Sunday, February 25, 2018

မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်း ပထမအကြိမ် အသင်းသားစုံညီ နှစ်ပတ်လည် အစည်းအဝေး အခမ်းအနား ကျင်းပ


နေပြည်တော် ဖေဖော်ဝါရီ ၂၅
မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်း ပထမအကြိမ်အသင်းသား စုံညီနှစ်ပတ်လည် အစည်းအဝေး အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၇)၌ ကျင်းပ ပြုလုပ်ရာ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီး ဦးခင်မောင်ကြည်၊ လွှတ်တော် ကိုယ်စားလှယ်များ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဦးဇော်မင်း၊ ပြည်တွင်း/ပြည်ပမှ စားသုံးဆီပညာရှင်များနှင့် မြန်မာနိုင်ငံ ဆီစက် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေး မစတင်မီ ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့သည် ခင်းကျင်း ပြသထားသည့် ဒေသ အသီးသီးမှ ထုတ်လုပ်ထားသည့် ဆီထွက်သီးနှံထုတ်ကုန် အမျိုးမျိုးနှင့် ဆက်စပ် ထုတ်ကုန်များကို လှည့်လည် ကြည့်ရှုခဲ့ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များ အသင်း၏ ဥက္ကဋ္ဌဦးခင်စိုးက နှစ်စဉ် မြန်မာနိုင်ငံ၏ ဆီစားသုံးမှုနှုန်း တန်ချိန်( ၁ ဒသမ၁) သန်းခန့်ရှိပြီး ပြည်ပမှ လစဉ် စားသုံးဆီတန်ချိန် (၇၀,၀၀၀) ခန့် တင်သွင်းနေရကြောင်း၊ မိမိတို့အသင်းအနေဖြင့် ပြည်တွင်း၌ စားသုံးဆီထုတ်လုပ်မှု ဖူလုံစေရန်နှင့် ဘေးအန္တရာယ် ကင်းရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သော စားသုံးဆီများကို ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး ရည်မှန်းချက်ထားပြီး အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ဆီစက်လုပ်ငန်းရှင်များ ကြုံတွေ့ နေရသော အခက်အခဲများကို ယခုအစည်းအဝေးတွင် ဝိုင်းဝန်း ဆွေးနွေးပေးစေလိုကြောင်း၊ အသင်းအနေဖြင့် အလားတူ နိုင်ငံတကာအသင်း အဖွဲ့များနှင့် ချိတ်ဆက်၍ မိမိတို့ ထုတ်ကုန်များကို ပြည်ပသို့ တင်ပို့နိုင်သည်အထိ မျှော်မှန်း ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်သော နည်းပညာများရရှိ စေရန်နှင့် ကုန်ကြမ်းကုန်ချောသိုလှောင်ရုံများ၊ အခြောက်ခံ စက်များနှင့် စက်ပစ္စည်း အစိတ် အပိုင်းများကိုလည်း ပုဂ္ဂလိကနှင့်ပူးပေါင်း၍ ထုတ်လုပ်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က နိုင်ငံတော်မှ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို မူဝါဒတစ်ရပ် ချမှတ်ပြီး အားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ အချို့စားသုံးဆီ ထုတ်လုပ်သူများအနေဖြင့် ပြည်ပသို့ တင်ပို့နိုင်သည်ကို သိရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ဆီစက်လုပ်ငန်းရှင်များ အသင်းကဲ့သို့ အခြားလုပ်ငန်းရှင် အသင်းအဖွဲ့များ ဖွဲ့စည်းပေါ်ပေါက်လာစေရန် အတွက်လည်း ဆောင်ရွက် လျက်ရှိကြောင်း၊ လုပ်ငန်းအမျိုးအစားတူရာ အစုအဖွဲ့များ ဖွဲ့စည်း၍ စည်းလုံး ညီညွတ်စွာ ဆောင်ရွက် ခြင်းဖြင့် နိုင်ငံတော်နှင့် ပြည်သူလူထုကို ပိုမိုအကျိုးရှိစေမည် ဖြစ်ကြောင်း၊ ပြည်တွင်းဈေးကွက် တည်ငြိမ်ရေး နှင့် ကုန်သွယ်မှုကိစ္စများ လွယ်ကူလျင်မြန် စေရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်း၊ အတွင်းရေးမှူး ဦးအောင်ရွှေက အသင်း၏ တစ်နှစ်တာ ကာလတွင်း အလုပ်အမှုဆောင်အဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များ နှင့် စာရင်းစစ် ဦးထွန်းဇော်သောင်းမှ စာရင်းစစ်အစီရင်ခံစာတို့ကို ဖတ်ကြားတင်ပြသည်။
မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များ အသင်း၊ ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဦးမှ ပထမအကြိမ် အသင်းသား စုံညီနှစ်ပတ်လည် အစည်းအဝေးသို့ အသင်းသားများ၏ တင်ပြချက်နှင့် အကြံပြုချက်များကို ဖတ်ကြားတင်ပြရာ တက်ရောက်လာသူများမှ ဝိုင်းဝန်း ဆွေးနွေးကြပြီး ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အတည်ပြု ချမှတ်ခဲ့ကြသည်။
မြန်မာနိုင်ငံ ဆီစက် လုပ်ငန်းရှင်များ အသင်းကို ၂၀၁၆ခုနှစ်၊ သြဂုတ်လ (၃၁)ရက်တွင် တရားဝင်ဖွဲ့စည်းခဲ့ပြီး နီးစပ်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အသင်းရုံးများတွင် အသင်းဝင် အဖြစ် လျှောက်ထားနိုင်ကြောင်းနှင့် လက်ရှိ အချိန်တွင်နိုင်ငံ တစ်ဝှမ်းအသင်းသား စုစုပေါင်း (၂၁၀)ဦးကြောင်း သိရှိရသည်။
(သတင်းစဉ်)

No comments:

Post a Comment