Sunday, February 25, 2018

၁၃ ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးမှူး အသင်း ညီလာခံ ကျင်းပ


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄
(၁၃)ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း ညီလာခံကို ဖေဖော်ဝါရီ (၂၄)ရက်နေ့၊ နံနက် (၉)နာရီတွင် သူနာပြုတက္ကသိုလ် (ရန်ကုန်) အစည်းအဝေး ခန်းမတွင် ကျင်းပရာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ၁၉၅၃ ခုနှစ်မှ စတင်ဖွဲ့စည်း တည်ထောင်ခဲ့သော မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း ဆက်လက် တည်တံ့ပြီး ယခုထက် ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရေး အတွက် ပြည်သူ့ ကျန်းမာရေး ပညာရှင်များ အားလုံးက စုစည်း ညီညွတ်စွာ ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ရန် အလွန် အရေးကြီးပါကြောင်း၊ ပြည်သူ့ ကျန်းမာရေး နယ်ပယ် ကဏ္ဍတစ်ခုလုံး တိုးတက်လာမှသာ မြန်မာနိုင်ငံ၏ ကျန်းမာရေး အဆင့်အတန်း မြင့်မားလာမည် ဖြစ်ပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများသည် ပိုမိုထိရောက် အကျိုးရှိလာမည် ဖြစ်ကြောင်း၊ ပြည်သူ့ ကျန်းမာရေး လုပ်ငန်းများ အောင်မြင်ပါက မဖြစ်သင့်သော ရောဂါများ ဖြစ်ပွားမှု လျော့ကျသွားပြီး ဆေးရုံ တက်ရောက် ကုသရသူ လူနာများ နည်းသွားသဖြင့် ကျန်းမာရေး ဝန်ထမ်းများက နည်းပါးသော လူနာများကို အရည်အသွေး ပြည့်ဝသော ကုသ စောင့်ရှောက်မှုကို ပိုမို ဆောင်ရွက်မှုပေးနိုင်မည် ဖြစ်ကြောင်း၊
ဤအသင်းကြီးသည် အမြဲရှင်သန် တက်ကြွနေရန်နှင့် ဖွံ့ဖြိုး တိုးတက်လာရန်အတွက် မြန်မာနိုင်ငံ ဆရာဝန်အသင်း ၊ မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားအသင်း၊ နိုင်ငံတကာရှိ ကျန်းမာရေးမှူး အသင်းများနှင့် ဆက်သွယ် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ကျန်းမာရေးမှူးများ၏ ပညာနှင့် အရည်အသွေး မြင့်မားလာစေရေး အတွက် စဉ်ဆက်မပြတ် ပညာသင်ကြားမှု အစီအစဉ်များကိုလည်း ဆောင်ရွက် စေလိုကြောင်း၊ အသင်းကြီး တိုးတက်ရေး အတွက် ဆန်းစစ် သုံးသပ်မှု အမြဲပြုလုပ်ရန်နှင့် သုတေသန လုပ်ငန်းများကို ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ကျန်းမာရေးမှူး အသင်းက ရခိုင်ပြည်နယ်တွင် ဆောင်ရွက်ပေးလျက် ရှိသော ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများအား အသိအမှတ်ပြု ကျေးဇူးတင်ပါကြောင်း၊ ဤညီလာခံ၏ ဆွေးနွေး ဆုံးဖြတ်ချက်များ အကြံပြုချက်များကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသို့ ပေးပို့ တင်ပြစေလိုကြောင်း၊ ပြည်သူများ၏ ကျန်းမာရေး အသိပညာ မြှင့်တင်ရေး လုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ကျန်းမာရေးမှူးများ အပါအဝင် အခြေခံ ကျန်းမာရေး ဝန်ထမ်းများအား စံပြု ကျန်းမာရေး အချက်အလက်များ (Standardized Health Massages ) ထည့်သွင်းထားသော (Tablet Phone ) များ ထောက်ပံ့ပေးနိုင်ရန် စီစဉ် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ ဤညီလာခံကြီးမှ တဆင့် ကျန်းမာရေးမှူး နယ်ပယ်ကဏ္ဍနှင့် ပြည်သူ့ကျန်းမာရေး နယ်ပယ်ကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရန် ပံ့ပိုးပေးမည့် မဟာဗျူဟာများ၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ပူးပေါင်းလက်တွဲ ဆောင်ရွက်မည် ဆိုသည့် မူဘောင်များ ချမှတ်နိုင်ပြီး အားလုံးအကျိုးရှိမည့် လက်တွေ့ကျသည့် လုပ်ငန်း စဉ်များချမှတ် ဆောင်ရွက် နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ ကျန်းမာရေးမှူး ဦးသန့်ဇင်ဦး အား ဂုဏ်ပြုလက်မှတ် ချီးမြှင့် ပေးခဲ့သည်။ ယင်းနောက် ဦးမျိုးမင်းထွန်းကြည်နှင့် ဒေါ်စန္ဒာ(ခ) ညိုညိုအေး မှ မြန်မာနိုင်ငံ ကျန်းမာရေးမှူး အသင်းသို့ လှူဒါန်းငွေ သိန်း(၂၀)ကို ပေးအပ် လှူဒါန်းရာ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သာထွန်းကျော် မှ လက်ခံရယူခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ညီလာခံ အထိမ်းအမှတ် ပြခန်းအား လှည့်လည် ကြည့်ရှုခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဆေးသုတေသန ဦးစီးဌာန အစည်းအဝေး ခန်းမတွင် နံနက်(၁၀)နာရီ၌ ကျင်းပသော ၂၀၁၈ခုနှစ် အတွက် ရာသီတုပ်ကွေးရောဂါ ကာကွယ်တုံ့ပြန်ရေး ညှိနှိုင်း အစည်းအဝေး Meeting on Influenza Containment Committee and Influenza Sentinel Hospitals for Preparedness on Next Influenza Season ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အဖွင့်အမှာ စကားပြောကြား ခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာကျန်းမာရေး အဖွဲ့မှ ဌာနေကိုယ်စားလှယ် Dr. Stephen Paul Jost အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် (သဘာဝဘေး/ ကူးစက်) ဒေါက်တာ သန်းထွန်းအောင် မှ Preparedness on Next Influenza Seasons based on 2017 Influenza A H1N1 pdm 09 events အကြောင်းတို့ကို ပြောကြားခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment