မကွေး ဖေဖော်ဝါရီ ၁၄
(၇၁) နှစ်မြောက် ပြည်ထောင်စုနေ့
အထိမ်းအမှတ်အဖြစ် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ ခရိုင်အားကစားကွင်း၌ ဖေဖော်ဝါရီ ၁၂
ရက်က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် တယ်လီနောမြန်မာမှ ဦးဆောင်၍
ကျောင်းသား/ကျောင်းသူများ၊ ဒေသခံပြည်သူများဖြင့် မြန်မာပြည်မြေပုံအား ပုံဖော်ခဲ့ရာ
မြန်မာနိုင်ငံအတွက် ဂုဏ်ယူစရာ သတင်းစာမျက်နှာ သစ်တစ်ခုဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မကွေးခရိုင်အားကစားကွင်းတွင်
အလျား ၂၃၄ ပေ၊ အနံ ၁၀၆ ပေ၊ စတုရန်းပေ ၂၄၈၀၄ အတွင်း မြန်မာနိုင်ငံမြေပုံ သဏ္ဍာန်ကိုလူဦးရေ
၃၄၆၆ဦး တို့က နိုင်ငံတော်သီချင်းဖြင့် မြန်မာနိုင်ငံ၏မြေပုံကို စုပေါင်းပုံဖော်ခဲ့ရာတွင်
ပထမဆုံး ကြိုးပမ်းဆောင်ရွက်မှုဖြစ်ပြီး လူအင်အားဖြင့် နိုင်ငံ/ တိုက်တစ်ခု၏ မြေပုံကို
အရွယ်အစားအကြီးဆုံးအဖြစ် ဂင်းနစ် ကမ္ဘာ့စံချိန်မှတ်တမ်းအဖွဲ့အစည်းက အတည်ပြုပေးလိုက်ပြီဖြစ်သည့်အတွက်
မြန်မာနိုင်ငံအနေဖြင့် ဂင်းနစ်ကမ္ဘာ့ စံချိန်သစ် တစ်ခု တင်နိုင်ခဲ့ကြောင်း သိရသည်။
“မကွေးမြို့မှာ ပြုလုပ်ရတဲ့အကြောင်းအချက်တွေ
အများကြီးရှိတဲ့အထဲက အဓိကကတော့ နိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့
မွေးရပ်မြေနတ်မောက်မြို့ တည်ရှိရာ တိုင်းမြို့ဖြစ်တာကြောင့် မကွေးမြို့ကို ရွေးချယ်လုပ်ရတာ
ဖြစ်ပြီး (၇၁) နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အနေနဲ့ လုပ်တာလည်းဖြစ်ပါတယ်”ဟု Telenor Myanmar Co,.Ltd တာဝန်ရှိသူမှ ပြောသည်။
၂၀၁၆ ခုနှစ်၊ စက်တင်ဘာလက
အာဖရိကတိုက်မြေပုံအားလူဦးရေ (၈၁၁) ဦးဖြင့် ပုံဖော်၍ ကမ္ဘာ့ဂင်းနစ်စံချိန်ကို နောက်ဆုံးတင်ထားခဲ့ခြင်းဖြစ်ပြီး
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် မြန်မာနိုင်ငံမြေပုံကို လူဦးရေ (၃၄၆၆) ဦးဖြင့်
ပုံဖော်ကာ လူဦးရေအများဆုံးဖြင့် အရွယ်အစားအကြီးဆုံးအဖြစ် စံချိန်ချိုး၍ ဖေဖော်ဝါရီ
၁၄ ရက်တွင် ကမ္ဘာ့ဂင်းနစ် မှတ်တမ်းဝင်သွားခြင်းဖြစ်သည်။
“ဒီနေ့မှာပြည်သူလူထုရဲ့
တစ်ခဲနက်ပါဝင်မှုနဲ့ မြန်မာနိုင်ငံရဲ့ သမိုင်းစာမျက်နှာသစ်တစ်ခုကို ဖွင့်လှစ်နိုင်ခဲ့ပါပြီ။
ဒီကြိုးပမ်းမှုကို ဦးဆောင်ခွင့်ရခဲ့တဲ့အတွက် တယ်လီနောမြန်မာအနေနဲ့ တကယ့်ကိုဝမ်းမြောက်ဂုဏ်ယူပါတယ်။
ဒီလိုစံချိန်သစ် တင်နိုင်ခဲ့တဲ့ ကြိုးပမ်းမှုက ပြည်ထောင်စုနေ့ကို အထူးဂုဏ်ပြုတဲ့ပွဲလည်း
ဖြစ်သလိုပြည်သူအများရဲ့ စည်းလုံးညီညွတ်မှုကိုပြသနိုင်ခဲ့တဲ့ပွဲ လည်းဖြစ်ပါတယ်။ လူငယ်တွေအများစုပါဝင်တဲ့
လူပေါင်းထောင်နှင့်ချီပြီး ကျွန်တော်တို့ မြန်မာနိုင်ငံမြေပုံကြီးကို အတူတကွ လက်တွဲလို့
ပုံဖော်ကြတာကိုမြင်ရတဲ့အချိန်မှာ တကယ်ကို စိတ်လှုပ်ရှားစရာကောင်းသလို ဂုဏ်ယူစရာလည်း
ကောင်းပါတယ် ” ဟု တယ်လီနောမြန်မာ၏ ဒေသဆိုင်ရာ စီးပွားရေးတာဝန်ခံ ဦးရေချမ်းကပြောသည်။
အဆိုပါ ဂင်းနစ်စံချိန်သစ်သည်
မြန်မာနိုင်ငံအတွက် လူအများစု၏ပါဝင်မှုဖြင့် အတိအကျ လိုက်နာရန်လိုအပ်သည့် စည်းမျဉ်းစည်းကမ်းများနှင့်
ကိုက်ညီအောင်ဆောင်ရွက်ခဲ့သောကြောင့် ရရှိခဲ့သည့် ပထမဆုံးစံချိန်ဖြစ်ပြီး ယခင်က ရယူခဲ့ဖူး
သည့် စံချိန်များမှာ တစ်သီးပုဂ္ဂလနှင့် သက်ဆိုင်သော စံချိန်များသာဖြစ်ကြောင်း သိရသည်။
မေသူလွင်(မကွေး-ကိုယ်ပွား)

No comments:
Post a Comment