နေပြည်တော် ဖေဖော်ဝါရီ ၂၃
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်
သတ္တမပုံမှန်အစည်းအဝေး (၂၂) ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အုံ
ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ဘဏ်လုပ်ငန်းဆိုင်ရာမေးခွန်း(၁)ခု၊
ရွေးကောက်ပွဲဆိုင်ရာ မေးခွန်း(၁)ခုနှင့် ပညာရေးဆိုင်ရာ မေးခွန်း (၄)ခု မေးမြန်းဖြေကြားခြင်း၊
ကျန်းမာရေးဆိုင်ရာ အဆို ၁ ခုတင်သွင်းခြင်းနှင့် ဥပဒေကြမ်း ၁ ခု လွှတ်တော်သို့ အသိပေး
ခြင်းတို့ကို ဆောင်ရွက်ကြသည်။
သနပ်ပင်မဲဆန္ဒနယ်မှ
ဦးမြင့်ဦး၏ ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးရှိ
စည်ပင်သာယာရေးအဖွဲ့များမှ နှစ်အဆက်ဆက် စုဆောင်းထားရှိသည့် အစုရှယ်ယာနှင့် အရင်းအနှီးများအား
ပြန်လည်တွက်ချက်၍ ထုတ်ပေးရန် အစီအစဉ် ရှိ၊မရှိ နှင့် စည်ပင်သာယာရေးအဖွဲ့ပိုင် ငွေကြေးသည်
ဥပဒေအရ နိုင်ငံတော်ပိုင် ငွေကြေးဖြစ်သည့်အတွက် ပုဂ္ဂလိကဘဏ် သို့မဟုတ် အများနှင့်မသက်ဆိုင်သောဘဏ်အဖြစ်
ပြောင်းလဲဆောင်ရွက်ခြင်းသည် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် ညီ၊ မညီ ပြန်လည်စိစစ်ပေးနိုင်ခြင်း
ရှိ၊မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက
ဘဏ်များကို အစုရှယ်ယာဖြင့် ဖွဲ့စည်းထားရာ အကျိုးအမြတ်ရရှိပါက နှစ်စဉ်အမြတ်ဝေစုကို ထုတ်ပေးပါကြောင်း၊ သို့ရာ တွင် အစုရှယ်ရာထည့်ဝင်ခြင်းသည် ဘဏ်အရင်းအနှီးငွေ
ထည့်ဝင်ထားခြင်းဖြစ်သည့်အတွက် အစုရှယ်ယာများကို ပြန်အမ်းရန် တောင်းဆိုနိုင်သည့် အခွင့်အရေးမရှိပါကြောင်း၊
ကုမ္ပဏီကို စာရင်းရှင်းလင်းဖျက်သိမ်း ခြင်းပြုလုပ်သည့် အခါမှ သာပေးရန်၊ ရရန်များကို
စာရင်းရှင်းလင်းပြီး ပိုငွေကို အစုရှယ်ယာအချိုးအစားအလိုက် ပြန်လည်ခွဲဝေပေးမည် ဖြစ်ပါကြောင်း၊
သို့ဖြစ်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စည်ပင်သာယာရေးအဖွဲ့များမှ နှစ်အဆက်ဆက်စုဆောင်းထား ရှိသည့် အစုရှယ်ယာနှင့်
အရင်းအနှီးများအား ပြန်လည်တွက်ချက်၍ ထုတ်ပေးရန် ဥပဒေလုပ်ထုံးလုပ်နည်းဆိုင်ရာအရ ဖြစ်နိုင်ဖွယ်မရှိပါကြောင်း။
စည်ပင်သာယာရေးအဖွဲ့ပိုင်
ငွေကြေးသည် ဥပဒေအရ နိုင်ငံပိုင်ငွေကြေးဖြစ်သည့်အတွက် အစုရှယ်ယာဝင် နိုင်ငံတော် အဖွဲ့အစည်းသည် နိုင်ငံတော်ကချမှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်း၊
လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ဝေါမဲဆန္ဒနယ်မှ ဦးတင်ထွေး၏
လွှတ်တော်သို့ ပြည်သူ့ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ရာတွင်
ဥပဒေပြဋ္ဌာန်း ချက်ပါ မဲဆန္ဒပေးခွင့်ရှိသူတိုင်း မဲစာရင်း၌ ပါရြှိ့ပီး မဲစာရင်းကောက်ယူခြင်းများကို
မည်သို့ စီစဉ်ဆောင်ရွက်ထားသည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲ
ကော်မရှင်အဖွဲ့ဝင် ဦးစိုးရယ်က မဲဆန္ဒရှင်စာရင်း ကောက်ယူရာ၌ ပြည်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်းရရှိရေးအတွက်
နိုင်ငံတော်၏ ဘဏ္ဍာရေးခွင့်ပြုချက်နှင့်အညီ ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်
လျာထားစီမံ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ လျာထားစီမံဆောင်ရွက်ချက်အရ တိုင်းဒေသကြီး၊
ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်များရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၏ ကြီးကြပ်မှုဖြင့်
ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများတွင်ရှိသည့် လူဦးရေစာရင်းကို
အခြေခံ၍ ပြုစုသွားမည် ဖြစ်ပါကြောင်း၊ မဲဆန္ဒရှင်များ ပြည့်စုံမှန်ကန်မှုရှိစေရန် သေဆုံးသွားသူများနှင့်
ပြောင်းရွှေ့ရောက်ရှိလာသူများအတွက် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် ပူးပေါင်းဆောင်ရွက်၍ မဲဆန္ဒရှင်စာရင်းများကို ကောက်ယူသွားမည်ဖြစ်ကြောင်း
ပြန်လည် ရှင်းလင်းဖြေကြားသည်။
လွိုင်လင်မဲဆန္ဒနယ်မှ
ဦးခင်မောင်သီ၏ လွိုင်လင်မြို့နယ် မိုင်းပွန်အခြေခံ
ပညာအထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန် မိုင်းပွန်စာစစ်ဌာနတစ်ခု ဖွင့်လှစ်ခွင့်ပြုပါရန်
အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာမျိုးသိမ်းကြီးက ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့နယ် မိုင်းပွန် အခြေခံပညာ
အထက်တန်းကျောင်းတွင် ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲသို့ ကျောင်းသား၊ ကျောင်းသူ ၁၃၃
ဦး ၀င်ရောက်ဖြေဆိုမည်ဖြစ်ပြီး မိုင်းပွန်အခြေခံပညာ အထက်တန်းကျောင်းအား ၂၀၁၈ခုနှစ်
တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနအသစ်အဖြစ် ဖွင့်လှစ်ခွင့်ပြုထားပြီးဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်းဖြေကြားသည်။
လှိုင်းဘွဲ့မဲဆန္ဒနယ်မှ
ဦးခင်ချို၏ စာသင်ကျောင်းဟောင်းများအား ကျောင်းသူ၊
ကျောင်းသားအင်အား၊ စာသင်ခုံများ၊ ပရိဘောဂများ ဟောင်းနွမ်းပျက်စီးမှု အနေအထား အပေါ်မူတည်၍
ကျောင်းသုံးပရိဘောဂများနှင့် သင်ထောက်ကူပစ္စည်းများ စိစစ်ခွင့်ပြုချက် ချထားပေးရန် အစီအစဉ်ရှိ၊မရှိ
မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာန
အခြေခံပညာဦးစီးဌာနအနေဖြင့် အခြေခံပညာကျောင်းများသို့ စာသင်ခုံပရိဘောဂများ ခွဲဝေပေးရာ
တွင် ဘဏ္ဍာရေးနှစ်၏ တိုးချဲ့ကျောင်းဆောင်သစ် ဆောက်လုပ်မည့် ကျောင်းများကို ဦးစားပေးခွဲဝေဆောင်ရွက်
ပေးလျက် ရှိပါကြောင်း၊ ထို့ပြင် အခြေခံပညာကျောင်းများတွင် လက်ရှိစာသင်ခုံ ပရိဘောဂများ
ပျက်စီးနေပါက ပရိဘောဂပြင်ဆင် စရိတ်များအဖြစ် ရန်ပုံငွေခွဲဝေပေးပြီး ပျက်စီးမှုများကိုလည်း
ပြင်ဆင်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားသည်။
အလားတူ ငါန်းဇွန်းမဲဆန္ဒနယ်မှ
ဦးမင်းသိန်း၏ ငါန်းဇွန်းမြို့နယ်၊ အခြေခံပညာ
အထက်တန်းကျောင်း မြို့သာတွင် ၂၀၁၇-၂၀၁၈ပညာသင်နှစ်၌ ကျောင်းဆောင် တစ်ဆောင်ဆောက်လုပ်ပေးခဲ့သော်လည်း
ကျောင်းသားအင်အားအရ ထပ်မံလိုအပ် လျက်ရှိသော ကျောင်းဆောင်နှင့် သိပ္ပံခန်း၊ စာကြည့်တိုက်တို့ပါ
ချမှတ်ပေးနိုင်ခြင်း ရှိ၊မရှိ မေးခွန်းနှင့် တောင်တွင်းကြီး မဲဆန္ဒနယ်မှ ဦးမင်းသိန်း၏
အစိုးရသစ်လက်ထက်အတွင်း မြေလတ်ပိုင်းဒေသတွင်
ပညာရေးတက္ကသိုလ်တစ်ခု ဖွင့်လှစ်ပေး ရန် အစီအစဉ်ရှိ၊ မရှိမေးခွန်းနှင့် စပ်လျဉ်း၍
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
ထို့ပြင် ရွှေဘိုမဲဆန္ဒနယ်မှ
ဒေါက်တာဒေါ်အေဇင်လတ်က ကျန်းမာသန်စွမ်းသော အနာဂတ်လူငယ်များဖြစ်ထွန်း
ပေါ်ပေါက် လာစေရေးအတွက် ကျောင်းကျန်းမာရေး လုပ်ငန်းများကို နိုင်ငံတော်အဆင့်မူဝါဒချမှတ်ကာ
သင့်လျော်သောဘဏ္ဍာငွေကို နှစ်စဉ် ထည့်သွင်းသတ်မှတ်ပြီး နိုင်ငံတော်နှင့်ဆီလျော်ကိုက်ညီသော
နည်းလမ်းကောင်းများကို အသုံးပြုလျက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့်အတူ ဆက်စပ်နှီးနွယ်သည့်
ဝန်ကြီးဌာနများပေါင်းစ့ပ်ညှိနှိုင်း၍ ရေရှည်စီမံချက် တစ်ရပ် ရေးဆွဲဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရအားတိုက်တွန်းကြောင်း
အဆိုကိုတင်သွင်းရာ လွှတ်တော်က လက်ခံဆွေးနွေးရန်သဘောတူကြောင်း ဆုံးဖြတ်သည်။
ယခုအဆိုသည် တစ်နိုင်ငံလုံးရှိ
ကျောင်းသား၊ ကျောင်းသူများအား ကိုယ်စားပြုခြင်း၊ မိမိတို့ပေးလိုသည့် ကျန်းမာရေးဆိုင်ရာ
အသိပညာပေးမှုများ၊ အခြားသော အသိပညာပေးလိုသည့် အကြောင်းအရာများကို ၎င်းတို့၏ မိသားစုများထံ
သယ်ဆောင် ပေးသွားနိုင်ပြီး တစ်နိုင်ငံလုံးနှင့်သက်ဆိုင်သည့် အဆိုဖြစ်ခြင်း၊ နိုင်ငံတော်မှ
ရှေ့ဆက်အကောင်အထည်ဖော်မည့် အမျိုးသားကျန်းမာရေးစီမံကိန်းကို တစ်စိတ်တစ်ဒေသ အထောက်အကူပြုနိုင်ခြင်းတို့ကြောင့်
အဆိုကိုတင်သွင်းရခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုနှင့်စပ်လျဉ်း၍
ဆွေးနွေးလိုသူရှိပါက အမည်စာရင်းတင်းသွင်းနိုင်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။
ထို့နောက် အမျိုးသားလွှတ်တော်က
ပြင်ဆင်ချက်ဖြင့် ပေးပို့လာသည့် “ ရှေးဦး
အရွယ် ကလေးသူငယ် ပြုစုပျိုးထောင် ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့်
ဥပဒေကြမ်း” ကိုလက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးပြီး ပြင်ဆင် ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ
အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
မျိုးမြင့် (သတင်းစဉ်)

No comments:
Post a Comment