောင်ဒဏ်၊
ငွေဒဏ်ချမှတ်နိုင်သည်ဆိုသည့် စကားများသည် ၀ိရောဓိဖြစ်ပြီး ယုတ္တိမကိုက်ဖြစ်နေသောကြောင့်
ပယ်ဖျက် သင့်ပါကြောင်း၊ ငြိမ်းချမ်းစွာ ဟုပါသော်လည်း
ငြိမ်းချမ်းစွာလုပ်သည့်သူကို ပြစ်ဒဏ်ပေးသကဲ့သို့ ဖြစ်နေပါကြောင်း။
ပုဒ်မ(၁၈)သည့် ပုဒ်မ
(၄)ကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၃၅၄) ပါ ပြည်သူ့အခွင့် အရေးကို ပိတ်ပင်ထားပြီး
The Universal Declaration of Human Rights Article 19 တွင်ပါရှိသည့် Freedom of
Experssion တွင် အနှောင့်အယှက်မရှိဘဲ မိမိ၏အမြင်ကို
တင်ပြခွင့်နှင့် ဆက်သွယ်လုပ်ဆောင်ခွင့်များကို ဟန့်တားနေသည့်အတွက် ဖြုတ်သင့် ပါကြောင်း
ထည့်သွင်း ဆွေးနွေးသည်။
တနင်္သာရီတိုင်းဒေသကြီး
မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးစိုးသိန်း(ခ)ဦးမောင်စိုးက ပုဒ်မ ၁၈ တွင် ပျက်ပြားစေရန် အကြံဖြင့်
ဖြစ်စေ၊ ထိုသို့ ပျက်ပြားတန်ရာသော အခြေအနေဖြစ်နိုင်ကြောင်းသိလျက်နှင့်ဖြစ်စေအစား ပျက်ပြားတန်ရာ
သည်ကို သိလျက်နှင့် ဖြစ်စေဟုလည်းကောင်း၊ ငွေဆိုသည့်နေရာတွင်လည်း ငွေကြေးဟုလည်းကောင်း
ပြင်ဆင်လိုပါကြောင်း၊ ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်အစား နှစ်နှစ်အထိ ထောင်ဒဏ်
တစ်မျိုးမျိုးဟု ပြင်ဆင်လိုပါကြောင်း၊ ပုဒ်မ ၄ တွင်
မိမိသဘောဆန္ဒကို ဆိုသည့်အစား မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များ ကို လွတ်လပ်စွာ
ထုတ်ဖော်ပြောဆို ဟု လည်းကောင်း၊ ပုဒ်မ(၄)(ဃ)တွင်
ကုန်ကျ စရိတ်ဆိုသည့်အစား ယင်းစရိတ်ကို ဟုလည်းကောင်း ပြင်ဆင်လိုပါ ကြောင်း၊ ပုဒ်မ ၂၂
ကို ပျယ်ဖျက်လိုပါကြောင်း ထည့်သွင်းဆွေးနွေးသည်။
ဆက်လက်၍ ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၀)မှ နော်လှလှစိုး၊
ရခိုင်ပြည် နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော်ကျော်ဝင်း နှင့် ရန်ကုန်တိုင်း ဒေသကြီး
မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဌေးဦးတို့က ဆွေးနွေးကြသည်။
ယင်းနောက် အဂတိလိုက်စားမှု
တိုက်ဖျက်ရေးကော်မရှင် အတွင်းရေးမှူး ဦးစန်းဝင်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို
စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေ ကြမ်းအား အဆိုတင်သွင်းသည်။
ထို့နောက် ယင်းဥပဒေကြမ်းနှင့်
စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏အစီရင်ခံစာ ကို ဥပဒေကြမ်းကော်မတီဝင် ဦးသန်းလွင်က ဖတ်ကြားတင်ပြသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ
မန်းဝင်းခိုင်သန်းက ယင်းဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စား လှယ်များရှိပါက
အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော်
သတ္တမပုံမှန်အစည်းအဝေး ၂၅ ရက် မြောက်နေ့ကို မတ် ၇ ရက်တွင် ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း
သိရသည်။
အေးအေးသန့်(သတင်းစဉ်)

No comments:
Post a Comment