စစ်တွေ ဖေဖော်ဝါရီ ၁၄
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် နိုင်ငံအတွင်းရှိ ကလေးသူငယ်များ၏ဘဝ
ကနဦးပထမရက်ပေါင်း (၁၀၀၀) အတွင်း အာဟာရပြည့်ဝစွာ စားသုံးခွင့်ရ၍ ကျန်းမာ သန်စွမ်းသော
လူသားအရင်းအမြစ်များအဖြစ် ရှင်သန်ကြီးပြင်းနိုင်စေရေး ရည်ရွယ်ပြီး ကိုယ်ဝန်ဆောင်မိခင်များနှင့်
၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးအထောက်အပံ့ပေးရေး
အစီအစဉ်အား အာဟာရ အခြေအနေနိမ့်ပါးသော ဒေသများဖြစ်သည့် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့်
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများတွင် စတင်အကောင်အထည်ဖော်လျက်ရှိသည်။
အဆိုပါအစီအစဉ်အရ ရခိုင်ပြည်နယ်အတွင်းရှိ
ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂) နှစ်အောက် ကလေးသူငယ်များအား
ပထမအကြိမ် ငွေကြေးထောက်ပံ့မှု အခမ်းအနားအား ဖေဖော်ဝါရီ ၁၄ ရက်က စစ်တွေမြို့ရှိ ရွာကြီးမြောက်ဓမ္မာရုံ၌ကျင်းပရာ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်
ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့ တက်ရောက်၍ ကိုယ်ဝန်ဆောင်မိခင်များနှင့်
အသက်(၂)နှစ်အောက် ကလေးမိခင်များအား ထောက်ပံ့ငွေများ ပေးအပ် ထောက်ပံ့သည်။ ထို့အပြင်
လူမှုဝန်ထမ်းဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်တွေမြို့
သက္ကပြင် IDP စခန်းသို့ သွားရောက်ထောက်ပံ့မှုများ ပြုလုပ်သည်။ အဆိုပါ အစီအစဉ်အရ ပထမအကြိမ်ငွေကြေး
ထောက်ပံ့မှုသည် ၂၀၁၇ ခုနှစ် ဇူလှိုင်လ၊ ဩဂုတ်လနှင့် စက်တင်ဘာလများတွင် အကျုံးဝင်ခဲ့သော
အကျိုးခံစားခွင့်ရှိသူများအတွက်ဖြစ်ပြီး စစ်တွေမြို့နယ်၌ အကျိုးခံစားခွင့်ရှိသူဦးရေ
၈၀၇၆ ဦးရှိကြောင်း သိရသည်။
ထို့နောက် စစ်တွေမြို့၊
စုပေါင်းရုံးအစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် ကျင်းပပြုလုပ်သော
“ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ ရွှေပါရမီပဲနို့အာဟာရဖောင်ဒေးရှင်းမှ ရခိုင်ပြည်နယ်
(၁၇)မြို့နယ် အတွင်းရှိကလေးများအား စဉ်ဆက်မပြတ် ပဲနို့အာဟာရ တိုက်ကျွေးနိုင်ရန်အတွက်
ပဲနို့ကြိတ်စက်များ၊ ဆက်စပ်ပစ္စည်းများနှင့် နည်းပညာ ပေးအပ်လှူဒါန်းပွဲအခမ်းအနားသို့
တက်ရောက်သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့်
ပြည်နယ်ဝန်ကြီးချုပ်တို့က အမှာစကားများ ပြောကြားခဲ့ပြီး ရွှေပါရမီပဲနို့အာဟာရ ဖောင်ဒေးရှင်းဥက္ကဌ၊
ဦးရှိန်ဝင်းက လှူဒါန်းရသည့်အကြောင်းရင်း၊ ပဲနို့သောက်သုံးခြင်း၏ အကျိုးကျေးဇူးများကို
ရှင်းလင်း ပြောကြားပြီး လှူဒါန်းပစ္စည်းများအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ပြည်နယ်လုံခြုံရေးနှင့်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးဗိုလ်မှူးကြီး ဖုန်းတင့်မှ လက်ခံရယူခဲ့ပြီးဂုဏ်ပြု မှတ်တမ်းလွှာ
ပြန်လည်ပေးအပ်ခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်
တာဝန်ရှိသူများက ကလေးငယ်များအား ပဲနို့အချိုရည်များ တိုက်ကျွေးခဲ့ကြသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည်
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊
ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ ဒေသတွင်းပြန်လည်နေရာချထားရေးနှင့် လူမှုဘဝ
ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရန်
ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment