Sunday, February 25, 2018

ပဲခူးတိုင်းဒေသကြီး၊ က၀မြို့နယ်အတွင်း ကမ်းပါးပြိုကျမှု ဖြစ်ပွားခဲ့သော ကျေးရွာများသို့ ပြည်ထောင်စုဝန်ကြီး ကွင်းဆင်းကြည့်ရှုပြီး ထောက်ပံ့ အားပေးမှုများပြုလုပ်


 ပဲခူးမြို့ ဖေဖော်ဝါရီ  ၂၅
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးသည် ယနေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော်ဒုတိယ ဥက္ကဋ္ဌဦးကြည်ဇင်၊
လွှတ်တော် ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တွေ့ဆုံ၍ ပြည်သူကိုတိုက်ရိုက် အကျိုးရှိစေမည့် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊ မသန်စွမ်းများ၏ အခွင့်အရေးဖော် ဆောင်ရွက်ရေး လုပ်ငန်းများနှင့် ပြန်လည်ထူ ထောင် ရေးလုပ်ငန်းများ၊ ဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး လုပ်ငန်းများနှင့် ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ပြည်သူများအတွက် နိုင်ငံတော်အစိုးရနှင့် တိုင်းဒေသကြီးအစိုးရတို့ ရှေ့ဆက်ပူးပေါင်း ဆောင်ရွက်ကြမည့် လုပ်ငန်းများနှင့် ပတ်သက်၍ ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး၊ က၀မြို့နယ်၊ ကံတော်ကျေးရွာ အနီးတွင် စစ်တောင်းမြစ် ကမ်းပါး ရေတိုက်စားပြိုကျနေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု့ပြီး ကံတော်ကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်းတွင် က၀မြို့နယ်အတွင်း စစ်တောင်းမြစ် ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့ရမည့် ကျေးရွာ(၆)ရွာမှ ပြည်သူများအတွက် ဆန်ရိက္ခာဖိုးငွေနှင့် အိမ်ဆောက် ပစ္စည်းဖိုးငွေ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပသည်။ စစ်တောင်းမြစ်ကမ်း ပါးပြိုကျမှုကြောင့် ပြောင်းရွှေ့ရသည့် ကျေးရွာ(၆)ရွာမှ ပြည်သူများအတွက် ဆန်ရိက္ခာဖိုးငွေ (၁၂၈၄၇၈၀၀) ကျပ်နှင့် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၁၂၇၁၀၀၀၀၀) ကျပ်တို့ကို  ပြည်ထောင်စုဝန်ကြီးက ထောက်ပံ့ ပေးအပ်ရာ ကျေးရွာ အသီးသီးမှ တာဝန်ရှိသူများက လက်ခံရယူကြပြီး ပြည်သူများ၏ ကိုယ်စား က၀မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှသန်းက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။
ထို့အပြင် ကျေးရွာများတွင် နေ့ပိုင်းစောင့်ရှောက်ရန် လိုအပ်သော ကလေးငယ်များ ရှေးဦး အရွယ် ဖွံ့ဖြိုး တိုးတက်မှုအတွက် မိခင်ဝိုင်းများ ဆောင်ရွက်ရန် ထောက်ပံ့ငွေကျပ် (၁၃၇၇၀၀၀) ကိုလည်း ထောက်ပံ့ ပေးအပ်ခဲ့ပြီး ကလေးငယ်များအတွက် အာဟာရ မုန့်နှင့် ကစားစရာအရုပ်များ ကိုလည်း ဝေငှပေးခဲ့သည်။
မွန်လွဲပိုင်းတွင် က၀မြို့နယ်၊ ငွေတောင်ရွာမှ မမောက်ရွာအထိ စစ်တောင်းမြစ်ကမ်း ယာယီ ရေငန်တားတာ တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိကြပြီး စီမံကိန်းနှင့် ပတ်သက်၍ ဆောင်ရွက်နေသည့် အခြေအနေများနှင့် လိုအပ်ချက်များကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့က လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။  
(သတင်းစဉ်)

No comments:

Post a Comment