ပဲခူးမြို့
ဖေဖော်ဝါရီ ၂၄
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်
နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးသည် ယနေ့ နံနက်ပိုင်းတွင်
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ်
ဦးဝင်းသိန်းနှင့် အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကြည်ဇင်၊
လွှတ်တော် ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တွေ့ဆုံ၍ ပြည်သူကို တိုက်ရိုက် အကျိုးရှိစေမည့်
လူမှု စီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊ မသန်စွမ်းများ၏ အခွင့်အရေး ဖော်ဆောင်ရွက်ရေး
လုပ်ငန်းများနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ၊ ဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး
လုပ်ငန်းများနှင့် ပဲခူး တိုင်းဒေသကြီး အတွင်းရှိ ပြည်သူများ အတွက် နိုင်ငံတော် အစိုးရနှင့်
တိုင်းဒေသကြီး အစိုးရတို့ ရှေ့ဆက် ပူးပေါင်း ဆောင်ရွက်ကြမည့် လုပ်ငန်းများနှင့် ပတ်သက်၍
ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး၊ က၀မြို့နယ်၊
ကံတော်ကျေးရွာ အနီးတွင် စစ်တောင်းမြစ် ကမ်းပါး ရေတိုက်စား ပြိုကျနေမှု အခြေအနေများကို
ကွင်းဆင်း ကြည့်ရှု့ပြီး ကံတော် ကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်းတွင် က၀မြို့နယ်အတွင်း
စစ်တောင်း မြစ်ကမ်းပါး ပြိုကျမှုကြောင့် ပြောင်းရွှေ့ရမည့် ကျေးရွာ (၆)ရွာမှ ပြည်သူများ
အတွက် ဆန်ရိက္ခာဖိုးငွေနှင့် အိမ်ဆောက် ပစ္စည်းဖိုးငွေ ထောက်ပံ့ ပေးအပ်ပွဲ အခမ်းအနားကို
ကျင်းပသည်။ စစ်တောင်းမြစ်ကမ်း ပါးပြိုကျမှု ကြောင့် ပြောင်းရွှေ့ ရသည့် ကျေးရွာ(၆)ရွာမှ
ပြည်သူများအတွက် ဆန်ရိက္ခာဖိုးငွေ (၁၂၈၄၇၈၀၀) ကျပ်နှင့် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၁၂၇၁၀၀၀၀၀)ကျပ်တို့ကို
ပြည်ထောင်စုဝန်ကြီးက ထောက်ပံ့ ပေးအပ်ရာ ကျေးရွာ အသီးသီးမှ တာဝန်ရှိသူများက လက်ခံရယူကြပြီး
ပြည်သူများ၏ ကိုယ်စား က၀မြို့နယ်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးလှသန်းက ကျေးဇူးတင်စကား
ပြန်လည် ပြောကြားခဲ့သည်။ ထို့အပြင် ကျေးရွာများတွင် နေ့ပိုင်းစောင့်ရှောက်ရန် လိုအပ်သော
ကလေးငယ်များ ရှေးဦးအရွယ် ဖွံ့ဖြိုး တိုးတက်မှု အတွက် မိခင်ဝိုင်းများ ဆောင်ရွက်ရန်
ထောက်ပံ့ငွေကျပ် (၁၃၇၇၀၀၀)ကိုလည်း ထောက်ပံ့ ပေးအပ်ခဲ့ပြီး ကလေးငယ်များ အတွက် အာဟာရ
မုန့်နှင့် ကစားစရာ အရုပ်များကိုလည်း ဝေငှပေးခဲ့သည်။
မွန်းလွဲပိုင်းတွင် က၀မြို့နယ်၊ ငွေတောင်ရွာမှ
မမောက်ရွာအထိ စစ်တောင်းမြစ်ကမ်း ယာယီ ရေငန်တားတာ တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိကြပြီး
စီမံကိန်းနှင့် ပတ်သက်၍ ဆောင်ရွက်နေသည့် အခြေအနေများနှင့် လိုအပ်ချက်များကို တာဝန်ရှိသူများက
ရှင်းလင်း တင်ပြကြရာ ပြည်ထောင်စု ၀န်ကြီးနှင့် အဖွဲ့က လိုအပ်ချက်များကို ပေါင်းစပ်
ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment