Sunday, February 25, 2018

၂၃၀ ကေဗွီ လှိုင်သာယာ-ကျိုက်လတ်မဟာ ဓာတ်အားလိုင်း (၅၂ ဒသမ ၂၆)မိုင် နှင့် (၂၃၀/၆၆/၁၁) ကေဗွီ၊ (၁၀၀)အမ်ဗွီအေ ကျိုက်လတ် ဓာတ်အားခွဲရုံတည်ဆောက်လျက်ရှိ


နေပြည်တော်၊  ဖေဖော်ဝါရီ  ၂၅
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ယနေ့ နံနက်ပိုင်းတွင် ၂၃၀ ကေဗွီ လှိုင်သာယာ-ကျိုက်လတ် မဟာဓာတ်အားလိုင်း(၅၂ ဒသမ ၂၆)မိုင် တည်ဆောက်ရေး လုပ်ငန်းခွင်၏ တွံတေးမြို့နယ် အပိုင်း တာဝါတိုင်အမှတ်( ၇၂ )သို့ ရောက်ရှိပြီး စီမံကိန်း စခန်းအတွင်း ခင်းကျင်း ပြသထားသော တည်ဆောက်ရေး လုပ်ငန်းခွင်သုံး စက်ပစ္စည်း ကိရိယာများနှင့် တာဝါတိုင် အမှတ်(၇၂)တွင် ကြိုးဆွဲခြင်း လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် စီမံကိန်းယာယီ ရှင်းလင်းဆောင်တွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့အား စီမံကိန်းမှ တာဝန်ရှိသူများက Foundation နှင့် တိုင်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ ဓာတ်အားလိုင်း ကြိုးဆွဲခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ဓာတ်အားလိုင်း တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်စဉ်အတွင်း ပျက်စီးသွားသော သီးပင်၊ စားပင်များ အတွက် လျော်ကြေးငွေ ပေးအပ်မည့် အခြေအနေများနှင့် (၂၃၀/၆၆/၁၁) ကေဗွီ (၁၀၀)အမ်ဗွီအေ ကျိုက်လတ် ဓာတ်အားခွဲရုံ တည်ဆောက်ပြီးစီးမှု အခြေအနေတို့အား ရှင်းလင်းတင်ပြကြရာ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးကျော်နှင့် ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်တို့မှ  ဖြည့်စွက်ရှင်းလင်း တင်ပြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးမှ လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ် ကင်းရှင်းရေး အထူးဂရုပြု ဆောင်ရွက်ရန်၊ ဓာတ်အားလိုင်း ဖြတ်သန်းရာ တစ်လျှောက်ရှိကျေးရွာ များ လျှပ်စစ်မီးရရှိရေးဆောင်ရွက်ပေးရန်၊ လျော်ကြေးငွေများအား စနစ်တကျ စိစစ်တွက်ချက်၍ ပေးအပ်သွားရန်၊ တည်ဆောက်ရေး လုပ်ငန်းများအား သတ်မှတ် အချိန်ကာလ အတွင်း ပြီးစီးနိုင်ရေး ကြိုးစားဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။
၂၃၀ ကေဗွီ လှိုင်သာယာ-ကျိုက်လတ် မဟာဓာတ်အားလိုင်း (၅၂.၂၆)မိုင်နှင့်  (၂၃၀/၆၆/ ၁၁) ကေဗွီ၊ ( ၁၀၀ )အမ်ဗွီအေ ကျိုက်လတ်ဓာတ်အားခွဲရုံ တည်ဆောက်ခြင်း လုပ်ငန်းများပြီး စီးပါက ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ ဖျာပုံခရိုင်၊ ဘိုကလေးခရိုင်၊ မအူပင်ခရိုင်အတွင်းရှိ မြို့/ရွာများ၊ ဒေးဒရဲမြို့၊ ကျိုက်လတ်မြို့နှင့် အနီးပတ်ဝန်းကျင် ကျေးရွာများအား လျှပ်စစ်ဓာတ် အားပြည့်ဝစွာ ဖြန့်ဖြူးပေး နိုင်မည် ဖြစ်သည်။ 
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကင်းမြို့နယ်ရှိ မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း၊ အောက်မြန်မာပြည်ရုံးခွဲသို့ ရောက်ရှိပြီး Data Center အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် အစည်းအဝေးခန်းမတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့အား မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းမှ တာဝန်ရှိသူများမှ အောက်မြန်မာပြည်ရုံးခွဲ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေ များနှင့် ရုံးအဆောက်အအုံများ ဖွဲ့စည်းနေရာချထားမှု အခြေအနေတို့အား ရှင်းလင်း တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးမှ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment