Wednesday, February 14, 2018

မွေးဖွားမှုနှင့်သေဆုံးမှု မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစာရင်းဇယားများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ ၁/၂၀၁၈ အကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


နေပြည်တော် ဖေဖော်ဝါရီ ၁၄
မွေးဖွားမှုနှင့်သေဆုံးမှု မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစာရင်းဇယားများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ ၁/၂၀၁၈ အကြိမ် မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဖေဖော်ဝါရီ (၁၄)ရက် မွန်းလွဲပိုင်းတွင် ရုံးအမှတ်(၃၂)၊ ဗဟိုစာရင်းအင်းအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပရာ မွေးဖွားမှုနှင့်သေဆုံးမှု မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစာရင်းဇယားများ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ဥက္ကဌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက မွေးဖွားမှုနှင့်သေဆုံးမှု မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစာရင်းဇယားများသည် တိုင်းပြည်အတွက် အလွန်အရေးပါပြီး အခြေခံကျသည့် စာရင်းဇယားများ ဖြစ်ပါကြောင်း၊
တိုင်းပြည်အတွက် အလွန်အရေးပါသည့် လူဦးရေဆိုင်ရာ မူဝါဒတစ်ရပ် ပေါ်ပေါက်လာရေးအပြင် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးစသည့် အရေးပါသည့် လုပ်ငန်းများအတွက် မဟာဗျူဟာနှင့် စီမံချက်များရေးဆွဲရာတွင် ဤစာရင်းဇယားများ၏ မှန်ကန်မှု ရှိလျင်ရှိသကဲ့သို့ အချိန်နှင့်တပြေးညီရရှိမှု ရှိလျင်ရှိသကဲ့သို့ ထိရောက်အောင်မြင်မှုများရရှိပြီး ရေရှည်တွင်လည်း အကျိုးဖြစ်ထွန်းမည် ဖြစ်ပါကြောင်း၊
မြန်မာနိုင်ငံတွင် စာရင်းဇယားများ၏ မှန်ကန်တိကျမှုကို အလေးပေးမှု၊ စာရင်းဇယားများကို သေချာစွာကြည့်ရှု၍ ပြင်ဆင်ရန်အချက်နှင့် တွေ့ရှိချက်များကို ပေးပို့သူအား ပြန်လည်ပေးပို့သော အလေ့အထ (feedback)၊ ရရှိလာသော အချက်အလက်များကို စနစ်တကျခွဲခြမ်းစိတ်ဖြာ သုံးသပ်၍ လုပ်ငန်းမူဝါဒများ ချမှတ်သော စာရင်းအင်း ယဉ်ကျေးမှုနှင့် အလေ့အထများ ယခုထက်ပိုမိုဖြစ်ထွန်းပေါ်ပေါက်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် မွေးဖွားမှုနှင့်သေဆုံးမှု မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစာရင်းဇယားများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အတွင်း ရေးမှူး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင်က မွေးဖွားမှုနှင့် သေဆုံးမှုမှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစာရင်းဇယားများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နှင့် စပ်လျဉ်းသောလုပ်ငန်းများ အားရှင်းလင်း တင်ပြပါသည်။
ယင်းနောက် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသူဇာချစ်တင်က ၂၀၁၇ ခုနှစ်အတွင်း မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့ရှိ မြို့နယ် (၁၄) မြို့နယ်တွင် Verbal Autopsy နည်းလမ်း ဖြင့် ကောက်ယူရရှိသော Cause of Death ရလဒ်များနှင့် မိုဘိုင်းဖုန်း Birth Registration ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာသော အဖွဲ့ဝင်များမှ ဝိုင်းဝန်းဆွေးနွေးတင်ပြကြပြီး အဖွဲ့ဥက္ကဌ ပြည်ထောင်စုဝန်ကြီးမှ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment