Friday, February 9, 2018

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ မဟာဗျူဟာ စီမံကိန်း (၂၀၁၈- ၂၀၂၁) မူကြမ်းအား လေ့လာ သုံးသပ်ခြင်းနှင့် ၂၀၂၀ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အတွက် မဲစာရင်းပြုစုခြင်း ဆိုင်ရာ အစည်းအဝေး ကျင်းပ


နေပြည်တော် ဖေဖော်ဝါရီ 
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ မဟာဗျူဟာစီမံကိန်း (၂၀၁၈-၂၀၂၁) မူကြမ်းအား လေ့လာ သုံးသပ်ခြင်းနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုခြင်း ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Grand Amara Hotel ၌ ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့် အဖွဲ့ဝင်များ ဖြစ်သည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်၊ ဦးမြင့်နိုင်၊ ဦးသန်းဌေး၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများမှ ဥက္ကဋ္ဌများနှင့် ရွေးကောက်ပွဲ အရာရှိများ၊ International Foundation for Electoral Systems (IFES)မှ တာဝန်ရှိသူများနှင့် Internationl IDEA မှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက အစည်းအဝေး ပထမနေ့တွင် မဟာဗျူဟာ စီမံကိန်း (၂၀၁၈-၂၀၂၁)ကို လေ့လာသုံးသပ် ဆွေးနွေးသွားမည် ဖြစ်ပြီး ဒုတိယနေ့တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အတွက် မဲစာရင်းပြုစုခြင်းနှင့် စပ်လျဉ်း၍ ဆွေးနွေး သွားမည် ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ် အတွက် ရွေးကောက်ပွဲများသည် အခြေခံဖြစ်ကြောင်း၊ ရွေးကောက်ပွဲမှ ရွေးချယ် တင်မြှောက် လိုက်သည့် လွှတ်တော် ကိုယ်စားလှယ်များက ဥပဒေပြုရေး၊ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေး ကဏ္ဍများကို စီမံ၍နိုင်ငံ တိုးတက်ရေး အတွက် ဆောင်ရွက်ကြခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲများသည် ဒီမိုကရေစီ၏ ဝင်ပေါက်ဟု ဆိုနိုင်ပါကြောင်း၊
ရွေးကောက်ပွဲများသည် အလွန်အရေး ပါကြောင်း၊ ရွေးကောက်ပွဲတစ်ခု အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် စနစ်တစ်ကျ ကြိုတင်စီမံ ဆောင်ရွက်ရပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် အပိုင်း(၃) ပိုင်းရှိပါကြောင်း၊ ပထမအပိုင်းမှာ ရွေးကောက်ပွဲအကြို ကာလဖြစ်ပြီး ဒုတိယအပိုင်းမှာ ရွေးကောက်ပွဲ ကျင်းပခြင်းနှင့် တတိယပိုင်းမှာ ရွေးကောက်ပွဲ ပြီးနောက် ရွေးကောက်ပွဲ၌ ဖြစ်ပေါ်ခဲ့သည့် ရွေးကောက်ပွဲအငြင်းပွားမှုများနှင့်စပ်လျဉ်း၍ ကန့်ကွက်လွှာအမှုများကို စစ်ဆေး ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ အပြီးတွင် ရွေးကောက်ပွဲများ၏ အားသာချက် အားနည်းချက် များကို ပြည်တွင်းနှင့် နိုင်ငံတကာ ရွေးကောက်ပွဲ လေ့လာသူများ၊ သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ တိုင်းဒေသကြီး နှင့်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများစသည့် ရွေးကောက်ပွဲနှင့် သက်ဆိုင်သူ အားလုံးတို့နှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ထိုတွေ့ဆုံဆွေးနွေးပွဲများမှ ရရှိခဲ့သည့် သုံးသပ် အကြုံပြုချက်များအပေါ် အခြေခံ၍ မဟာဗျူဟာစီမံကိန်း (၂၀၁၈- ၂၀၂၁)ကို ကော်မရှင်နှင့် IFES တို့ပူးပေါင်း၍ ရေးဆွဲခဲ့ပါကြောင်း၊ ယခုမဟာဗျူဟာစီမံကိန်း (၂၀၁၈- ၂၀၂၁)တွင် အခန်း(၁၁)ခန်း ပါရှိပါကြောင်း၊  မဟာဗျူဟာ စီမံချက်တွင် ရေးဆွဲထားသည့် လုပ်ငန်းစဉ် များသည် တစ်ခုနှင့်တစ်ခု ဆက်စပ် ချိတ်ဆက်လျက် ရှိပါကြောင်း၊
မဟာဗျူဟာ စီမံကိန်း (၂၀၁၈-၂၀၂၁)သည် ၂၀၂၀ ပြည့်နှစ်အထွေထွေ ရွေးကောက်ပွဲ အတွက် ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် အဓိကလုပ်ငန်းများကို စနစ်တကျ အကောင်အထည် ဖော်နိုင်ရန် ရေးဆွဲထားပါကြောင်း၊ ရွေးကောက်ပွဲများတွင် ကော်မရှင်၏ လုပ်ငန်းစွမ်းဆောင်ရည်များ တိုးတက်စေရန် စဉ်ဆက်မပြတ် လေ့လာစောင့်ကြည့်၍ လိုအပ်ချက်များကို မွမ်းမံဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ အစည်းအဝေး တက်ရောက် လာသူများအနေဖြင့် မဟာဗျူဟာ စီမံကိန်း (၂၀၁၈- ၂၀၂၁)ကို ပိုမိုပြည့်စုံ ကောင်းမွန်စေရန် ကဏ္ဍအလိုက် ပါဝင်သည့် အချက်အလက်များအား သုံးသပ် ဆွေးနွေး အကြံပြုပေးကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ မဟာဗျူဟာစီမံကိန်း (၂၀၁၈- ၂၀၂၁) မူကြမ်းအား စီမံကိန်းပါအခန်း တစ်ခုချင်းစီအလိုက် အဖွဲ့ (၃) ဖွဲ့ခွဲ၍ သုံးသပ်ခြင်းကို ဆောင်ရွက်ခဲ့သည်။ အစည်းအဝေးအား ဖေဖော်ဝါရီ ၉ ရက်တွင် ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်း သိရှိရသည်။
(သတင်းစဉ်)

No comments:

Post a Comment