Tuesday, February 6, 2018

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ထန်တလန် - နှာဟရိန် - ရေဇွာ - မတူပီလမ်းအား ကြည့်ရှုစစ်ဆေး




မတူပီ၊ ဖေဖော်ဝါရီ ၆
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် ထန်တလန်မြို့၌ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သည် ယမန်နေ့ နံနက် ၇ နာရီတွင် ထန်တလန်မြို့ လမ်းဦးစီးရိပ်သာ၌ ချင်းပြည်နယ် ၀န်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဦးဇိုဘွဲ့၊ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ်နှင့် ဦးကျော်လင်း၊ ပြည်နယ်ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ တာဝန် ရှိသူများနှင့်တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် ဒုတိယသမ္မတ အား လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မျိုးထွဋ် က ထန်တလန် - နှာဟရိန် - ရေဇွာ - မတူပီလမ်း နှင့် ဟားခါး - မတူပီလမ်း ဆိုင်ရာအချက် အလက်များ၊ လမ်းတိုးတက်မှု ရလဒ်များ ၊ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအမံများနှင့် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်အတွင်း လျာထားသည့် လမ်းလုပ်ငန်း အခြေအနေများ ကိုရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ဒုတိယ၀န်ကြီး ဦးကျော်လင်း နှင့် အမြဲတမ်း အတွင်းဝန် ဦးတင်မြင့် တို့က ဖြည့်စွက်ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတက အရည်အသွေးကောင်းမွန် သော ကျောက်များကို သာအသုံးပြုပြီး လမ်းများကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အမာခံလမ်းခင်း နိုင်ရေးနှင့် လမ်းတာချဲ့ ထွင်နိုင်ရေး၊ လမ်းအတက်အဆင်းများတတ်နိုင် သမျှပြေပြစ် ချောမောအောင် တည်ဆောက်နိုင်ရေး၊ ဖောက်လုပ်ပြီးလမ်းများ၏ရေနှုတ် မြောင်းများ ကိုပွင့်လင်းရာသီ ကာလအတွင်းအချိန်မီ တည်ဆောက် နိုင်ရေးနှင့် တည်ဆောက်ပြီး လမ်းများရေရှည် ထိန်းသိမ်းနိုင်စေရန်ရည်ရွယ်ဆောင် ရွက်သွားနိုင်ရေး တို့ကိုမှာ ကြားသည်။
ဆက်လက်၍ ဒုတိယသမ္မတနှင့်အဖွဲ့သည် ထန်တလန်မြို့ ပြည်သူ့ဆေးရုံ သို့ရောက်ရှိပြီး ခုတင် (၅၀) ဆံ့ဆေးရုံ တိုးချဲ့ဆောက်လုပ်ရန်လျာထားမြေနေရာနှင့် အလျား- ၁၃၈ ပေ၊ အနံ - ၄၃ ပေရှိ ၆ ခန်းတွဲ RC နှစ်ထပ်ဝန်ထမ်းအိမ်ရာ တည်ဆောက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်နှင့် အဆောက်အဦ ဦးစီးဌာန အင်ဂျင်နီယာချုပ် ဦးခင်မောင်ဆွေ တို့ကရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြည်သူက အားကိုး အားထားပြုရသည်စံပြဆေးရုံအဖြစ် ၀ိုင်းဝန်းကြိုးပမ်းတည် ဆောက် သွားနိုင်ရေးမှာကြားသည်။
ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် ထန်တလန်မြို့ View Point မှ ထန်တလန်မြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုသည်။
ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် အဖွဲ့သည် ထန်တလန် - နှာဟရိန် - ရေဇွာ - မတူပီလမ်း ပြုပြင်တည်ဆောက်နေမှုများကို မော်တော်ယာဉ်များဖြင့် ကြည့်ရှုစစ်ဆေးသည်။
ထန်တလန် - နှာဟရိန် - ရေဇွာ - မတူပီလမ်းသည် ချင်းပြည်နယ်လမ်းကွန်ရက် အတွင်းရှိ အဓိက လမ်းမကြီး များတွင် တစ်ခုအပါအ၀င်ဖြစ်ပြီး ချင်းပြည်နယ်အစိုးရ အဖွဲ့က စီမံခန့်ခွဲသည့် လမ်းမကြီး တစ်ခုဖြစ်သည်။ ချင်းပြည်နယ်အတွင်းရှိ ခရိုင်နှင့် မြို့နယ်များကို ဆက်သွယ်ပေးထားသည့် လမ်းတစ်လမ်းဖြစ်ပြီး လမ်းအရှည် ၁၂၈ ဒသမ ၄ ကီလိုမီတာရှိ ကြောင်းသိရသည်။
ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် မှောင်တလန်ကျေးရွာသို့ရောက်ရှိရာ ဒေသခံ ပြည်သူများက ရိုးရာအကများဖြင့် ကြိုဆိုနှုတ်ဆက်ကြသည်။
ဆက်လက်၍ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သည် နှာဟရိန်မြို့သို့ရောက်ရှိရာ ဒေသခံပြည်သူများက ရိုးရာအကများဖြင့်ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ဒုတိယသမ္မတ သည် နှာဟရိန်မြို့ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်နှင့် ပြည်နယ်ဝန်ကြီး များက ဖဲကြိုးဖြတ်၍ နှာဟရိန်မြို့ကိုဖွင့်လှစ်ပေးကြသည်။
ယင်းနောက် ဒုတိယသမ္မတ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယ၀န်ကြီးများနှင့် ပြည်နယ် ၀န်ကြီးများက မြို့ဖွင့်ပွဲအထိမ်းအမှတ်ကဗ္မည်းကို အမွှေးနံ့သာ ရည်များ ပက်ဖျန်းပေးကြ သည်။
နှာဟရိန်မြို့အဆင့်သတ်မှတ်ခြင်းကို နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၇ခုနှစ် သြဂုတ်လ (၁၄) ရက်၊ ရက်စွဲပါ စာအမှတ် ၅၀၈(၇၄)/၁၂ အမိန့်အား ပြည်ထောင်စုလွှတ်တော်က ၂၀၁၇ခုနှစ်သြဂုတ်လ (၁၇)ရက်တွင် မှတ်တမ်း တင်ခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၁၇ခုနှစ် စက်တင်ဘာလ (၁၃) ရက်၊ ရက်စွဲပါစာအမှတ် ၁၁၆/ ၂၀၁၇ ဖြင့် မြို့အဆင့် သတ်မှတ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယသမ္မတနှင့် အဖွဲ့သည် ရေဇွာမြို့နှင့် တိန်ဆီးကျေးရွာသို့ ရောက်ရှိကြရာ ဒေသခံ ပြည်သူများက ရိုးရာအကများဖြင့်ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် မတူပီခရိုင်အဆင့်ဌာနဆိုင်ရာ ရုံးဆောက်လုပ်ရန်လျာထားသည့်မြေနေရာ အားကြည့်ရှုရာ မတူပီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတိုးတိုးထွန်းနှင့် လွှတ်တော်ကိုယ်စားလှယ် ဦးပါထန်း တို့က ရှင်းလင်း တင်ပြကြသည်။
ယင်းနောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်အဖွဲ့သည် ဖနိုင်ကျေးရွာမှ တဆင့် မတူပီမြို့သို့ ရောက်ရှိကြရာ ရိုးရာယဉ်ကျေးမှုအကများဖြင့်ကြိုဆိုနှုတ်ဆက်ကြ သည်။



No comments:

Post a Comment