Wednesday, February 14, 2018

မြန်မာ-ဘရူနိုင်း နှစ်နိုင်ငံအကြား သံတမန်မြေလဲလှယ်ရေး သဘောတူစာချုပ် လက်မှတ်ရေးထိုး


နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄
မြန်မာ-ဘရူနိုင်း နှစ်နိုင်ငံ သံတမန်မြေအပြန်အလှန်လဲလှယ်ရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ကျင်းပသည်။

အဆိုပါသဘောတူစာချုပ်ကို မြန်မာနိုင်ငံကိုယ်စား နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူနှင့် ဘရူနိုင်း နိုင်ငံကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ ဘရူနိုင်းသံအမတ်ကြီး H.E.Mr.Pehin Orang Kaya Seri Pahlawan Colonel (R) Dato Paduka Haji Abdu'r Rahmani bin Dato Padula Haji Basir တို့က လက်မှတ်ရေးထိုးကြသည်။
မြန်မာ-ဘရူနိုင်း နှစ်နိုင်ငံ သံတမန်မြေလဲလှယ်ရေး လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့  အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က အသိသက်သေအဖြစ် တက်ရောက်၍  နိုင်ငံခြားရေး ဝန်ကြီးဌာန၊ စီမံကိန်းနှင့် စီမံရေးရာဦးစီးဌာန၊ သံတမန်ရေးရာ ဦးစီးဌာနနှင့် နိုင်ငံရေးရာ ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိသူများ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကိုယ်စားလှယ်များနှင့် ဘရူနိုင်းသံရုံးမှ တာဝန်ရှိသူ များကလည်း အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
အဆိုပါ သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်းသည် နေပြည်တော်သံတမန်ဇုန်သို့ ရန်ကုန်မြို့ရှိ ဘရူနိုင်းသံရုံး ပြောင်းရွှေ့လာရေးအတွက် အထောက်အကူဖြစ်စေမည်ဖြစ်ပြီး  မြန်မာနိုင်ငံ အစိုးရအဖွဲ့အစည်းများနှင့် ဘရူနိုင်းသံရုံးတို့ အကြား လုပ်ငန်းများ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်စေရေးကို မြှင့်တင်ဆောင်ရွက်နိုင်မည်ဖြစ်သည်။
(သတင်းစဉ်)

No comments:

Post a Comment