နေပြည်တော် ဖေဖော်ဝါရီ ၂၃
မန္တလေးတိုင်းဒေသကြီးနှင့်
ကချင်ပြည်နယ်အတွင်းရှိ အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs)
၏ ပထမအကြိမ် ဒေသတွင်းထုတ်ကုန်ပစ္စည်း ပြပွဲနှင့်ပြိုင်ပွဲ(၂၀၁၈) ဖွင့်ပွဲအခမ်းအနားကို
ယနေ့နံနက် ၉ နာရီ တွင် မန္တလေးမြို့ မန္တလာသီရိ အားကစားကွင်း၌ကျင်းပရာ အသေးစားနှင့် အလတ်စားစီးပွားရေး
လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်ဖွင့်လှစ်ပေးသည်။
ဖွင့်ပွဲအခမ်းအနားသို့
အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ
ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး
ဒေါက်တာသန်းမြင့်၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်
ဒေါက်တာအောင်မိုးညို၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ တိုင်းဒေသကြီးနှင့်
ပြည်နယ်ဝန်ကြီးများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ
ဦးဇော်မင်းဝင်း၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အသိပညာရှင်၊
အတတ်ပညာရှင်များ၊ အငယ်စား၊ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းရှင် များနှင့် တာဝန်ရှိသူများ
တက်ရောက်ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင်
အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ
ဒုတိယသမ္မတ ဦးမြင့်ဆွေက အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး
လုပ်ငန်းကော်မတီ ဒုတိယအကြိမ် အစည်းအဝေးကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်တွင် နေပြည်တော်၌
ကျင်းပခဲ့ပါကြောင်း၊ ယင်း အစည်းအဝေးတွင် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များမှ
ဝန်ကြီးချုပ်များအပါအ၀င် Stakeholder အားလုံးနှင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ
ဖွံ့ဖြိုးရေးအတွက် အချိန်ယူ ဆွေးနွေးညှိနှိုင်း ခဲ့ပါကြောင်း၊ တစ်နိုင်ငံလုံးတွင် အသေးစားနှင့်အလတ်စား
စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသွန် ခွန်စိုက်ဆောင်ရွက်ရန် ၀ိုင်းဝန်းဆွေးနွေးခဲ့ပါကြောင်း၊
မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအပေါ်
များစွာအခြေခံနေပါကြောင်း၊ တစ်နိုင်ငံလုံး၏ စီးပွားရေးလုပ်ငန်း ၉၉ ရာခိုင်နှုန်း သည်
အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းကဏ္ဍများ ဖြစ်ပါကြောင်း၊ ထို့ကြောင့် SME များကို
လက်တွေ့ကျကျ ကူညီထောက်ပံ့နိုင်ရန်အတွက် လုပ်ငန်းကော်မတီအနေဖြင့် SME ဥပဒေပါ အသေးစားနှင့်အလတ်စား
စီးပွားရေး လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း သုံးသပ်မှုအစီရင်ခံရေးအဖွဲ့၊ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုး
တက်ရေးအေဂျင်စီနှင့် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး
ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်းတွင် အသေးစားနှင့် အလတ်စား
စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ၏ ခွင့်ပြုချက်ဖြင့် ဥပဒေနှင့်အညီ
ဖွဲ့စည်းခဲ့ပါကြောင်း၊ ယင်းအဖွဲ့ ၃ ဖွဲ့သည် အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများကို
ကူညီဆောင်ရွက်ပေးမည့် အဖွဲ့များဖြစ်ပါကြောင်း။
ယနေ့ကျင်းပသည့်
MSMEs Product ထုတ်ကုန်ပစ္စည်းပြပွဲပြိုင်ပွဲသည် MSMEs များ ပံ့ပိုးရေးကိုဆောင်ရွက်မည့်
အစီအစဉ် ထဲမှ တစ်ခုဖြစ်ပါကြောင်း၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး
လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် MSMEs ထုတ်ကုန်ပစ္စည်းများ
ဒေသတွင်းပြပွဲနှင့် Regional Award ပြိုင်ပွဲများကို အလှည့်ကျကျင်းပသွားရန် စီစဉ်ထားပါကြောင်း၊
နောက်ဆုံးအဆင့်တွင် တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် နေပြည်တော်တွင် MSMEs
Products National အဆင့် MSMEs ထုတ်ကုန်ပစ္စည်းပြပွဲပြိုင်ပွဲကို ကျင်းပပြုလုပ်ပြီး National Award ဆုများကို ချီးမြှင့်ပေးသွားမည်ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံတွင်ရှိသည့်
အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်များ အရည်အသွေးမြှင့်တင်နိုင်ရန်၊
ဈေးကွက်ချဲ့ထွင်ရေးနှင့် ရေရှည်ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားလာရန်အတွက် ယခုကဲ့သို့ပြပွဲ၊
ပြိုင်ပွဲများကိုကျင်းပခြင်း ဖြစ်ပါ ကြောင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်အတွင်းရှိ
အငယ်စား၊ အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်း များ၏ ထုတ်ကုန်ပစ္စည်းများ ပြပွဲ၊
ပြိုင်ပွဲသည် ပထမဆုံးကျင်းပပြုလုပ်သည့်ပွဲ ဖြစ်ပါကြောင်း။
ထိုသို့ကျင်းပပေးခြင်းဖြင့်
ပြည်တွင်းစားသုံးသူများအနေဖြင့် SME များ၏ ထုတ်ကုန် အရည်အသွေးများကို အကဲဖြတ် လေ့လာနိုင်ခြင်း၊
SME များ၏ စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်မှုများကို SME အချင်းချင်း သိရှိစေနိုင်ခြင်း၊
ကောင်းမွန် သည့်အချက်အလက် နှင့်ဆန်းသစ်တီထွင်စိတ်ကူးကောင်းများ ဖော်ထုတ်လေ့လာနိုင်ခြင်း၊
မိမိထုတ်လုပ်မှု လုပ်ငန်းစဉ် (Supply Chain) တစ်လျှောက် ဆက်စပ်ပတ်သက်နေသည့် အခြား
SME များနှင့် ပေါင်းစပ်လုပ်ကိုင်လာနိုင်ခြင်း၊ ဒေသအချင်းချင်း ပေါင်းစည်းလုပ်ကိုင်လာနိုင်ခြင်း၊
ပေါင်းစည်းဆောင်ရွက်မှုများမှတစ်ဆင့် နိုင်ငံတကာအဆင့်သို့ တက်လှမ်းနိုင်ခြင်း စသည့်အကျိုး
ကျေးဇူးများ ရရှိလာကြမည်ဖြစ်ပါကြောင်း။
ဒေသအလိုက် ပြိုင်ပွဲများတွင်
Micro ၊ Small နှင့် Medium စသည်ဖြင့် လုပ်ငန်းအရွယ်အစားအလိုက် ပထမ၊ ဒုတိယ၊ တတိယအဆင့်သတ်မှတ်ပြီး
ဆုများချီးမြှင့်သွားမည် ဖြစ်ပါကြောင်း၊ ယနေ့ကျင်းပသည့်ပွဲသည် ပြည်တွင်းလုပ်ငန်းရှင်များကို
အားပေးသည့် ပြပွဲ၊ ပြိုင်ပွဲဖြစ်ပြီး သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အဆင့် အကဲဖြတ်ဒိုင်အဖွဲ့က
အမှတ်ပေးဆုံးဖြတ် ရွေးချယ်မည်ဖြစ်ပါကြောင်း၊ ဆုရရှိသူများကို ပြိုင်ပွဲ၏ နောက်ဆုံး
ပိတ်ပွဲအခမ်းအနားတွင် နိုင်ငံတော်ကအသိအမှတ်ပြု သည့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့်
Regional Award အဖြစ်သတ်မှတ်ကာ ချီးမြှင့်သွားမည်ဖြစ်ပြီး ပြန်ကြား ရေးဝန်ကြီးဌာနက
တစ်နိုင်ငံလုံးကို ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပါကြောင်း၊
ပြိုင်ပွဲတွင် ဆုအတွက် သတ်မှတ်မည့် အချက်များကိုလည်း နိုင်ငံတကာ အတွေ့အကြုံရှိသည့်
ဂျပန်နိုင်ငံမှ ပညာရှင်များ၏ အတွေ့အကြုံများ၊ အကြံပြုချက်များ နှင့် ပေါင်းစပ်သတ်မှတ်
ထားခြင်းဖြစ်ပါကြောင်း။
ယခုပြပွဲပြိုင်ပွဲ
ကျင်းပနေချိန်အတွင်းတွင်လည်း MSMEs များအတွက် နည်းပညာ လွှဲပြောင်းပေးမည့်အစီအစဉ်များ၊
စကားဝိုင်းဆွေးနွေးပွဲများ ထည့်သွင်းပြုလုပ်သွားရန် စီစဉ်ထားရှိပါကြောင်း၊ အသေးစားနှင့်အလတ်စားလုပ်ငန်းများ
ဖွံ့ဖြိုး တိုးတက်ရေးအတွက် ငွေကြေးအရင်းအနှီး ရရှိရေးသည်လည်း လိုအပ်ချက်တစ်ခုဖြစ်သည့်အတွက်
ဘဏ္ဍာရေး ဆိုင်ရာ အဖွဲ့အစည်းများကို ဖိတ်ကြားပြီး အသေးစားနှင့်အလတ်စား လုပ်ငန်းများအတွက်
MSMEs လုပ်ငန်းများ ချေးငွေရရှိနိုင်ရေး ဆိုင်ရာ ဟောပြောဆွေးနွေးပွဲကိုလည်း ထည့်သွင်း
ကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်း။
MSMEs လုပ်ငန်းများအနေဖြင့်
နည်းပညာရှိမှသာ အရည်အသွေးမီ ပြည်ပပို့ကုန်များ၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်
နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် MSMEs လုပ်ငန်းများ နည်းပညာရရှိရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်
ရှိပါကြောင်း၊ နည်းပညာကိုအသုံးပြုပြီး အရည်အသွေးမီ လယ်ယာထုတ်ကုန်များနှင့် စားသောက်ကုန်များ
တန်ဖိုးမြှင့် ထုတ်လုပ်မှု (Value Added) လုပ်ငန်းများ၊ နည်းပညာအခြေခံ ထုတ်လုပ်မှုနှင့်
နိုင်ငံတကာအဆင့်မီထုပ်ပိုးမှုပုံစံ (Packing Design) များ ကောင်းမွန်စေရန် အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊
ထို့ပြင် စွန့်ဦးတီထွင်လုပ်ငန်းများ၊ လူ့စွမ်းအား အရင်းအမြစ် မြှင့်တင်မှုများ၊ ဆန်းသစ်သည့်အတွေးအခေါ်နှင့်
ဖန်တီးမှုများ၊ လှပသေသပ်သည့်ပုံစံများနှင့် ဈေးကွက်သစ် ဖော်ထုတ်နိုင်ရန်အတွက်လည်း ဆက်လက်တိုးမြှင့်အားပေး
ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
လုပ်ငန်းရှင်များအနေဖြင့်
မိမိတို့၏ထုတ်လုပ်မှုအဆင့်အတန်းနှင့် ထုတ်ကုန်ပစ္စည်းများ၏ ရိုးရာအစဉ်အလာကို ထိန်းသိမ်း
ပြီး သာမန်ဒီဇိုင်း၊ သာမန်အတွေးအမြင်၊ သာမန် အရည်အသွေးများနှင့် ထုတ်လုပ်နေရုံဖြင့်
ကျေနပ်နေ၍ မဖြစ်ပါကြောင်း၊ ကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် သုံးစွဲသူများ ဝယ်ချင်လာအောင်
ဆွဲဆောင်နိုင်ပြီး အကျိုးရှိအသုံးတည့်သည့် ပစ္စည်းများ ဖြစ်အောင် ပြောင်းလဲထုတ်လုပ်နိုင်ရန်
ကြိုးစားရမည်ဖြစ်ပါကြောင်း။
SME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက်
ပြည်ထောင်စုအစိုးရက ချမှတ်ထားသည့် မူဝါဒများနှင့်အညီ ပြည်တွင်း ဈေးကွက် ချဲ့ထွင်နိုင်ခြင်းမှတစ်ဆင့်
ပို့ကုန်ဦးစားပေး ထုတ်ကုန်များ ထုတ်လုပ်လာနိုင်ရေးအတွက် ရည်မှန်းချက်ထားရှိပြီး ဆောင်ရွက်ရမည်
ဖြစ်ပါကြောင်း၊ ထို့ပြင် မိမိတို့လုပ်ငန်းကို စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန်အတွက်
လက်ဆင့်ကမ်း ဆောင်ရွက်နိုင်စေရေးကိုလည်း စီစဉ်ဆောင်ရွက်သွားရန် တိုက်တွန်းပါ ကြောင်း
ပြောကြားသည်။
ယင်းနောက် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဝင် မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က
မန္တလေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်အတွင်းရှိ အငယ်စား၊ အသေးစား နှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ(MSMEs)၏
ပထမအကြိမ် ဒေသတွင်းထုတ်ကုန် ပစ္စည်းပြပွဲနှင့်
ပြိုင်ပွဲနှင့်စပ်လျဉ်းပြီး ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့်
ဦးခင်မောင်ချို၊ ဒေါက်တာသန်းမြင့်နှင့် ဦးကျော်ဝင်းတို့က အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ(MSMEs)၏
ပထမအကြိမ် ဒေသတွင်းထုတ်ကုန်ပစ္စည်းပြပွဲနှင့်ပြိုင်ပွဲ ကျင်းပနိုင်ရေးအတွက် ကုမ္ပဏီများက
လှူဒါန်းသည့်အလှူငွေများကို လက်ခံကြပြီး အလှူရှင်များထံ ဂုဏ်ပြုမှတ်တမ်းလွှာ များ ပြန်လည်ပေးအပ်သည်။
ထို့နောက် ဒုတိယသမ္မတ
ဦးမြင့်ဆွေ၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ ဒေါက်တာသန်းမြင့်၊ ဦးကျော်ဝင်းနှင့်
မကွေး တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်
ဒေါက်တာဇော်မြင့်မောင်နှင့် ကချင် ပြည်နယ် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စက်မှုဝန်ကြီး
ဦးဝင်းညွန့်တို့က အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs)၏
ပထမအကြိမ် ဒေသတွင်းထုတ်ကုန်ပစ္စည်းပြပွဲနှင့်
ပြိုင်ပွဲမုခ်ဦးအား ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးကြသည်။
ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့သည်
မန္တလေးမြို့ မန္တလာသီရိအားကစားကွင်းအတွင်း ခင်းကျင်းပြသထားသည့် အငယ်စား၊ အသေးစားနှင့်
အလတ်စားစီးပွားရေး လုပ်ငန်းများ၏ ဒေသတွင်းထုတ်ကုန်ပစ္စည်းပြခန်းများအား လှည့်လည် ကြည့်ရှုအားပေးကြသည်။
အငယ်စား၊ အသေးစားနှင့်
အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) ၏ ပထမအကြိမ် ဒေသတွင်းထုတ်ကုန် ပစ္စည်း ပြပွဲနှင့်
ပြိုင်ပွဲကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် စက်မှုဝန်ကြီးဌာနတို့
ပူးပေါင်း၍ ၃ ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါထုတ်ကုန်ပစ္စည်းပြပွဲပြိုင်ပွဲတွင်
မန္တလေးတိုင်းဒေသကြီးနှင့် ကချင်ပြည် နယ်အတွင်းရှိ အငယ်စား၊ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ၏
ဒေသထုတ်ကုန်ပစ္စည်းများ အပါအ၀င် အဆိုပါဒေသများမှ လုပ်ငန်းရှင်များ၏ ဒေသထွက်ရိုးရာ အစားအစာနှင့်
ဖျော်ရည်အမျိုးမျိုး၊ အလှကုန်နှင့် လူသုံးကုန်ပစ္စည်း များ၊ စက်မှု၊ လက်မှုပစ္စည်းများ၊
လျှပ်စစ်နှင့် အိုင်တီနည်းပညာသုံးပစ္စည်းများကို ခင်းကျင်းပြသ ရောင်းချပေးလျက်ရှိသည်။
မွန်းလွဲပိုင်းတွင်
ဒုတိယသမ္မတ ဦးမြင့်ဆွေသည် တာဝန်ရှိသူများနှင့်အတူ ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်ရှိ
မြို့ကြီး ရေလှောင်တမံသို့ ရောက်ရှိကြပြီး ရေလှောင်တမံရှု ရပ်မှနေ၍ တမံအတွင်း ရေ၀င်ရောက်မှု၊
ရေသိုလှောင်မှုနှင့် တမံကြံ့ ခိုင်ရေး စီစဉ်ဆောင်ရွက်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့အား
စီမံကိန်းရှင်းလင်းဆောင်၌ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
ဦးကျော်မြင့်လှိုင်က မြို့ကြီးဘက်စုံရေလှောင်တမံ စီမံကိန်းတည်ဆောက်ခဲ့မှုအခြေအနေ၊ လက်ရှိ
တည်ဆောက်ပြီး ရေလှောင်တမံများကို အထောက်အကူဖြစ်နိုင်ရန်အတွက် ဆက်လက်ဆောင်ရွက်ရမည့်
လုပ်ငန်းများ၊ စိုက်ပျိုးရေပေးဝေနေမှုနှင့် မိတ္ထီလာလွင်ပြင် စိမ်းလန်းစိုပြည်ရေးအတွက်
ဆောင်ရွက်သွားမည် အစီအမံများကို လည်းကောင်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း အင်ဂျင်နီယာချုပ်
ဒေါက်တာမောင်မောင်ကျော်က လျှပ်စစ် ဓာတ်အားပေးစက်ရုံဆိုင်ရာ အချက်အလက်များ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှု၊
နိုင်ငံတော်ဓာတ်အား စနစ်သို့ ပို့လွှတ်နေမှု အခြေအနေကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များနှင့်စပ်လျဉ်းပြီး
ဒုတိယသမ္မတက ဆည်ကိုအခြေပြု၍ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်အောင်
သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန်မှာကြားသည်။
မြို့ကြီးရေလှောင်တမံ
တည်ဆောက်ပြီးစီးသည့်အတွက် နွေးစပါး၊ ပဲမျိုးစုံနှင့် အခြားသီးနှံ ဧက ၅၅၀၀၀ ကျော် ယခင်
ကထက် ပိုမိုစိုက်ပျိုးနိုင်ကြောင်းနှင့် မိတ္ထီလာ လွင်ပြင် စိမ်းလန်းစိုပြည်ရေး ဧက ၃၃၀၀၀
အတွက် များစွာအထာက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ယင်းနောက် ဒုတိယသမ္မတသည်
ရေယူအဆောက်အအုံအား သွားရောက်ကြည့်ရှုရာ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့် လှိုင် က
လုပ်ငန်းဆောင်ရွက်ထားမှုအခြေအနေကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် မြို့ကြီးရေအားလျှပ်စစ်စက်ရုံသို့ရောက်ရှိပြီး
ရေအားလျှပ်စစ် စက်ရုံအတွင်း စက်များတပ်ဆင်ထားရှိမှု အခြေအနေနှင့် လျှပ်စစ်ဓာတ်အားထုတ်လွှတ်မှု
အခြေအနေတို့ကို လိုက်လံကြည့်ရှုသည်။
(သတင်းစဉ်)

No comments:
Post a Comment