Friday, February 9, 2018

ပြည်ထောင်စု တရားလွှတ်တော်ချုပ်တွင် ရာဇ၀တ်မှုပေါင်း (၁၅၄၃)မှု လက်ခံရရှိခဲ့ပြီး (၁၃၂၂)မှုကို စစ်ဆေးပြီးပြတ်၊ တရားမမှုပေါင်း (၂၅၀၃)မှု မှ (၂၂၁၄)မှု စစ်ဆေးပြီးပြတ်




နေပြည်တော် ဖေဖော်ဝါရီ ၈
ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် တရားလွှတ်တော်များ၊ ခရိုင်တရားရုံးများ၏ (၁၄) ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု တရားလွှတ်တော်ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

ပြည်ထောင်စု တရားသူကြီးချုပ်က တရားစီရင်ရေး သုံးနှစ်တာ မဟာဗျူဟာ စီမံကိန်း (၂၀၁၅- ၂၀၁၇) ကို ရေးဆွဲ၍ နှစ်အလိုက် လုပ်ငန်းစဉ်များ ချမှတ်ပြီး တရားစီရင်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းများကို အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ တရားစီရင်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းသည် ရေရှည် စဉ်ဆက်မပြတ် ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်သဖြင့် "အားလုံးအတွက် တိုးတက် ကောင်းမွန်သော တရားမျှတမှုဆီသို့" ဆောင်ပုဒ်နှင့်အညီ တရားစီရင်ရေး ငါးနှစ်တာ မဟာဗျူဟာ စီမံကိန်း (၂၀၁၈- ၂၀၂၂) ကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တရားစီရင်ရေး ငါးနှစ်တာ မဟာဗျူဟာ စီမံကိန်း (၂၀၁၈- ၂၀၂၂)ပါ လုပ်ငန်းစဉ်များ အောင်မြင်ရေး အတွက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဦးဆောင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ် တရားလွှတ်တော်များက ကြီးကြပ် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊
မိမိတို့ ကျရာကဏ္ဍမှ ပေးအပ်သည့် တာဝန်များကို အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်သွားကြရန်နှင့် တရားရုံး အဆင့်ဆင့်၏ တာဝန်သိ တာဝန်ခံယူမှု၊ အနီးကပ် ကြီးကြပ်မှု၊ စိတ်ရောကိုယ်ပါ ပါဝင်ဆောင်ရွက်မှုများဖြင့် ထိရောက် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ တရားစီရင်ရေး စနစ်ကို တည်မြဲစေသော အရာသည် တရားရုံးများ၏ လွတ်လပ်မှု၊ တရားသူကြီးများ၏ ဖြောင့်မတ် တည်ကြည်မှု၊ တရားရုံးများ၏ လုပ်ငန်းစဉ်များ သမာသမတ်ကျမှုနှင့် ထိရောက်မှုတို့ကို အများပြည်သူမှ ယုံကြည် ကိုးစားမှုပင် ဖြစ်ကြောင်း၊ အများပြည်သူ၏ ယုံကြည် ကိုးစားမှုကို ထိန်းသိမ်းထားနိုင်ရန် အတွက် တရားသူကြီးများသည် ကျင့်ဝတ်များကို စောင့်ထိန်း လိုက်နာပြီး လုပ်ငန်း တာဝန်များကို တာဝန်သိသိ စေတနာမှန်မှန် တာဝန်ကျေကျေဖြင့် ဆောင်ရွက် သွားကြမှသာ ပြည်သူ့အကျိုးပြု တရားစီရင်ရေး ဖြစ်ထွန်းနိုင်မှာ ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်ပြီး မှုခင်းများ စစ်ဆေး စီရင်ခဲ့မှုနှင့် စပ်လျဉ်း၍ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှာ ရာဇဝတ်အမှုပေါင်း (၁,၅၄၃) မှု လက်ခံရရှိပြီး (၁,၃၂၂) မှု စစ်ဆေး ပြီးပြတ်ကြောင်း၊ တရားမအမှုပေါင်း (၂,၅၀၃) မှု လက်ခံရရှိပြီး (၂,၂၁၄) မှု စစ်ဆေး ပြီးပြတ်ကြောင်း၊ ထို့ပြင် စာချွန်တော် လျှောက်ထားမှု (၂၉၈) မှု လက်ခံရရှိပြီး (၂၈၇) မှု စစ်ဆေး ပြီးပြတ်ကြောင်း။
တိုင်းဒေသကြီးနှင့် ပြည်နယ် တရားလွှတ်တော်များမှာ ရာဇဝတ်အမှုပေါင်း (၆,၂၀၂) မှု လက်ခံရရှိပြီး (၅,၇၀၆) မှု စစ်ဆေး ပြီးပြတ်ကြောင်း၊ တရားမအမှုပေါင်း (၆,၀၄၀) မှု လက်ခံရရှိပြီး (၅,၀၇၁) မှု စစ်ဆေး ပြီးပြတ်ကြောင်း၊
ခရိုင်တရားရုံးများမှာ ရာဇဝတ်အမှုပေါင်း (၂၀,၄၇၈) မှု လက်ခံရရှိပြီး (၁၈,၈၂၀) မှု စစ်ဆေး ပြီးပြတ်ကြောင်း၊ တရားမအမှုပေါင်း (၁၂,၆၄၄) မှု လက်ခံရရှိပြီး (၁၁,၂၃၈) မှု စစ်ဆေး ပြီးပြတ်ကြောင်း၊ မြို့နယ် တရားရုံးများမှာ ရာဇဝတ် အမှုပေါင်း (၃၆၅,၂၅၆) မှု လက်ခံရရှိပြီး (၃၅၅,၃၅၁) မှု စစ်ဆေး ပြီးပြတ်ကြောင်း၊ တရားမအမှုပေါင်း (၂၇,၂၈၇) မှု လက်ခံရရှိပြီး (၂၄,၂၂၇) မှု စစ်ဆေး ပြီးပြတ်ကြောင်း၊
ဥပဒေအရ တည်ထောင်သော အခြားတရားရုံးများ ဖြစ်သည့် ကလေးသူငယ် တရားရုံး (ရန်ကုန်နှင့် မန္တလေး) မှာ ကလေးသူငယ် ဥပဒေအရ စွဲဆို တင်ပို့သည့် အမှုပေါင်း (၄၅၀) မှု လက်ခံရရှိပြီး (၄၀၉) မှု စစ်ဆေး ပြီးပြတ်ကြောင်း၊
စည်ပင်သာယာ တရားရုံး (နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး) တို့မှာ စည်ပင်သာယာ ဥပဒေအရ စွဲဆိုတင်ပို့သည့် အမှုပေါင်း (၂၃,၀၈၁) မှု လက်ခံရရှိပြီး ယခင်နှစ် အမှုလက်ကျန် (၂၂) မှု အပါအဝင် (၂၃,၁၀၃) မှု စစ်ဆေး ပြီးပြတ်ကြောင်း၊
မော်တော်ယာဉ် တရားရုံး (နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး) တို့မှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်၍ မော်တော်ယာဉ် ဥပဒေအရ စွဲဆိုတင်ပို့သည့် အမှုပေါင်း (၁၄၆,၂၉၆) မှုကို စစ်ဆေး စီရင်ခဲ့ကြောင်း၊ ထို့ကြောင့် မှုခင်းများ စစ်ဆေး စီရင်ရာတွင် အမှန်တရား ပေါ်ပေါက်အောင် တွေးတော ကြံဆ၍ ဥပဒေနှင့်အညီ စစ်ကြော စီရင် အဆုံးအဖြတ် ပြုကြရန် ဖြစ်ကြောင်း၊ ထို့ပြင် ၂၀၁၇ ခုနှစ်အတွင်း ရှေ့နေ အသိအမှတ်ပြု လက်မှတ် ပေးအပ်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ (၂၃၅၂) ဦးကို တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြု လက်မှတ် ထုတ်ပေးခဲ့ပြီး၊ (၈၇၉) ဦးကို အထက်တန်း ရှေ့နေ အသိအမှတ်ပြု လက်မှတ် ထုတ်ပေးခဲ့ကြောင်းဖြင့် ပြောကြားသည်။
လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ တိုင်းဒေသကြီး / ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်များ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးနှင့် ပြည်ထောင်စု တရားစီရင်ရေး ကြီးကြပ်မှုရုံးတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ် တရားရေး ဦးစီးမှူးများ၊ ခရိုင်တရားသူကြီးများ တက်ရောက်ကြပါ သည်။ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ဖေဖော်ဝါရီ ၈ ရက်မှ ၁၀ ရက်အထိ ကျင်းပမည် ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment