နေပြည်တော်
ဖေဖော်ဝါရီ ၈
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး
(၁၅)ရက် မြောက်နေ့ကို ယနေ့နံနက် (၁၀)နာရီတွင် ကျင်းပရာ လယ်ယာကဏ္ဍဆိုင်ရာ မေးခွန်းများ
မေးမြန်း ဖြေကြားခြင်း၊ မြန်မာသမိုင်းအဖွဲ့ ဥပဒေကြမ်း တင်သွင်းခြင်းနှင့် စက်မှု လယ်ယာစနစ်
ဖော်ထုတ်ခြင်း လုပ်ငန်း အရှိန်အဟုန် မြှင့်တင်ရေး အဆိုအား ဆွေးနွေး ခြင်း၊ အဆုံးအဖြတ်
ရယူခြင်းတို့ကို ဆောင်ရွက်ကြသည်။
အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ်
(၆)ဦး၏ လယ်ယာကဏ္ဍ၊ ဆည်မြောင်း ကဏ္ဍနှင့် နိုင်ငံပိုင်စက်ရုံများ ငှားရမ်းခြင်း ဆိုင်ရာ
မေးခွန်းများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန ဒုတိယဝန်ကြီး
ဦးလှကျော်က ရှင်းလင်း ဖြေကြားသည်။
သာစည်မဲဆန္ဒနယ်မှ ဦးသန်းစိုး၏ သာစည်မြို့နယ်အတွင်းရှိ
ညောင်ရမ်း- မင်းလှကန်ပေါင်အား ပုံစံကျ တည်ဆောက်ပေးရန်နှင့် ရေပေးဝေနေသော အမှတ်(၁)၊
အမှတ်(၅) မြောင်းများကို ပုံစံကျ ပြန်လည် တူးဖော်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်
စပ်လျဉ်း၍ ညောင်ရမ်း- မင်းလှကန် အမှတ်(၁)နှင့် အမှတ်(၅)မြောင်းများ ပုံစံကျ ပြန်လည်
တူးဖော်ခြင်းနှင့် ရေပေးအဆောက်အအုံများ ပြုပြင်ခြင်း လုပ်ငန်းများအတွက် လိုအပ်ရန်ပုံငွေကို
ပြည်ထောင်စု ရန်ပုံငွေတွင် တင်ပြတောင်းခံခဲ့ပါကြောင်း၊ ရန်ပုံငွေခွဲဝေရရှိခြင်း မရှိခဲ့ပါသဖြင့်
လုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း မရှိပါကြောင်း။
လိုအပ်ရန်ပုံငွေကို ၂၀၁၈- ၂၀၁၉ ခု ဘဏ္ဍာနှစ်
ပြည်ထောင်စု ရန်ပုံငွေတွင် ဆက်လက် တင်ပြတောင်းခံရန် လျာထားပြီး ဖြစ်ပါကြောင်း၊ ဘဏ္ဍာရေးနှစ်အလိုက်
ခွင့်ပြုရန်ပုံငွေ ရရှိမှုပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း
ဖြေကြားသည်။
ပေါင်မဲဆန္ဒနယ်မှ ဒေါ်မိကွန်ချမ်း၏ ပေါင်မြို့နယ်အတွင်းရှိ
ကျေးရွာများအနီးတွင် ပေါ်ထွန်းနေသော မြေနုကျွန်း (သောင်နုမြေ)များအား လယ်မဲ့ယာမဲ့ တောင်သူများကို
၂၀၁၂ ခုနှစ်၊ လယ်ယာမြေ ဥပဒေနှင့်အညီ ဦးစားပေး ခွဲဝေပေးခြင်း မရှိဘဲ နီးစပ်ရာ အခြားသော
ပြင်ပပုဂ္ဂိုလ် အဖွဲ့အစည်းများကို လုပ်ပိုင်ခွင့်ပြုခဲ့သည့် မြို့နယ် လယ်/စီ အဖွဲ့အပေါ်
မည်သို့အရေးယူ ဆောင်ရွက်ပေးမည်ကို သိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပေါင်မြို့နယ်အတွင်းရှိ
ကျေးရွာများအနီးတွင် ပေါ်ထွန်းနေသည့် မြေများသည် မြေနုကျွန်းမြေများနှင့် မြေနုကျွန်းမှ
တည်မြဲလာသော မြေရင့်များဖြစ်ပါကြောင်း၊ အဆိုပါမြေများ လုပ်ပိုင်ခွင့် ချထားခြင်းနှင့်
စပ်လျဉ်းပြီး ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီ လယ်ယာမြေ
စီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်ဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း၊ နီးစပ်ရာအခြားသော ပြင်ပပုဂ္ဂိုလ်
အဖွဲ့အစည်းများကို လုပ်ပိုင်ခွင့်ပြုခဲ့ခြင်း မရှိပါကြောင်းနှင့် အဆင့်ဆင့်သော လယ်ယာမြေ
စီမံခန့်ခွဲမှုအဖွဲ့များက လယ်ယာမြေဥပဒေ၊ နည်းဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့သော ကိစ္စရပ်ဖြစ်သည့်
အတွက် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့အား အရေးယူရန် မရှိပါကြောင်း ဖြေကြားသည်။
မိုင်းပန်မဲဆန္ဒနယ်မှ ဦးစိုင်းကျော်မိုး၏
မိုင်းပန်မြို့နယ်အတွင်း လယ်ယာမြေများ ရေလုံလောက်စွာ ပေးနိုင်ရန်၊ နွေရာသီရေရှားပါးမှု
ပြဿနာ ဖြေရှင်းနိုင်ရန်၊ မြို့ရေပေးဝေမှု လုံလောက်နိုင်ရန် အတွက် နန့်ပန်ချောင်းဖျား
ဝိုးလိုင်းဒေသတွင် အလတ်စား ရေလှောင်တမံတစ်ခု တည်ဆောက်ပေးရန်နှင့် အသေးစား ချောင်းပိတ်ဆည်ဖြစ်သော
လ၀ဆည် တိမ်ကောလာမှုကို ပြန်လည် တူးဖော်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍
ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေတွင် တည့်သွင်း တောင်းခံသွားမည်
ဖြစ်ပါကြောင်း၊ ရန်ပုံငွေခွဲဝေရရှိ မှုအပေါ်မူတည်၍ ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း၊
လ၀ရေလွှဲဆည် သဲနုန်း တူးဖော်ခြင်း လုပ်ငန်းအား ယခုနှစ် မတ်လ ပထမပတ်တွင် ဆက်လက် ဆောင်ရွက်
ပေးသွားမည်ဖြစ်ပြီး ယခုဘဏ္ဍာနှစ်အတွင်း လုပ်ငန်းများကို အပြီးဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း
ဖြေကြားသည်။
အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချို၏ နိုင်ငံပိုင်စက်ရုံအချို့ကို
ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ အခကြေးငွေနှင့် နှစ်ချုပ် စာချုပ်ချုပ်ပြီး ငှားရမ်းရာတွင်
ငှားရမ်းလုပ်ကိုင် သူအနေဖြင့် မူလငှားရမ်းစဉ် လုပ်ကိုင်သောလုပ်ငန်းမှာ အဆင်မပြေ တော့သောကြောင့်
အခြားလုပ်ငန်းတစ်ခုကို ပြောင်းလဲ လုပ်ဆောင်ရာတွင် နိုင်ငံတော်သို့ ပေးဆောင်ရသော အခကြေးငွေကို
နှုန်းထားပြောင်းလဲပြီး စာချုပ်ချုပ်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍
ငှားရမ်း လုပ်ကိုင်သူအနေဖြင့် မူလငှားရမ်း လုပ်ကိုင်သည့် လုပ်ငန်း အဆင်မပြေသည့် အတွက်ကြောင့်
အခြားလုပ်ငန်း တစ်ခုသို့ ပြောင်းလဲ ဆောင်ရွက်လိုလျှင် အငှားချထားသော ၀န်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့်
ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်ရန် မြေအသုံးချမှု၊ အဆောက်အအုံ တိုးချဲ့ခြင်း၊
ပြင်ဆင်ခြင်းတို့ အတွက် ၀န်ကြီးဌာန၏ ခွင့်ပြုချက်ကို ပြန်လည် ရယူစေပါကြောင်း၊ ငှားရမ်းခများကို
လိုအပ်ပါက Third Party ဖြင့် ကွင်းဆင်းစစ်ဆေးပြီး သင့်လျော်မှုရှိပါက လုပ်ထုံး လုပ်နည်းများနှင့်
အညီ ပြည်ထောင်စု အစိုးရအဖွဲ့သို့ ပြန်လည်တင်ပြ အတည်ပြုချက်ရယူ၍ စာချုပ်ပြင်ဆင် ချုပ်ဆို
ဆောင်ရွက်လျက် ရှိပါကြောင်း ဖြေကြားသည်။
ဒေးဒရဲမဲဆန္ဒနယ်မှ ဒေါက်တာ ဒေါ်ခင်ညို၏
ဒေးဒရဲမြို့နယ်၊ နှစ်သီးစားလယ်များတွင် ၂၀၁၆ ခုနှစ် နှင့် ၂၀၁၇ ခုနှစ် နှစ်နှစ် ဆက်တိုက်မိုးစပါးစိုက်
လယ်ဧကများ ပျက်စီးနေခြင်းကိစ္စနှင့် ပတ်သက်သည့် မေးခွန်းနှင့် စပ်လျဉ်း၍ ရေကြီးနစ်မြှုပ်မှုကို
ရှောင်လွဲနိုင်စေရန် အတွက် ရေနုတ်မြောင်း တူးဖော်ခြင်းနှင့် စိုက်ချိန်ကာလကို စောစော
စိုက်ပျိုးနိုင်စေရန် အတွက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပူးပေါင်း ညှိနှိုင်း
ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ၂၀၁၇ ခုနှစ် မိုးစပါးရာသီတွင် ဒေးဒရဲ မြို့နယ်၏
မိုးစပါးပျက်စီးမှုကြောင့် တောင်သူ လယ်သမားများ နစ်နာမှုရှိကြောင်း သိရှိမှုအပေါ် ထောက်ပံ့ပေးနိုင်ရေးနှင့်
စပ်လျဉ်းပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ပြန်လည် စိစစ်ပေးနိုင်ရန် ညှိနှိုင်းဆောင်ရွက်
ပေးသွားမည် ဖြစ်ပါကြောင်း၊ သီးနှံပျက်စီးမှုအတွက် ထောက်ပံ့ပေးရမည့် စာရင်းအပေါ်တွင် သဘောထား
ပြန်ကြားပေးနိုင်ရန် အတွက်ကိုလည်း တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ညှိနှိုင်းစာ ပေးပို့ထားပြီး
ဖြစ်ပါကြောင်း ဖြေကြားသည်။
ဗန်းမောက်မဲဆန္ဒနယ်မှ ဦးကျော်စိုး၏ ဗန်းမောက်မြို့နယ်အတွင်း
ပင်ပုံကျေးရွာ အုပ်စု၊ ရွှေနစ်ရွာအနီး ချောင်းကြီးချောင်း ရေလွှဲဆည် တည်ဆောက်ပြီး ၇ လအတွင်း
ပျက်စီးသွားခြင်း ကိစ္စအား မည်သို့ ဆောင်ရွက်ပေးမည်ကို သိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍
အဆိုပါရေလွှဲဆည်၏ ပျက်စီးနေသော အပိုင်းများအား ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းကို ၂၀၁၇
ခုနှစ် နိုဝင်ဘာ ၂၈ ရက်တွင်စတင်၍ မင်းပြည့်စုံကုမ္ပဏီမှ တာဝန်ယူပြီး ဆည်မြောင်းနှင့်
ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ကြီးကြပ်မှုဖြင့် ဆောင်ရွက်ခဲ့ရာ ပြုပြင်ခြင်း
လုပ်ငန်းအားလုံး ပြီးစီးသွားပြီ ဖြစ်ပါကြောင်း၊ နောင်တွင် ယခုကဲ့သို့ တည်ဆောက်ရေးလုပ်ငန်းများကို
သက်ဆိုင်ရာနည်းပညာရပ်ဖြင့် ဆောင်ရွက်အကောင် အထည်ဖော်သည့် ဌာနများမှ လုပ်ထုံး လုပ်နည်းများနှင့်အညီ
စီမံ ဆောင်ရွက်သင့်ကြောင်း သက်ဆိုင်ရာ တိုင်းဒေသကြီးသို့ အသိပေးညှိနှိုင်း ပေါင်းစပ်
ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက “မြန်မာသမိုင်းအဖွဲ့ ဥပဒေကြမ်း”ကိုတင်သွင်းပြီး
ပြည်သူ့လွှတ် တော် ဥပဒေကြမ်းကော်မတီက ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို
ဖတ်ကြားရှင်းလင်းသည်။
ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို
တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ
က ကြေညာထားသည်။
ယင်းနောက် ပြည်မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်စိုးစိုးကြည်
တင်သွင်းထားသည့် “စက်မှုလယ်ယာစနစ် အမြန်ဆုံးဖွံ့ဖြိုး တိုးတက်အောင်မြင်ရန်အတွက် ဧကကွက်များ
ဖော်ထုတ်ခြင်း လုပ်ငန်းကို အမြန်ဆုံး အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား
တိုက်တွန်းကြောင်း” အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ် ၁၂ ဦးတို့က ဆွေးနွေးကြသည်။
လယ်ဝေးမဲဆန္ဒနယ်မှ ဦးမျိုးဇော်ဦးက အဆင့်မြင့်လယ်ယာမြေ
ဧကွက်များ ဖော်ထုတ်ခြင်းဖြင့် လယ်ယာမြေကွက် တစ်ကွက်ခြင်းအလိုက် ရေကိုလိုအပ်သလို အထုတ်အသွင်း
ပြုနိုင်ခြင်း၊ လယ်ကွက်တိုင်းတွင် ကိုယ်ပိုင် ကုန်ထုတ်လမ်း၊ ရေသွင်း မြောင်း၊ ရေထုတ်မြောင်းများ
ရှိလာခြင်း၊ ပုံစံမကျဘဲ ပြန့်ကျဲနေသော လယ်ကွက်များကို ပုံစံကျသော လေးထောင့်ကွက်များအဖြစ်
ပြောင်းလဲပေးနိုင်ခြင်း၊ စက်မှုလယ်ယာ စနစ်သို့ ကူးပြောင်းနိုင်ခြင်း၊ သီးနှံအထွက်နှုန်း
တိုးတက်ခြင်း၊ လယ်ယာလုပ်သား လိုအပ်ချက်များကို လျှော့ချနိုင်ခြင်း၊ ပိုလျှံလာသော လုပ်သား
အင်အားများကို အခြား ကုန်ထုတ် လုပ်ငန်းများတွင် အသုံးပြုနိုင်ခြင်း၊ ရိတ်သိမ်းစရိတ်ကို
လျှော့ချနိုင်ခြင်း၊ လေလွင့်ဆုံးရှုံးမှုများကို သက်သာစေခြင်း၊ လူမှုစီးပွားဘ၀ တိုးတက်မြင့်မားလာခြင်း
စသည့် အကျိုးကျေးဇူးကို ရရှိစေပါကြောင်း ဆွေးနွေးသည်။
ကျုံပျော်မဲဆန္ဒနယ်မှ ဦးစိုးအောင်နိုင်က
ခေတ်မီစိုက်ပျိုးရေး နည်းပညာများကြောင့် အထွက်နှုန်း သိသာစွာတိုးလာပြီး ရရှိလာမည့် အကျိုးကျေးဇူးများကို
တောင်သူများ တိုက်ရိုက် ခံစားကြရမည် ဖြစ်ပါကြောင်း၊ သို့သော်လည်း လယ်ယာမြေများကို အဆင့်မြှင့်ရာတွင်
ကုန်ထုတ်လမ်းများ၊ ရေနုတ်မြောင်းများ ထည့်သွင်း ဖော်ဆောင်ရမည် ဖြစ်သည့် အတွက် တောင်သူများ
ထည့်ဝင်ထားသည့် လယ်ဧကအပြည့် ပြန်မရနိုင်ဘဲ ဧက လျော့နည်းသွားသည့် အတွက် လုပ်ငန်းဖော်ဆောင်ရာတွင်
တောင်သူများ တွန့်ဆုတ် သွားနိုင်ပါကြောင်း၊ မြေယာအငြင်းမှုများ ဖြစ်ပေါ်လာပါက ဖြေရှင်း
ပေးရမည့် ကိစ္စများကိုလည်း ထည့်သွင်း စဉ်းစားရမည် ဖြစ်ပါကြောင်း ဆွေးနွေးသည်။
မအူပင်မဲဆန္ဒနယ်မှ ဦးစိန်ဝင်းက လက်မှုလယ်ယာမှ
စက်မှုလယ်ယာသို့ ချီတက်မည်ဟု ကြွေးကြော်သည်မှာ နှစ်ပေါင်း ၅၀ နီးပါးရှိနေပြီဖြစ်ပါကြောင်း၊
ယနေ့ အချိန်ထိ လက်တွေ့ မလုပ်ဆောင် နိုင်သေးပါကြောင်း၊ အိမ်ရာ တိုက်တာဆောက် လုပ်ခြင်းထက်
လယ်ယာအဆင့်မြင့် မြေကွက်များ ဖော်ထုတ်ခြင်းက ပိုပြီးအရေးကြီးပါကြောင်း၊ ရာသီဥတု ဖောက်ပြန်ခံရမည့်
အဆင့် ၂ ရှိသည့် မြန်မာနိုင်ငံသည် စက်မှု လယ်ယာအဆင့် ရောက်အောင် ဆောင်ရွက်မှသာ ရာသီဥတု
ဖောက်ပြန်မှုဒဏ်ကို ကျော်ဖြတ်နိုင်မည် ဖြစ်ပါကြောင်း ဆွေးနွေးသည်။
ထို့ပြင် အဆိုနှင့်စပ်လျဉ်း၍ ကျိုက်လတ်မဲဆန္ဒနယ်မှ
ဦးရန်လင်း၊ ရွှေဘိုမဲဆန္ဒနယ်မှ ဒေါက်တာဒေါ်အေဇင်လတ်၊ လောင်းလုံမဲဆန္ဒနယ်မှ ဒေါ်ခင်စန္ဒီ၊
ပေါက်ခေါင်း မဲဆန္ဒနယ်မှ ဒေါ်နီနီဒွန်း၊ သာယာဝတီမဲဆန္ဒနယ်မှ ဦးအောင်မြင့်၊ မင်းဘူးမဲဆန္ဒ
နယ်မှ ဦးဝင်းဝင်း၊ ကျောက်တန်းမဲဆန္ဒနယ်မှ ဒေါ်အေးမြမြမျိုး၊ ဝက်လက်မဲ ဆန္ဒနယ်မှ ဦးမြင့်သိန်းနှင့်
ကြို့ပင်ကောက်မဲဆန္ဒနယ်မှ ဦးဌေးမင်းသိန်းတို့ကလည်း အကြံပြု ဆွေးနွေးကြသည်။
အဆိုနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်
ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က နိုင်ငံတော်အနေဖြင့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှ
၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အထိ စနစ်ကျလယ်ယာမြေဧက စုစုပေါင်းဧက ၆၂၃၀၀ ကျော်ကို အကောင်အထည်ဖော်
ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း၊ စနစ်ကျလယ်ယာ မြေဖော်ထုတ်ရေးလုပ်ငန်းတွင် ရေသွင်းရေထုတ်မြောင်းများ၊
ကုန်ထုတ်လမ်းများ ပါရှိပြီး ထောင့်မှန်စတုဂံပုံ ဧကကွက်များကို မြေညီညာမှုရှိအောင် ဖော်ထုတ်ရခြင်း
ဖြစ်ပါကြောင်း၊ ကုန်ကျစရိတ် များပြားမှုရှိပါကြောင်း၊ လယ်မြေ အနေအထားအပေါ် မူတည်ပြီး
တစ်ဧကလျှင် ကုန်ကျစရိတ်ကျပ် (၁၂)သိန်းမှ သိန်း(၂၀)ထိ ကျသင့်မှုရှိပါ ကြောင်း၊ တောင်သူများ၏
အခြေအနေမှာ ကုန်ကျစရိတ်ကျခံနိုင်မှု အင်အားနည်းသည့်အတွက် နိုင်ငံတော်က အခမဲ့ဖော်ထုတ်
ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ စိုက်ပျိုးမြေဧရိယာ များပြားသည့်အတွက် ရေရှည်အခမဲ့
ဖော်ထုတ် ဆောင်ရွက်ပေးရန် အခက်အခဲ ရှိနိုင်ပါကြောင်း၊ လက်ရှိ ဖော်ထုတ်ဆောင်ရွက်မှု အတွေ့အကြုံ
များအရ တောင်သူတစ်ဦးချင်း၏ ပိုင်ဆိုင်မှုမှာ ဧကအနည်းငယ်သာ ဖြစ်သည့်အတွက် တစ်ကွင်းတစ်စပ်တည်း
ဖော်ထုတ်ရန် စည်းရုံး ဆောင်ရွက်ရာတွင် တောင်သူအား လုံး၏ သဘော တူညီမှုရှိရေးသည် အဓိကအချက်ဖြစ်ပါကြောင်း၊
အများစု သဘော တူညီသော်လည်း ကန့်ကွက်သူများ ပါဝင်နေသည့်အတွက် စည်းရုံး ဆောင်ရွက်လျက်
ရှိပါကြောင်း ပြန်လည် ဆွေးနွေးသည်။
ယင်းအဆိုကို လွှတ်တော်က မှတ်တမ်းတင် စောင့်ကြည့်ရန်
ဆုံးဖြတ်ခဲ့သည်။
ကျော်သူထက်
No comments:
Post a Comment