Sunday, February 25, 2018

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် သာဂရ စက်မှုနယ်မြေရှိ အမှတ် (၁၅)၊ အမှတ် (၂၆)အကြီးစား စက်ရုံများနှင့် အမှတ် (၃) စက်မှု သင်တန်းကျောင်း (သာဂရ) အား လှည့်လည် ကြည့်ရှု စစ်ဆေးခြင်း


နေပြည်တော် ဖေဖော်ဝါရီ ၂၄
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် အမှတ် (၁၅) အကြီးစား စက်ရုံတွင် လူနာတင်ယာဉ် ထုတ်လုပ်ရန် ပြည်ပမှ ရောက်ရှိလာသော လူနာတင်ယာဉ် အသုံးအဆောင် ပစ္စည်းများနှင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာသော Toyota Commuter ကားသစ်များအား ပြည်ပမှ ပညာရှင်များနှင့်အတူ ယခုလ နောက်ဆုံးပတ်တွင် စတင် ထုတ်လုပ်တော့မည် ဖြစ်၍ နိုင်ငံတကာ စံချိန်မီ ထုတ်လုပ်နိုင်ရေးကို မှာကြားသည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ပညာရှင်များနှင့် ဆက်စပ် ဝန်ကြီးဌာနများမှ ပညာရှင်အဖွဲ့များပူးပေါင်း၍ နိုင်ငံတကာ အသိအမှတ်ပြု CAAS (Commission on Accreditation of Ambulance Services) လက်မှတ် ရရှိရန်နှင့် မော်တော်ယာဉ် အန္တရာယ် ကင်းရှင်းရေး လက်မှတ်များကို စနစ်တကျ ထုတ်ပေးနိုင်ရန် “ပူးပေါင်းအဖွဲ့” ဖွဲ့စည်းနိုင်ရေး စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။
အမှတ် (၂၆) အကြီးစားစက်ရုံတွင် Mini Hydro Turbine ထုတ်လုပ်ထားရှိမှု ကြည့်ရှု စစ်ဆေးပြီး ရေဇင်းဆည်တွင် စမ်းသပ် လည်ပတ်မှုအရ တွေ့ရှိချက်များကို အခြေခံ၍ စွမ်းဆောင်ရည် ပိုမို ကောင်းမွန်သော တာဘိုင်များ အဖြစ် အဆင့်မြှင့်တင် ထုတ်လုပ်နိုင်ရေး အတွက် ပြုပြင်ရန် လိုအပ်သည်များကို မှာကြားခဲ့သည်။ ထို့နောက် တန် (၂၅၀) ဆန့် ဆန်နှင့် သီးနှံသိုလှောင် Silo အစိတ်အပိုင်းများ ထုတ်လုပ်နေမှုတို့ကို ကြည့်ရှု စစ်ဆေးသည်။ စက်ရုံမှ ထုတ်လုပ်မည့် တန် (၂၅၀) ဆန့် ဆန်နှင့် သီးနှံသိုလှောင် Silo ကို ရခိုင်ပြည်နယ် အစိုးရမှ ခွင့်ပြုထားသော မောင်တောဒေသ၊ အခေါင်းပေါက် ကျေးရွာတွင် မကြာမီ တပ်ဆင်တော့မည် ဖြစ်သည်။
ထို့နောက် CNC Machine သင်တန်း ခန်းမများကို ကြည့်ရှုစစ်ဆေးပြီး စက်များ၏ အသုံးဝင်ပုံကို သေချာစွာ လေ့လာဆည်းပူးကြရန်နှင့် ထိရောက် အကျိုးရှိစွာ အသုံးချရန် မှာကြားသည်။ စက်မှု သင်တန်း ကျောင်းတိုင်းတွင် သက်မွေးဝမ်းကျောင်း ဆိုင်ရာ အလုပ်ရုံ ငယ်များ ပူးတွဲတည်ဆောက်၍ သင်တန်းကာလအတွင်းမှာ ပင်လက်တွေ့ လုပ်ငန်း ရပ်များကို လေ့လာသင်ယူစေပြီးစာတွေ့လက်တွေ့ အသုံးချနိုင်သော ကျွမ်းကျင် ပညာရှင်များ ပေါ်ထွက်လာစေရေးကို စီမံချက် ချမှတ် ဆောင်ရွက်ရန် မှာကြားသည်။
မုံရွာ၊ ပခုက္ကူနှင့် မြင်းခြံတို့တွင်လည်း စက်မှု သင်တန်းကျောင်းများနှင့် ဆက်စပ်၍ မော်တော်ယာဉ် ပြင်ဆင်မှုနှင့် စက်မှု လုပ်ငန်း အလုပ်ရုံငယ် (Workshop) များ ဖြစ်ထွန်း လာစေရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment