နေပြည်တော် ဖေဖော်ဝါရီ ၁၄
ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်
သတ္တမပုံမှန်အစည်းအဝေး (၁၇)ရက် မြောက်နေ့ကို ယနေ့နံနက်(၁၀)နာရီတွင် ကျင်းပရာ လမ်း၊ တံတားဆိုင်ရာ
မေးခွန်းများမေးမြန်းဖြေကြားခြင်း၊ အစီရင်ခံစာ(၁)ခုဖတ်ကြားခြင်း၊ အဆို(၁)ခု ဆွေးနွေး
ခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်းတို့ကို ဆောင်ရွက်ကြသည်။
အစည်းအဝေးတွင် ခေါင်လန်ဖူးမဲဆန္ဒနယ်မှ
ဦးအာမိုးဆီ၏ ခေါင်လန်ဖူးမြို့ အတွင်းရှိ ပြည်သူလူထု
အမှန်တကယ် လိုအပ်သော လမ်းနှင့်တံတားများ ပြုလုပ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ
မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်လင်းက ကချင်ပြည်နယ်
ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ ပြည်သူလူထု အမှန်တကယ် လိုအပ်သော လမ်းနှင့်တံတားများအနက်
လမ်းအဆင့်သတ်မှတ်ချက်အရ Class(A)တွင် ပါဝင်သော လမ်းနှင့်တံတားများ ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မတိုင်မီ
ရာသီမရွေးသွားလာနိုင်သောလမ်းနှင့် တံတားများအဖြစ် ပြုပြင်တည်ဆောက် ပေးသွားမည်ဖြစ်ပါကြောင်း
ဖြေကြားသည်။
တနိုင်းမဲဆန္ဒနယ်မှ
ဦးလင်းလင်းဦး၏ မြစ်ကြီးနား-နမ္မတီး-တနိုင်း-ရှင်ဗွေယန်-တဒက်ခ-ပန်းဆောင်လမ်းကို
ကတ္တရာ လမ်းခင်းနိုင်ရန် မည်ကဲ့သို့ စီမံဆောင်ရွက်နေသည်ကို သိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်လင်းက မြစ်ကြီးနား-နမ္မတီး-တနိုင်း-ရှင်ဗွေယန်-တဒက်ခ-ပန်းဆောင်
လမ်းသည် လုံခြုံရေး မကောင်းသော်လည်း ပြည်သူလူထု သွားလာနေရသောကြောင့် B.O.T ကုမ္ပဏီထံမှလမ်းပိုင်းများကို
ပြန်လည်သိမ်းသွင်းပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ၀န်ထမ်းများဖြင့် လမ်းပြုပြင်ခြင်းလုပ်ငန်းများ
ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
ထို့ပြင် မောက်မယ်မဲဆန္ဒနယ်မှ
ဦးစိုင်းငေါင်းဆိုင်ဟိန်း၏ ယာဉ်မတော်တဆဖြစ်စဉ်များ
လျော့နည်းပပျောက်စေရန် ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်း မကြီးအား ခေတ်မီ(၄)လမ်းသွားအဆင့်
တိုးမြှင့်ဆောင်ရွက်ပေးခြင်းနှင့် အဆင့်မီလုံခြုံ ရေး အထောက်အကူပြုပစ္စည်းများ တပ်ဆင်ထိန်းကျောင်းပေးခြင်း၊
မော်တော်ယာဉ်နှင့် ပတ်သက်၍ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို အထူးစီမံချက်များရေးဆွဲ၍
အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း၊ မင်းကင်း မဲဆန္ဒနယ်မှ
ဦးမောင်မြင့်၏ လာဘို့ရွာ-မင်းကင်းလမ်းကြောင်းပေါ်ရှိ
ညောင်ကုန်းတံတားကို ခံနိုင်ဝန်အတိုင်းသာ ဖြတ်သန်းခွင့်ပြုရန်၊ ကွန်ကရစ်မခင်းရသေးသောလမ်း
ပိုင်း ၆ မိုင်ကို အမြန်ခင်းပေးရန်နှင့် ပျက်စီးသွားသော ကွန်ကရစ်လမ်း ပိုင်းများ အမြန်ပြုပြင်ပေးရန်
မေးခွန်း၊ ဆောမဲဆန္ဒနယ်မှ ဦးကျော်တင်၏ ဆောမြို့နယ်အတွင်းရှိ
တပြင်းကျေးရွာမှ ကျောက်လိပ်ကျေးရွာအထိ (၁၈) မိုင်အရှည် ကျောက်ချောလမ်းအား ကွန်ကရစ်
သို့မဟုတ် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့် တင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း၊ ကနီမဲဆန္ဒနယ်မှ ဦးထွန်းထွန်းနိုင်၏ ကနီ-ကင်းလမ်းအူကြောင်းပိုင်းအား
ကျေးရွာ အများအပြားလက်လှမ်းမီ အသုံးပြုနိုင်သော လမ်းအူကြောင်းတစ်ခုဖြစ်စေရန် ပြောင်းလဲဖောက်လုပ်ပေးနိုင်ခြင်း
ရှိ၊ မရှိ မေးခွန်းတို့ကိုလည်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်လင်းက
ပြန်လည်ဖြေကြားခဲ့သည်။
ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက
တင်သွင်းသည့် မြန်မာနိုင်ငံ မိခင်နှင့်ကလေး
စောင့်ရှောက်ရေးအသင်း ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း နှင့်စပ်လျဉ်းပြီး ပြည်သူ့လွှတ်တော်
ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ ထပ်မံဖတ်ကြား ရှင်းလင်းခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းတို့ကို
ဆောင်ရွက်ကြသည်။
ယင်းနောက် နမ္မတူမဲဆန္ဒနယ်မှ
ဒေါ်နန်းခမ်းအေး တင်သွင်းထားသည့် “ပြည်ထောင်စု၊
တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရဌာန အဖွဲ့အစည်းများအနေဖြင့် တင်ဒါများအား ခေါ်ယူဆောင်ရွက်ရာတွင်
လုပ်ငန်းနှင့်သက်ဆိုင်သော ပစ္စည်းများ၏ သယ်ယူပို့ဆောင်ခစရိတ်များနှင့် နည်းပညာအရ ၀န်ကြီးဌာနမှ
လုပ်ဆောင်ရန်မလိုသော လုပ်ငန်းတစ်ခုလုံး အပြီးဆောင်ရွက်ရသည့်လုပ်ငန်းများကို တင်ဒါမခေါ်ဘဲ
ကန်ထရိုက်ရ တင်ဒါအောင်မြင်သူတစ်ဦးကဲ့သို့ လုပ်ကိုင် ဆောင်ရွက်နေခြင်း၊ ညွှန်ကြားချက်များ၊
လုပ်ငန်းလမ်းညွှန်ချက်များနှင့် ကွဲလွဲစွာဆောင်ရွက်နေခြင်းတို့ကို ညွှန်ကြားချက်များ၊
လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ အမြန်ဆုံးလိုက်နာဆောင်ရွက်ရန်နှင့် တင်ဒါပေးရာတွင်
ဒေသနှင့်ကိုက်ညီသော ပြီးပြည့်စုံသည့် လုပ်ငန်းပုံစံ (Drawing)များ နှင့်တွက်ချက်မှု
(Estimate) များကို သက်ဆိုင်ရာဝန်ကြီးဌာနမှသာ တာဝန်ယူဆောင်ရွက်ပေးပြီး ဈေးနှုန်း(Rate)များကို
တင်ဒါဆွဲမည့် ကုမ္ပဏီများကို ထည့်သွင်းရေးဆွဲစေခြင်းဖြင့် မျှတစွာယှဉ်ပြိုင်မှုကို ဖော်ဆောင်ပေးရန်”
အဆိုနှင့်စပ်လျဉ်းပြီး လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
ဂန့်ဂေါမဲဆန္ဒနယ်မှ ဒေါ်ယဉ်မင်းလှိုင်က Design နှင့် Estimate ကို လုပ်ငန်းအပ်နှံသည့်ဌာနက တာဝန်ယူခြင်းသည်
တင်ဒါစနစ်ကို သွက်လက်မြန်ဆန်စေမည်ဖြစ်ပါကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ ဆည်မြောင်းလုပ်ငန်းများ၊
စာသင် ကျောင်း၊ ဆေးရုံဆောက်လုပ်ခြင်းလုပ်ငန်းများတွင် အရည်အသွေးမမှီပါကသက်ဆိုင်ရာ အင်ဂျင်နီယာများ၊
ပညာရေးမှူး များ၊ ဆရာဝန်များက သက်ဆိုင်ရာကုမ္ပဏီကို တရားစွဲဆိုရမည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။
စဥ့်ကိုင်မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ကြည်မို့မို့လွင်က တင်ဒါစိစစ်ရွေးချယ်ခြင်းနှင့် တင်ဒါအောင်ကုမ္ပဏီများ စာချုပ်ချုပ်ဆို
ခြင်းကို တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင် အဆင့်များတွင်သာ ပြုလုပ်ကြသည့်အတွက် စီမံကိန်းတည်ရှိရာမြို့နယ်မှ
ဌာနဆိုင် ရာများအနေဖြင့် Estimate , Drawing နှင့် စာချုပ်ပါစည်းကမ်းချက်များကို ကြိုတင်သိရှိနိုင်ခြင်း
မရှိသည့်အတွက် တည်ဆောက်မှုကြီးကြပ်ရေးအပိုင်း၊ အရည်အသွေး စစ်ဆေးခြင်းအပိုင်းများတွင်
အခက်အခဲများ ဖြစ်နေကြပါကြောင်း၊ ထို့ကြောင့် တင်ဒါပွဲများကို သက်ဆိုင်ရာမြို့နယ်များတွင်
ကျင်းပပေးနိုင်မည်ဆိုပါက အခက်အခဲများမရှိတော့သည့်အတွက် ပြည်သူ့ဘဏ္ဍာ အလေအလွင့်မဖြစ်အောင်
တည့်မတ်နိုင်မည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။
ထို့ပြင် အဆိုနှင့်စပ်လျဉ်း၍
သိန္နီမဲဆန္ဒနယ်မှ ဦးစိုင်းဦးခမ်း၊ သီပေါမဲဆန္ဒနယ်မှ ဦးစိုင်းသန့်ဇင်၊ ဆိပ်ဖြူမဲဆန္ဒနယ်မှ
ဦးအောင်သိုက်၊ သံဖြူဇရပ်မဲဆန္ဒနယ်မှ ဦးဉာဏ်ဟိန်း၊ အင်းတော်မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ပြုံး၊
ရှားတောမဲဆန္ဒနယ်မှ ဒေါ်ဝင့်ဝါထွန်း၊ မိုင်းကိုင်မဲဆန္ဒနယ်မှ ဦးစိုင်းဆိုင်မိုင်း၊ ဇမ္ဗူသီရိမဲဆန္ဒနယ်မှ
ဦးဖြိုးဇေယျာသော်နှင့် ဘီးလင်းမဲဆန္ဒနယ်မှ ဦးတင်ကိုကိုဦး(ခ)ဦးအတွတ် တို့ကလည်း အကြံပြုဆွေးနွေးကြသည်။
အဆိုနှင့်စပ်လျဉ်း၍
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်လင်းက တင်ဒါခေါ်ယူရာတွင် Drawing
& Estimate ပြည့်စုံအောင်ရေးဆွဲပြီး ပွင့်လင်းမြင်သာမှုရှိအောင်ချပြပြီးမှ ယှဉ်ပြိုင်စေခြင်းသည်
လက်တွေ့တွင်လည်း အမှန် တကယ်လိုအပ်ပါကြောင်း၊ တင်ဒါခေါ်ယူရန်မလိုသည့် ကျပ် ၁၀ သန်းအောက်
ကိစ္စများကို ဆောင်ရွက်ရာတွင် ကိုယ်ကျိုးရှာခြင်း၊ အလွဲသုံးစားပြုခြင်း စသည့်ကိစ္စများရှိပါက
တိတိကျကျတိုင်ကြားမည်ဆိုလျှင် ၀န်ထမ်းစည်းမျဉ်း စည်းကမ်းအရသော်လည်းကောင်း၊ တည်ဆဲဥပဒေအရသော်လည်းကောင်း၊
ပြတ်ပြတ်သားသားအရေး ယူရမည် ဖြစ်ပါကြောင်း။
ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများအား
အထိုင်ဈေးခေါ်ယူပြီး သယ်ယူပို့ဆောင်ခကို သက်ဆိုင်ရာဌာနမှ ပေးချေခြင်း အပိုင်းကို မှတ်တမ်းတင်သင့်ပါကြောင်း၊
ဆောက်လုပ်ရေးလုပ်ငန်းများကို ၀န်ထမ်းများမှ လုံးဝမဆောင်ရွက်တော့ဘဲ တင်ဒါ သာ ခေါ်ယူဆောင်ရွက်စေခြင်းဆိုသည့်ကိစ္စသည်
လတ်တလောဆောင်ရွက်၍ မရနိုင်သေးပါသဖြင့် မှတ်တမ်းတင်ထား သင့်ကြောင်း ပြန်လည်ဆွေးနွေးသည်။
ယင်းအဆိုကို လွှတ်တော်က
မှတ်တမ်းတင်ကြောင်း ဆုံးဖြတ်သည်။
ကျော်သူထက်၊ မီမီဖြိုး

No comments:
Post a Comment