Tuesday, February 6, 2018

ဒုတိယသမ္မတ ဦးမြင့်ဆွေအာဆီယံအစိမ်းရောင် စီးပွားရေးဗဟိုဌာန အကောင်အထည်ဖော်မှု ဆိုင်ရာ ကနဦး အစည်းအဝေး (Inception and Implementation Meeting on ASEAN Institute for Green Economy (AIGE) ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား


နေပြည်တော် ဖေဖော်ဝါရီ ၆
အာဆီယံအစိမ်းရောင်စီးပွားရေးဗဟိုဌာန အကောင်အထည်ဖော်မှုဆိုင်ရာ ကနဦး အစည်းအဝေး  (Inception and Implementation Meeting on ASEAN Institute for Green Economy  AIGE ) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန -၂ ( MICC-2 ) ၌ ကျင်းပရာ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကား ပြောကြားသည်။

ဖွင့်ပွဲအခမ်းအနားတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေက လူဦးရေသန်းပေါင်း(၆၃၀)ကျော် ရှိသည့် အာဆီယံဒေသသည် ကမ္ဘာ့အကြီးမားဆုံး စီးပွားရေးဈေးကွက်တစ်ခုဖြစ်ပြီး ကမ္ဘာ့ကုန်သွယ်မှုကဏ္ဍတွင် အဓိကမဏ္ဍိုင်တစ်ရပ်အနေဖြင့် ရပ်တည်လျက်ရှိပါကြောင်း၊ ကမ္ဘာ့ကုန်သွယ်မှုမှာ အဓိကအချက်အချာကျသည့် ဒေသအဖြစ် တည်ရှိလာမည်ဟုလည်း မျှော်လင့်ထားပါကြောင်း၊ ထို့အတွက် စီးပွားရေးဖြစ်ထွန်းမှု အကျိုးဆက်အနေဖြင့် သဘာဝ သယံဇာတအရင်း အမြစ်များအပေါ် လိုလားမှုများ မြင့်တက်လာနိုင်ပါကြောင်း။
အာဆီယံဒေသအတွင်းမှာရှိသည့် ပြည်သူအများစု၏ အသက်မွေးဝမ်းကြောင်းသည် သဘာဝသယံဇာတ အရင်း အမြစ်များအပေါ်တွင် မှီခိုနေရဆဲဖြစ်သည့်အတွက် သဘာဝအရင်း အမြစ်များကို ရေရှည်တည်တံ့သည့် နည်းလမ်းဖြင့် စီမံခန့်ခွဲသုံးစွဲသွားရန် အလွန်ကို အရေးကြီးလှပါကြောင်း၊ မိမိတို့ အာဆီယံနိုင်ငံအများစုသည် လူဦးရေတိုးပွားလာမှု၊ ဆင်းရဲ နွမ်းပါးမှုနှင့် ရာသီဥတုပြောင်းလဲမှု၏ ရိုက်ခတ်မှုများကြောင့် သမိုင်းဝင်ယဉ်ကျေးမှုအမွေအနှစ် များ ထိခိုက်ပျက်စီးခြင်း၊ သဘာဝအရင်းအမြစ်များ လျော့နည်းလာခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးလာခြင်း၊ မိုးခေါင်မှုနှင့် သဘာဝဘေးအန္တရာယ်များ ပိုမိုဖြစ်ပေါ်လာခြင်းစသည့် ဆိုးရွား
ပြင်းထန်လှသည့် ပတ်ဝန်းကျင်ဆိုင်ရာစိန်ခေါ်မှုများနှင့်လည်း ရင်ဆိုင်ကြုံတွေ့နေရပါကြောင်း၊ အဆိုပါစိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန်နှင့် ဒေသတွင်း သန့်ရှင်းစိမ်းလန်းသည့် ပတ်ဝန်းကျင် တစ်ရပ် လက်ဝယ်ပိုင်ဆိုင်ရန်အတွက် စုပေါင်းအင်အားနှင့် ၀ိုင်းဝန်းဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံအနေဖြင့်လည်း ပတ်ဝန်းကျင်ဆိုင်ရာ ကြုံတွေ့နေရသည့် အခက်အခဲများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက် ခြင်းဖြင့် အကောင်းဆုံးရင်ဆိုင် ဖြေရှင်းနိုင်မည်ဟု ယုံကြည်ပါကြောင်း။
ပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်မှသာ ရေရှည်တည်တံ့သည့် စီးပွားရေးဖွံ့ဖြိုးမှုကို လက်ဝယ်ပိုင် ဆိုင်နိုင်မည်ဖြစ်သည့်အတွက် မိမိတို့အာဆီယံနိုင်ငံများ အနေဖြင့် ပတ်ဝန်းကျင်ကို ပိုမိုထိန်းသိမ်းစောင့်ရှောက်သွားရန် ကတိကဝတ်ပြုပြီးလည်း ဖြစ်ပါကြောင်း၊ မိမိတို့၏ ဘုံရည်မှန်းချက်အဖြစ် ၂၀၂၀ ခုနှစ်တွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှုကို ဖော်ဆောင်နိုင်မည့် သန့်ရှင်းစိမ်းလန်းသည့် အာဆီယံဖြစ်ပေါ်လာရန်လည်း ရည်မှန်းထားပြီး ဖြစ်ကြောင်း။
သို့ဖြစ်၍ အာဆီယံဒေသ၏ မျှော်မှန်းချက်ဖြစ်သည့် သန့်ရှင်းစိမ်းလန်းသော ပတ်ဝန်းကျင် ကို လက်ဝယ် ပိုင်ဆိုင်နိုင်ရန်ဆိုလျှင် အာဆီယံအစိမ်းရောင် စီးပွားရေးဗဟိုဌာနသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများအကြား သတင်းအချက် အလက်များ၊ အတွေ့အကြုံများကို ဖလှယ်နိုင်ပြီး ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်နိုင်မည့် အခြေခံအုတ်မြစ်တစ်ခု ဖြစ်လာမည်ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုနှင့် အာဆီယံအသိုက်အဝန်းတစ်ရပ်လုံး၏ အရေးပါလှ သည့် အချိန်အခါသမယတွင် အစိမ်းရောင်စီးပွားရေးဗဟိုဌာန၏ စတင်ဆောင်ရွက်နေမှုကို မြင်တွေ့ရသည့်အတွက် မိမိအနေဖြင့် ဂုဏ်ယူပါကြောင်း၊ အာဆီယံဒေသတွင် အစိမ်းရောင် စီးပွားရေးကို ဦးတည်နိုင်မည့် မူဝါဒပိုင်းဆိုင်ရာ အဖြေရှာမှုနှင့် အယူအဆများကို ပံ့ပိုးနိုင်ရန် သုတေသနလုပ်ငန်းများ၊ ဗဟုသုတမျှဝေခြင်းများကို ယခင်ထက် ပိုမိုလုပ်ဆောင်သွားစေလို ပါကြောင်း။
၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် ချမှတ်ခဲ့သည့် အာဆီယံ အစိမ်းရောင်စီးပွားရေး ဗဟိုဌာန၏ လုပ်ငန်းတာဝန်များအရ အစိမ်းရောင်နည်းပညာများဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ရန်နှင့် သုတေသနလုပ်ငန်းများ၊ သင်တန်းများ၊ အသိပညာပေးခြင်းများကို ဗဟိုဌာနက ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း။
အာဆီယံအဖွဲ့ဝင်နိုင်ငံများက ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်ကို ဆက်လက်မြှင့်တင် ဆောင်ရွက် နေစဉ်မှာပင် အာဆီယံအသိုက်အဝန်းအတွင်း အစိမ်းရောင် စီးပွားရေးကို မြှင့်တင်နိုင်မည့်မူဝါဒများ၊ အလေ့အကျင့် ကောင်းများကို တိုးမြှင့်ဆောင်ရွက်ပေး နိုင်သည့် ဗဟိုဌာနဖြစ်လာနိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ အာဆီယံနိုင်ငံများ ကနေ ထောက်ပံ့ ပေးနိုင်သည့်အခွင့်အလမ်းအများအပြားကို လက်ရှိနှင့် အနာဂတ်မျိုးဆက်သစ်များ ဆက်လက် ရရှိသွားနိုင်ရန်၊ မိမိတို့၏ သဘာဝအရင်းအမြစ်ကြွယ်ဝမှုကို ကာကွယ်သွားနိုင်ရန် ဗဟိုဌာန ကနေ အာဆီယံနိုင်ငံ များကို ပံ့ပိုးပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း။
မြန်မာနိုင်ငံ၏လက်ရှိစီးပွားရေးအခြေအနေမှာ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရန်၊ ချမ်းသာ ကြွယ်ဝရန်နှင့် အသက်ရှည် နေထိုင်နိုင်ရေးတို့အတွက် ကောင်းမွန်စွာ လည်ပတ်နေသည့် ဂေဟစနစ်တွေပေါ်မှာ မူတည်နေပါကြောင်း၊ ကောင်းမွန် သည့် ဂေဟစနစ်ရှိမှသာ အစားအစာ ဖူလုံခြင်း၊ သန့်ရှင်းသောရေ ရရှိခြင်း၊ သဘာဝဘေးအန္တရာယ်များမှ ကာကွယ် နိုင်ခြင်းနှင့် စွမ်းအင်လုံလောက်မှုရရှိခြင်း စသည်တို့ကို ထောက်ပံ့ပေးနိုင်မှာဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ကောင်းမွန်သော ဂေဟစနစ်မှ ရရှိလာသည့် အကျိုးကျေးဇူးများနှင့် သဘာဝကို တန်ဖိုးထားတတ်စေရန် အရေးကြီးပါကြောင်း။
နိုင်ငံတော်အနေဖြင့် အလုပ်အကိုင်ဖန်တီးနိုင်ရေး၊ ပြည်သူလူထုချမ်းသာကြွယ်ဝစေ ရေး၊ သဘာဝသယံဇာတ ပေါကြွယ်ဝမှု ထိန်းသိမ်းရေးတို့ကို ဦးတည်တဲ့ စီးပွားရေးတစ်ခု ဖြစ်လာစေဖို့ ကြိုးစားဆောင်ရွက်နေသလို ပိုမိုကောင်း မွန်တဲ့ အနာဂတ်တစ်ခု ပုံဖော်နိုင်ရန် အတွက် မူဝါဒနဲ့ မဟာဗျူဟာအသစ်တွေကို ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း။
အဆိုပါမူဝါဒနှင့် မဟာဗျူဟာအသစ်များအနေဖြင့် အမျိုးသားအဆင့် ပတ်ဝန်းကျင် ဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်၊ အမျိုးသားအဆင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာမူဝါဒ၊ မဟာဗျူဟာနှင့် လုပ်ငန်းအစီအစဉ်၊ အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုမဟာဗျူဟာနှင့် အစိမ်းရောင်စီးပွားရေးမူဝါဒမူဘောင်တို့ကို ရေးဆွဲပြီးဖြစ် ပါကြောင်း။
အစိမ်းရောင်စီးပွားရေး မူဝါဒမူဘောင်တွင် အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင် နိုင်ရန် ဦးစားပေးနယ်ပယ်များ သတ်မှတ်ပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် သဘာဝသယံဇာတပေါကြွယ်ဝမှုကို ကာကွယ်ပြီး ပြည်သူ လူထု၏အကျိုးစီးပွားကို အထောက် အကူပြုသည့် ရင်းနှီးမြှုပ်နှံမှုများ လိုအပ်ပါကြောင်း။
မြန်မာနိုင်ငံသည် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ် များကို အမျိုးသားအဆင့်၊ ဒေသအဆင့် ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များတွင် ထည့်သွင်းပေါင်းစပ် ဆောင်ရွက်လျက် ရှိသည့် အပြင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များကို အကောင်အထည်ဖော်နိုင်ရေးအတွက် ၂၀၃၀ အစီအစဉ်နှင့် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ ပါရီသဘောတူညီချက်ကိုလည်း ကတိကဝတ်ပြု ဆောင်ရွက်လျက်ရှိပါကြောင်း။
ယနေ့ကျင်းပသည့်အစည်းအဝေးသည် အာဆီယံဒေသတွင် အစိမ်းရောင်နည်းပညာ များကိုအခြေခံ၍ ကာဗွန် ထုတ်လွှတ်မှု လျော့နည်းစေသည့် ရင်းနှီးမြှုပ်နှံမှုစီးပွားရေးလုပ်ငန်း များ တည်ထောင်နိုင်ရန်အတွက် တက်ရောက် လာသူများအကြား ဆွေးနွေးနိုင်ရန် အခွင့် အခါပေးသည့် အဓိကစင်္ကြန်ဖြစ်သည်ဟု ယုံကြည်ပါကြောင်း။
ခိုင်မာသည့်ပူးပေါင်းဆောင်ရွက်မှုများကို တည်ဆောက်နိုင်ရန်အတွက် အစိမ်းရောင် ဗဟိုဌာနဆိုင်ရာ ရှေ့ဆက် လက်ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များကို အစည်းအဝေး တက်ရောက်လာသူများအားလုံး ပူးပေါင်း ဆောင်ရွက် သွားကြရန် တိုက်တွန်းလိုပါကြောင်း၊ အစိမ်းရောင်းဗဟိုဌာနသည် အစည်းအဝေး တက်ရောက် လာသူများ၏ အကူအညီ အထောက်အပံ့နှင့် စိမ်းလန်းပြီး ရေရှည်တည်တံ့သည့် အာဆီယံအသိုက်အ၀န်းကို ပုံဖော် နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံမှ အာဆီယံ အစိမ်းရောင်စီးပွားရေးဗဟိုဌာန စတင် အကောင်အထည်ဖော်ခြင်းဆိုင်ရာ အစည်းအဝေးဖွင့်ပွဲ အခမ်းအနားသို့ ပေးပို့သည့်သ၀ဏ်လွှာကို သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဖတ်ကြားသည်။
ဆက်လက်၍ ကုလသမဂ္ဂ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအစီအစဉ် ( United Nation Environment Programme – UNEP) ၏ အမှုဆောင်ညွှန်ကြားရေးမှူးနှင့် ကုလသမဂ္ဂ ဒုတိယအတွင်းရေးမှူးချုပ် Mr. Erik Solheim က အာဆီယံအစိမ်းရောင်စီးပွားရေးဗဟိုဌာန စတင်အကောင်အထည်ဖော်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ဒုတိယသမ္မတနှင့် တက်ရောက်လာသော ဧည့်သည်တော်များ စုပေါင်းဓာတ်ပုံ ရိုက်ကြသည်။
ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော ဦးကျော်တင့်ဆွေ၊ ဦးအုန်းဝင်း၊ ဦးဝင်းခိုင်၊ ဒေါက်တာ မျိုးသိမ်းကြီး၊ ဒုတိယ၀န်ကြီး ဒေါက်တာ ဆက်အောင်၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း၊ ကုလသမဂ္ဂ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအစီအစဉ် ( United Nation Environment Programme – UNEP )၏ အမှုဆောင်ညွှန်ကြားရေးမှူးနှင့် ကုလသမဂ္ဂဒုတိယအတွင်းရေးမှူးချုပ် Mr. Erik Solheim ၊ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာကော်မတီတို့မှ ကိုယ်စားလှယ်များ၊ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီး များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ကြသည်။
ထို့နောက် အစည်းအဝေး ပထမနေ့ အစီအစဉ်များကို ဆက်လက်ကျင်းပရာ " ASEAN Challenges and Opportunities for Green Economy and Green Growth" ခေါင်းစဉ်အား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်က သဘာပတိ အဖြစ်ဆောင်ရွက်ပြီး မလေးရှားနိုင်ငံ ဝန်ကြီးချုပ်ရုံးဦးစီးဌာနမှ အမှုဆောင် အရာရှိချုပ် Professor Datuk Dr. Raduan Che Rose နှင့် စင်ကာပူနိုင်ငံ နန်ရန်နည်းပညာတက္ကသိုလ် ၏ Senior Fellow Ms. Kang Siew တို့က ပါဝင်ဆွေးနွေးကြသည်။
ဆက်လက်၍  "Improving Green and Blue Sustainability and Productivity " ခေါင်းစဉ်အား ဆွေးနွေးကြရာ မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်နိုင်ငံ ဒုတိယ သံအမတ် ကြီးနှင့် စီးပွားရေးဖွံ့ဖြိုးမှု ဌာနအကြီးအကဲဖြစ်သူ H.E. Huub Buise က သဘာပတိများ အဖြစ်ဆောင်ရွက်ကြပြီး ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် ဘန်ကောက်ဒေသ ဆိုင်ရာရုံးမှ Mr. Doley Tshering ၊ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးရန်ပုံငွေအဖွဲ့၏ အစိမ်းရောင်စီးပွားရေး အစီအစဉ်မှ မန်နေဂျာ Ms. Hanna Helsingen ၊ Imperial College London မှ ရာသက်ပန်ပါမောက္ခ၊ အကြီးတန်းသုတေသနစစ်ဆေးရေးမှူး Prof. Michael Jeger နှင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ဥယျာဉ်ခြံ စိုက်ပျိုးရေးပညာဌာန ပါမောက္ခဌာနမှူး ဒေါက်တာခင်သီတာမြင့်နှင့် အမေရိကန် Smithsonian ဇီဝထိန်းသိမ်းရေး သိပ္ပံ Dr. Grant Connette တို့က ပါဝင်ဆွေးနွေးကြသည်။
ယင်းနောက် "Transition towards Low-carbon, Renewable and Clean Energy" ခေါင်းစဉ်အား  ဆွေးနွေးကြရာ ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီးဌာနမှ စွမ်းအင် ဖွံ့ဖြိုးရေးနှင့် ခြိုးခြံခြွေတာရေးဌာန အကြီးအကဲ Mr. Wutipong Apichonnabutr က သဘာပတိအဖြစ်ဆောင်ရွက်ပြီး အိန္ဒိယနိုင်ငံ CII-GBC K S Venkatagiri ၊ အမေရိကန် ပြည်ထောင်စု Stony Brook University မှ Prof. Devinder Mahajan ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ ဦးသောင်းဝင်း ၊ ဟာဝိုင်ယီတက္ကသိုလ်မှ Dr. Scott Q. Turn နှင့် မလေးရှားနိုင်ငံ စွမ်းအင်ဆိုင်ရာအာဆီယံဗဟိုဌာနမှ နည်းပညာ ဆိုင်ရာအရာရှိ  Ms. Nadhilah Shani တို့က ပါဝင်ဆွေးနွေးကြသည်။
အာဆီယံဒေသတွင် အစိမ်းရောင်နည်းပညာများကို အခြေခံပြီး ကာဗွန်ထုတ်လုပ်မှု လျော့နည်းစေသည့် ရင်းနှီးမြှုပ်နှံမှု စီးပွားရေးလုပ်ငန်းများကို တည်ထောင်နိုင်ရန်အတွက် အာဆီယံအစိမ်းရောင်စီးပွားရေးဗဟိုဌာန ကနဦးနှင့် အကောင်အထည်ဖော်ခြင်းဆိုင်ရာနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၉ ရက်နေ့အထိ ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
 ( သတင်းစဉ် )

No comments:

Post a Comment