Sunday, February 25, 2018

မြန်မာ့ရုပ်ရှင် ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေး ကျင်းပ


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄
မြန်မာ့ရုပ်ရှင် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆက်လက် ဆောင်ရွက်မည့် အစီအမံများနှင့် ပတ်သက်သည့် အစည်းအဝေးကို ယနေ့ ညနေ ၃ နာရီက ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က   အဖွင့်အမှာစကား ပြောကြားရာတွင် လက်ရှိ အခြေအနေနှင့် ဆီလျော် ကိုက်ညီသည့် ရုပ်ရှင်ဥပဒေသစ် တစ်ရပ် အမြန် ပေါ်ပေါက်ရေး ၀ိုင်းဝန်း ဆောင်ရွက်ကြရန်နှင့် ဥပဒေသစ် မပေါ်ပေါက်မီ ကြားကာလတွင် ဆင်ဆာမူဝါဒနှင့် ပတ်သက်၍ ဖြေလျော့ ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ဆွေးနွေး မှာကြားသည်။
ထို့နောက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နာယက ဦးစိုးမိုး (ပန်းချီစိုးမိုး)နှင့် ဥက္ကဋ္ဌ ဦးဇင်ဝိုင်းတို့က ဆင်ဆာမူဝါဒနှင့် ပတ်သက်၍ ဖြေလျှော့ သင့်သည်များနှင့် ရုပ်မြင်သံကြားနှင့် ဗီဒီယို ဥပဒေတွင် ပြင်ဆင်သင့်သည့် အချက်များကို  ဆွေးနွေး တင်ပြသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က တည်ဆဲဥပဒေ၊ နည်းဥပဒေများ အရ ရုပ်ရှင်နှင့် ဗီဒီယို ဆင်ဆာအဖွဲ့ ပြန်လည် ဖွဲ့စည်းချိန်တွင် လိုက်နာ ဆောင်ရွက်သင့်သည့် အချက်များကို လည်းကောင်း၊ ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေပါ ပြင်ဆင်လိုသည့် အချက်များနှင့် ပတ်သက်၍ မတ်လ ၉ ရက် တွင် ပြန်ကြားရေး ၀န်ကြီးဌာန၌ ပြုလုပ်မည့် အလွှာစုံ ပါဝင်မည့် ဆွေးနွေးပွဲတွင် အသေးစိတ် ဆွေးနွေး စေလိုပါကြောင်းကို လည်းကောင်း ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီး က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
(သတင်းစဉ်)

No comments:

Post a Comment