Friday, February 9, 2018

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့ကျင်းပ

ဒုတိယအကြိမ် အမျိုးသား လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ၁၅ ရက် မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသား လွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပရာ ကြယ်ပွင့်ပြ မေးခွန်းများ မေးမြန်းခြင်းနှင့် ပြန်လည် ဖြေကြားခြင်း၊ ဥပဒေကြမ်းတစ်ခု ဆွေးနွေးခြင်းနှင့် အဆိုတစ်ခု ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။

အစည်းအဝေးတွင် ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၁)မှ ဦးကျော်နီနိုင်၏ ပြည်တွင်းစစ် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ရှောင်တိမ်း နေထိုင်နေကြရသော ဒေသ အသီးသီးမှ စစ်ပြေး ဒုက္ခသည်များအား ပြည်ထောင်စု အစိုးရမှ မည်ကဲ့သို့ စီစဉ် ဆောင်ရွက် ပေးနိုင်မည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာနတွင် ပြန်လည် ထူထောင်ရေး ဦးစီးဌာန အသစ်တစ်ခု ဖွင့်လှစ်ခွင့် ရရှိကာ ပြန်လည်ထူ ထောင်ရေး လုပ်ငန်းများကို ထိရောက်စွာ လုပ်ကိုင်ရန် စီစဉ် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယင်း လုပ်ငန်းများတွင် တိုက်ပွဲရှောင် ပြည်သူများ အတွက် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို စီမံကိန်း အသွင်ဖြင့် ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော် အနေဖြင့် တိုင်းရင်းသား အရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကို အလေးပေး ဆောင်ရွက်လျက်ရှိရာ ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ ပြည်နယ် အစိုးရနှင့် ပြည်ထောင်စု အစိုးရတို့ ပူးပေါင်း၍ အလုပ်အကိုင် အခွင့်အလမ်းများ ဖော် ဆောင်ရန် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ၊ နယ်စပ် ကုန်သွယ်ရေး စခန်းများနှင့် အထူး စီးပွားရေးဇုန်များ အမြန်ပေါ် ပေါက်လာရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်မှ ဆောင်ရွက်လျက် ရှိသော ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အထောက်အကူဖြစ်စေပြီး ငြိမ်းချမ်းမှုများ အလျင်အမြန် ရရှိကာ ဖွံ့ဖြိုးတိုးတက်မှုများ ပိုမိုဖြစ်ထွန်းလာမည်ဟု ယုံကြည်ပါကြောင်း ရှင်းလင်း ဖြေကြား သည်။
စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးကျော်သောင်း၏ ကြက်စာအတွက် ထုံးဓာတ်ပါဝင်သည့် ကျောက်ဆွေးများကို စစ်ကိုင်းမင်းဝံတောင်မှ တူးဖော်ထုတ်ယူ သုံးစွဲနေသောကြောင့် မင်းဝံတောင်ကြီး ပြိုလဲ ပျက်စီးသွားရမည့် အခြေအနေနှင့် ရင်ဆိုင်ကြုံတွေ့နေရပြီ ဖြစ်သဖြင့် အချိန်မီတားဆီး ကာကွယ် စောင့်ရှောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက မင်းဝံတောင် တောရိုင်းတိရစ္ဆာန်ဘေးမဲ့ တောကို ယခင် လယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောဝန်ကြီးဌာန (သစ်တောဌာနစု)၏ ၁၉၇၁ခုနှစ် နိုဝင်ဘာ ၂၆ ရက်က စစ်ကိုင်းခရိုင် စစ်ကိုင်းမြို့နယ်ရှိ မြေဧရိယာအကျယ် အ၀န်း ၅၀၈၇၄ ဧကကို မင်းဝံတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအဖြစ် သတ်မှတ်ခဲ့ပါကြောင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာနအနေဖြင့် ဘေးမဲ့တောအတွင်း ဓာတ်သတ္တု စမ်းသပ်ရှာဖွေ တိုင်းတာခြင်းနှင့် တူးဖော် ထုတ်လုပ်ခြင်းအတွက် ခွင့်ပြုမိန့်များ ထုတ်ပေးထားခြင်း မရှိပါကြောင်း။
သစ်တောဦးစီးဌာနအနေဖြင့် မင်းဝံတောင်တောရိုင်း တိရစ္ဆာန်ဘေးမဲ့တောအား စနစ်တကျ ထိန်းသိမ်း ကာကွယ် စောင့်ရှောက်လျက် ရှိပါကြောင်း၊ ဘေးမဲ့တောအတွင်း တရားမ၀င် ကျောက်၊ ဓာတ်သတ္တု တူးဖော်ခြင်းများကို ဥပဒေအရ ဖမ်းဆီးအရေးယူ ဆောင်ရွက်ခြင်း၊ ဘေးမဲ့တောအနီး ပတ်ဝန်းကျင်ရှိ ဒေသခံ ပြည်သူများအား တောရိုင်း တိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေ၊ နည်းဥပဒေများ ရှင်းလင်းဟောပြောခြင်း၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာပေး ဟောပြောပွဲများ ကျင်းပပြုလုပ်ခြင်း၊ ဘေးမဲ့တောအတွင်း နယ်မြေအလိုက် စဉ်ဆက်မပြတ် ကင်းလှည့်စစ်ဆေးခြင်းနှင့် ကျောက်တူးဖော်မှုမပြုရန် ဆိုင်းဘုတ် စိုက်ထူခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ တရားမ၀င်ကျောက်တူးဖော်သူ များကို တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေများဖြင့် အရေးယူခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိဖွဲ့စည်းထားရှိသည့် ဧရိယာအတွင်း ရှိနေသည့် အခြား မြေအသုံးချမှုများအနက် မလိုအပ်သော မြေအသုံးချမှုများ စနစ်တကျပြန်လည်စိစစ်နိုင်ရန် တိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် ညှိနှိုင်း ဆောင်ရွက်နိုင်မည် ဆိုပါက မင်းဝံတောင်အား ပိုမိုထိရောက်စွာ ကာ ကွယ်စောင့်ရှောက်နိုင်မည် ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားသည်။
ဆက်လက်၍ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမာန်လောမောင်း၏ မေးခွန်းနှင့်စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ရှင်းလင်းဖြေကြားသည်။
ထို့နောက် အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော စာချုပ်စာတမ်းများ မှတ်ပုံတင် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည် ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဝင်းမောင် က ဆွေးနွေးသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးဖေချစ်၏ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ သဘာဝ သယံဇာတများ ပျက်စီးဆုံးရှုံးနေခြင်းကို အမျိုးသားရေး တာဝန်တစ်ရပ် အနေဖြင့် ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ပေးရန် ပြည် ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြရာ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁)မှ ဒေါက်တာခွန်ဝင်းသောင်းက သယံဇာတအမျိုးမျိုး ဆုံးရှုံးမှုအမျိုးမျိုး ရှိသည့်အနက် နယ်မြေမအေးချမ်းမှု မစီမံ မခန့်ခွဲနိုင်မှု၊ စီမံခန့်ခွဲမှု အားနည်းမှုကြောင့် လည်းကောင်း၊ စသည်ဖြင့် နေ့စဉ်နှင့်အမျှ တိုင်းပြည်၏ သယံဇာတများ အဟောသိကံ ဖြစ်နေသည်များကို စာရင်းပြုစု၍ရမည် မထင်ပါကြောင်း၊ ရေနံဓာတ်ငွေ့နှင့် သတ္တုတွင်းထွက်၊ ရေသယံဇာတများကို ပိုင်ပိုင်နိုင်နိုင် စီမံခန့်ခွဲရန် မလွယ်ကူသော်လည်း ဖြေရှင်း ရန် ကြိုးစားသင့်သည့် ကိစ္စဖြစ်ပါကြောင်း၊ သယံဇာတများကို မှန်ကန်စွာ စီမံခန့်ခွဲနိုင်လျှင် တိုင်းပြည်၏ ဘဏ္ဍာများ တိုးတက်လာနိုင်မည် ဖြစ်ပါကြောင်း။
နိုင်ငံအနေဖြင့် စုဆောင်းခြင်းနှင့် တည်ငြိမ်ရေး ရန်ပုံငွေများ ချမှတ်ရန်ထက်မြက် စွာ ဆောင်ရွက်နိုင်ခြင်း မရှိသောကြောင့် သယံဇာတများ အကျိုးအမြတ်နည်းသည့် အပြင် အဆိုးကပ်ဝဲတွင် နစ်နေသောကြောင့် နှစ်စဉ်ရေကြီး ရေလျှံမှု သဘာဝဘေး ဒုက္ခများ ပိုမိုခံစားနေရသည် ကို အားလုံးသိရှိကြပါကြောင်း၊ သယံဇာတ စီမံအုပ်ချုပ်မှု ကောင်းမည်ဆိုလျှင် သဘာဝကြောင့် ဖြစ်ပေါ်သည့် ဘေးဒဏ်များကို လျော့ချနိုင်မည် ဖြစ်ပါကြောင်း၊ စီမံခန့်ခွဲမှုများ ညံ့ဖျင်းမှုကြောင့် သယံဇာတများ ဆုံးရှုံးနေရပါသည်ဟု ပြောနေခြင်းသည် အပြစ်ဖို့သည် မဟုတ်ပါကြောင်း၊ ပြုပြင်စေလွန်း၍ ပြုပြင်လျှင်ရနိုင် သောကြောင့် ပြုပြင်ချင်စိတ်လေး ရှိရန်အတွက် ပြောခြင်း ဖြစ်ပါကြောင်း ဆွေးနွေးသည်။
မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါ်မြတ်သီတာထွန်းက အဆိုထဲတွင် သဘာဝသယံဇာတများ ပျက်စီး ဆုံးရှုံးနေခြင်းဟု ဖော်ပြပါရှိပါကြောင်း၊ ပျက်စီးဆုံးရှုံး ရသည်ဆိုသည်မှာ မထိန်းသိမ်း၊ မကာကွယ်၊ မစောင့်ရှောက်နိုင်ဟု ယေဘုယျအားဖြင့် ပြောရမည် ဖြစ်ပါကြောင်း၊ မည်သည့် အတွက်အကြောင့် မထိန်းသိမ်း မကာကွယ် မစောင့်ရှောက် နိုင်သည်ကို အလေးထားသုံးသပ်ရန် လိုပါကြောင်း၊ မိမိအနေဖြင့် အချက် ၅ ချက် သုံးသပ်မိပါကြောင်း၊ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံနိုင်မှု ငွေကြေး အားနည်းခြင်း၊ ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရန်နှင့် စနစ်တကျ ရေရှည်အသုံးပြုနိုင်ရန် အတွက် ဥပဒေများ ပြည့်စုံလုံလောက်မှုမရှိခြင်း သို့မဟုတ် ပြဋ္ဌာန်းပြီး ဥပဒေများ အား နည်းချက်ရှိခြင်း၊ ဥပဒေအားနည်းချက်များ အပေါ် အခွင့်ကောင်းယူကာ ၀ိသမလောဘ သားများနှင့် လုပ်ပိုင်ခွင့် ရှိသူများပူးပေါင်းပြီး အလွန်အကျွံထုတ်ယူ ကိုယ်ကျိုးရှာခဲ့ကြခြင်း၊ သဘာဝသယံဇာတ ပေါကြွယ်ဝသည့် ဒေသများတွင် တရားဥပဒေ မစိုးမိုးနိုင်ခြင်း၊ ပုံမှန်ငြိမ်းချမ်းနေသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် အစိုးရဌာနလုပ်ပိုင်ခွင့် ရှိသူတစ်ချို့ အဂတိ လိုက်စားခြင်း၊ တာဝန် ပေါ့လျော့ခြင်း၊ အလုပ်ရှုပ် မခံလိုခြင်းများကြောင့် သဘာဝ သယံဇာတလိုင်စင်မဲ့၊ စည်းကမ်းမဲ့ ထုတ်လုပ်ခြင်းများကို ဥပဒေနှင့် အညီ မဆောင်ရွက်ခြင်း တို့ကြောင့် ဖြစ်ပါကြောင်း၊ ဥပဒေကို မျက်ကွယ်ပြုလုပ်ခဲ့ကြ သည့် စီးပွားရေးလုပ်ငန်းများ၏ အရှိန်သည် ယနေ့အချိန်ထိ အားကောင်းဆဲ ဖြစ်နေ သောကြောင့် ထိုအခြေအနေများကို ရပ်တန့်ရန်အတွက် မိမိတို့ ကြိုးစား ရုန်းကန်ရဆဲ ဖြစ်ပါကြောင်း၊ ဥပဒေပြဋ္ဌာန်းချက်များ ရှိလျက်နှင့် တာဝန်ရှိသူများက လုပ်၍ရသည်များကို လုပ်ရန် နှောင့်နှေးပျက်ကွက်မှုများ ရှိနေကြသည့် အတွက် မိမိတို့အနေဖြင့် ထောက်ပြဝေဖန် တိုက်တွန်းကြခြင်း ဖြစ်ကြောင်း ဆွေးနွေးသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၇)မှ ဦးခင်မောင်ဝင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(ဂ)မှ ဦးမာန်လောမောင်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၇)မှ ဦးဇော်ဟိန်းနှင့် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၂)မှ ဦးခင်ဝင်းတို့က ဆွေးနွေးကြသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၁၆ ရက် မြောက်နေ့ကို ဖေဖော်ဝါရီ ၉ ရက်တွင် ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
အေးအေးသန့် (သတင်းစဉ်)

No comments:

Post a Comment