နေပြည်တော် ဖေဖော်ဝါရီ ၂၃
ဒုတိယအကြိမ် အမျိုးသားလွှတ်တော်
သတ္တမပုံမှန်အစည်းအဝေး ၂၂ ရက်မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်
အစည်းအဝေးခန်းမ၌ ကျင်းပရာ ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြား ခြင်း၊
အစီရင်ခံစာတစ်ခု ဖတ်ကြားတင်ပြခြင်းတို့ ဆောင်ရွက်ကြသည်။
အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမောင်ကျော်ဇံ၏
ကမ်းရိုးတန်းဒေသ ရခိုင်ပြည်နယ်အတွက် ဆေးကုရေယာဉ်
“Swimming Doctor” အနည်းဆုံး ၁ စီးခန့် (သို့မဟုတ်) လုံလောက်စွာ ချထားပေးရန် အစီအစဉ်ရှိ၊
မရှိ မေးခွန်းများနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာမြင့်ထွေးက Swimming Doctor ဖြစ်စေ၊ Mobile Team ဖြစ်စေ သွားလာရေးခက်ခဲ့သည့်ဒေသ၊
လုံခြုံရေးကောင်းသည့် ဒေသများတွင် အသုံးဝင်ပါ ကြောင်း၊ ကျန်းမာရေးအဆင့်နိမ့်နေသည့်
နေရာများတွင် လုပ်သင့်ပါကြောင်း၊ ကျန်းမာရေးဆေးခန်းဖွင့်ရန် ခက်ခဲသည့် နေရာတွင်လည်း
လုပ်သင့်ပါကြောင်း၊ ထူးခြားသော ကျန်းမာရေးပြဿနာများ ရှိသည့်နေရာတွင်လည်း အသုံးဝင်ပါ
ကြောင်း၊ ကပ်ရောဂါဖြစ်သည့်အချိန်တွင်လည်း လုပ်ဆောင်ရပါကြောင်း၊ ကြီးကျယ်သောရောဂါတစ်ခု
ဖြစ်တော့မည် ဆိုလျှင်လည်း ယခုကဲ့သို့ လုပ်ဆောင်ရပါကြောင်း၊ Mobile Team သည် ကျန်းမာရေးနှင့်
အားကစားဝန်ကြီးဌာနအတွက် အလွန်အရေးကြီးသည့် နည်းဗျူဟာတစ်ခုဖြစ်ပါကြောင်း၊ Mobile
Team အတွက် သင်္ဘောရှိလျှင် ပြင်ဆင်ရန် အဆင်သင့်
ဖြစ်ပါကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် Mobile Team ကိုထည့်ရန် စဉ်းစားထားပါကြောင်း၊
ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့အတွက် ၂ စီးထားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ
ဦးမျိုးဝင်း၏ လျှပ်စစ်မီးကို ဈေးနှုန်းကြီးမြင့်စွာ
ဝယ်ယူသုံးစွဲနေရသော ရေးမြို့နယ် အတွင်းရှိ
ပြည်သူများကို မဟာဓာတ်အားလိုင်း မရောက်ရှိသေးမီစပ်ကြား ကုန်ကျစရိတ် အထိုက်အလျောက် သက်သာမှု
ရှိစေရန် နိုင်ငံတော်မှ မည်ကဲ့သို့ ယာယီထောက်ပံ့ကူညီမှုပေးနိုင်မည်ကို သိရှိလိုခြင်းနှင့်
စီစဉ်ဆောင်ရွက်လျက်ရှိသော မဟာဓာတ်အားလိုင်း စီမံကိန်းသည် မည်သည့်ဘဏ္ဍာရေးနှစ်တွင် ရေးမြို့နယ်သို့
ရောက်ရှိမည်ကို သိရှိလိုခြင်း နှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန
ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင်က မွန်ပြည်နယ် မော်လမြိုင်ခရိုင် ရေးမြို့နယ်တွင်
National Grid မှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးခြင်းမရှိပါကြောင်း၊ ယခုအချိန်တွင် မြတ်သူရကုမ္ပဏီမှ
ဒီဇယ်ဓာတ်အား ပေးစက်များဖြင့် ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိပါကြောင်း၊ National Grid
မရောက်ရှိမီတွင် လျှပ်စစ်ဓာတ်အားကို ယခု ထက်ပို၍ တိုးတက်ရရှိရန်နှင့် လျှပ်စစ်ဓာတ်အားခဈေးနှုန်း
ယခုထက်ပို၍ ကျဆင်းလျော့နည်းရေးအတွက် မွန်ပြည်နယ် အစိုးရမှ ဆောင်ရွက်လျက်ရှိရာ ရေးမြို့နယ်နှင့်
သံဖြူဇရပ်မြို့များတွင် ၃၀ မဂ္ဂါဝပ်ဓာတ်အားသုံးနိုင်မည့် FO လောင်စာသုံး ဓာတ်အားပေးစက်ရုံတည်ဆောက်ပြီး
အနီးအနားတွင်ရှိသည့် ကျေးရွာများကို လျှပ်ဓာတ်အားဖြန့်ဖြူးပေးရန် မွန်ပြည်နယ် အစိုးရက
Bedok Construction & Engineering Co.,Ltd ကို လုပ်ငန်းဆောင်ရွက်ခွင့်ပြုမိန့်ထုတ်ပြီး
ဆောင်ရွက်ခွင့် ပေးထားပြီးဖြစ်ပါကြောင်း။
မွန်ပြည်နယ် လျှပ်စစ်ဓာတ်အားကဏ္ဍ
ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၀န်ကြီးဌာနမှ မော်လမြိုင်မှ သံဖြူဇရပ်သို့ ၆၆ ကေဗွီ ဓာတ်အားလိုင်း
မိုင် ၄၀ ကျော်နှင့် ထရမ်စဖော်မာ ၃ လုံးပါဝင်သည့် ဓာတ်အားခွဲရုံကို သံဖြူဇရပ်တွင် တည်ဆောက်ရန်
Turnkey စနစ်ဖြင့် ငွေကျပ်သန်းပေါင်း ၉၈၀၀ ခန့် အကုန်အကျခံကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်
ရှိပါကြောင်း။ ပြီးစီးမှုတွင် ဓာတ်အားလိုင်းသည် ၃၃ ရာခိုင်နှုန်းနှင့် ဓာတ်အားခွဲရုံမှာ
၈၀ ရာခိုင်နှုန်းနီးပါး ပြီးစီး၍ ၂၀၁၈ ခုနှစ်တွင် ပြီးစီးအောင် ဆောင်ရွက်လျက်ရှိနေပါကြောင်း၊
အဆိုပါ သံဖြူဇရပ်ဓာတ်အားခွဲရုံပြီးစီးလျှင် သံဖြူဇရပ်မှ ရေး ဓာတ်အားလိုင်း မိုင် ၆၀ နှင့် ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ
ရေးဓာတ်အားခွဲရုံ စီမံကိန်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အောက်တိုဘာမှ စက်တင်ဘာလအတွင်းတွင်
ရန်ပုံငွေကျပ်သန်းပေါင်း ၁၂၇၄ သန်းခန့်ကို လျာထားတင်ပြပြီး ဆက်လက် ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊
တည်ဆောက်ကာလသည် ၂ နှစ်ခန့် အချိန်ယူရမည်ဖြစ်ပါကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင်
National Grid မှ ရေးမြို့နယ်သို့ စတင် ဓာတ်အားရောက်ရန် ဆောင်ရွက်နေပါကြောင်း။
သံဖြူဇရပ်-ရေး ဓာတ်အားလိုင်းမှ ၆၆ ကေဗွီ ဓာတ်အားလိုင်း ၀ ဒသမ ၅ မိုင် တည်ဆောက်၍
သံဖြူဇရပ်မြို့နယ် အနင်းကျေးရွာတွင် ဓာတ်အားခွဲရုံ ၁ ရုံ တည်ဆောက်ခြင်းလုပ်ငန်းကို
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်တွင်လည်းကောင်း၊ လမိုင်းမြို့နယ်နှင့် ခေါဇာမြို့တို့တွင် ဓာတ်အားခွဲရုံ
၁ ရုံစီတည်ဆောက်ခြင်းကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင်
လည်းကောင်း ၅ နှစ် စီမံကိန်းတွင် ဆောင်ရွက်ရန် လျာထားပြီးဖြစ်ပါကြောင်း၊
ဓာတ်အားခွဲရုံများ
တည်ဆောက်ပြီးစီးလျှင် ပတ်ဝန်းကျင်ကျေးရွာများသို့ ဓာတ်အားဖြန့်ဖြူးပေးရန်အတွက် မွန်ပြည်နယ်
အစိုးရနှင့် ၀န်ကြီးဌာနတို့ ညှိနှိုင်းပူးပေါင်း
ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ
ဦးကျော်ကျော်၏ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်ရှိ
စက်သား-အလယ်ချောင်း-ဇီးပင်ကြီး-နတ်ချောင်း ကျေးရွာချင်းဆက်လမ်းကို ကျောက်ခင်းလမ်းအဖြစ်
ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး
ဦးကျော်လင်းက မြောက်ဦးမြို့နယ်အတွင်းရှိ စက်သား-အလယ်ချောင်း-ဇီးပင်ကြီး-နတ်ချောင်း
ကျေးရွာချင်းဆက်လမ်းအရှည် ၁၂ မိုင်သည် ဒေသခံများမှ ကိုယ်ထူကိုယ်ထ ဖောက်လုပ်ထားသော လမ်းဖြစ်ပါကြောင်း၊
ရခိုင်ပြည်နယ် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် လမ်းပိုင်းအချို့အား ဆောင်ရွက် လျက်ရှိပြီး
ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် လမ်းစာရင်းတွင်ပါဝင်ခြင်းမရှိသေးပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင်
လမ်းအဖြစ် လမ်းစာရင်းအမည်ပေါက်ရန် သိမ်းသွင်းမည်ဆိုပါက ပထမဦးစွာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှတစ်ဆင့်
ပြည်ထောင်စု အစိုးရအဖွဲ့ရုံးသို့ တင်ပြသွားရမည်ဖြစ်ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊
အဆိုပါလမ်းနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းပြီး ဆောက်လုပ်ရေး
ဝန်ကြီးဌာနပိုင်လမ်းအဖြစ် သိမ်းသွင်းပြီးပါက ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေများတင်ပြ တောင်းခံပြီး
ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ အကောင်အထည် ဖော်
ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
ဆက်လက်၍ ကချင်ပြည်နယ်
မဲဆန္ဒနယ်အမှတ်(၅)မှ ဦးယောနာနှင့် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးချစ်ထွေးတို့၏
မေးခွန်းများနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာမြင့်ထွေးက ရှင်းလင်းဖြေကြားခဲ့သည်။
ထို့နောက် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ
ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်ပါသည့် အစီရင်ခံစာကို
ဥပဒေကြမ်းကော်မတီဝင် ဒေါ်ကျင်ငိုက် မန်က ဖတ်ကြားတင်ပြသည်။
ယင်းနောက် ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍
ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ
မန်းဝင်းခိုင်သန်းက ကြေညာသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော်
သတ္တမပုံမှန်အစည်းအဝေး ၂၂ ရက် မြောက်နေ့ကို ဖေဖော်ဝါရီ ၂၇ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း
သိရသည်။
အေးအေးသန့်(သတင်းစဉ်)

No comments:
Post a Comment