နေပြည်တော် ဖေဖော်ဝါရီ ၁၄
ဒုတိယအကြိမ် အမျိုးသားလွှတ်တော်
သတ္တမပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ အမျိုးသားလွှတ်တော်
အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ချင်းပြည်နယ်
မဲဆန္ဒနယ်အမှတ်(၂)မှ ဦးရှန်အောရ်၏ မလေးရှားနိုင်ငံတွင်
ရောက်ရှိနေကြသော တရားဝင် စာရွက်စာတမ်းများ ကိုင်ဆောင်ခြင်းမရှိသည့် မြန်မာရွှေ့ပြောင်း
အလုပ်သမားများ တရားဝင်နေထိုင် လုပ်ကိုင် စားသောက်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့်
မလေးရှားအစိုးရနှင့် တွေ့ဆုံဆွေးနွေးပြီး အသိအမှတ်ပြု လက်မှတ် (Certificate of
Identity) ပြုလုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မလေးရှားနိုင်ငံသို့ သွားရောက်မည့် မြန်မာနိုင်ငံသား
အလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ်များ တရားဝင်ထုတ်ပေးပြီး တရားဝင်ဆောင်ရွက်လျက်
ရှိပါကြောင်း၊ အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် မြန်မာနိုင်ငံသားများကိုလည်း မလေးရှားနိုင်ငံဆိုင်ရာ
မြန်မာသံရုံးက မြန်မာ နိုင်ငံသို့ ပြန်လာနိုင်ရန်အတွက် C of I လက်မှတ်များကို ထုတ်ပေးလျက်ရှိပါကြောင်း၊
C of I လက်မှတ်များအား နိုင်ငံကူးလက်မှတ်ကဲ့သို့ အသုံးပြုနိုင်ရန်အတွက် သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်
ဆန့်ကျင်၍ မလေးရှားအစိုးရနှင့် တွေ့ဆုံ ဆွေးနွေးပြီး အသိမှတ်ပြု C of I လက်မှတ်များ
ပြုလုပ်ပေးရန် အစီအစဉ်မရှိပါကြောင်း ဖြေကြားသည်။
ဆက်လက်၍ ကရင်ပြည်နယ်
မဲဆန္ဒနယ်အမှတ်(၁၂)မှ စောယှားဖောင်အွှာနှင့် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄)မှ
ဦးဟန်ဝင်းသိန်းတို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
ဒုတိယ၀န်ကြီး ဦးအောင်ထူးက ရှင်းလင်းဖြေကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော်က
ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော ရှေးဦးအရွယ် ကလေးသူငယ် ပြုစု ပျိုးထောင်ရေးနှင့်
ဖွံ့ဖြိုးရေးဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်နှင့်
သဘောထားမှတ်ချက် အစီရင်ခံစာကို ဥပဒေကြမ်းကော်မတီဝင် ဦးစိုင်းထွန်းအောင်က ဖတ်ကြားတင်ပြသည်။
ယင်းဥပဒေကြမ်းနှင့်
စပ်လျဉ်း၍ အပိုဒ်၊ အပိုဒ်ခွဲများကို တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုရန်အတွက် လွှတ်တော်၏ အဆုံးအဖြတ်ရယူသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး
မဲဆန္ဒနယ်အမှတ်(၉)မှ ဦးဖေချစ်၏ ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော်၏ သဘာဝသယံဇာတများ ပျက်စီးဆုံးရှုံးနေခြင်းကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့်
ထိန်းသိမ်းကာကွယ်စောင့်ရှောက် ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို
လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြရာ တနင်္သာရီ တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ
ဦးခင်မျိုးဝင်းက မြန်မာနိုင်ငံတွင် ငါးနှင့် ရေသယံဇာတအများဆုံး ထုတ်လုပ်နေ သည့် တနင်္သာရီတိုင်းဒေသကြီး
မြိတ်ခရိုင် မြိတ်မြို့တွင် လက်ရှိလည်ပတ်နေသော ငါးအမှုန့်ကြိတ်စက်ရုံ ၅ ရုံရှိပါကြောင်း၊
ယင်းစက်ရုံများတနေ့တာ လည်ပတ်နိုင်ရန် ငါးသားလောင်းများ၊ ငါးသေး၊ ငါးမွှားများဖြစ်သည့်
ကုန်ကြမ်းတန်ချိန် ၃၀၀ ခန့် အသုံးပြုနေရပါကြောင်း၊ လအနည်းငယ်စောင့်ရုံဖြင့် တန်ဖိုးရှိသော
ငါးကြီးငါးကောင်းများဖြစ်လာမည့် ငါးသယံဇာတများ အမြောက်အများ ဆုံးရှုံးနေရပါကြောင်း၊
ယင်းစက်ရုံများတွင် လောင်စာအဖြစ် ထင်းကို တစ်နှစ်တန်ချိန် ၂ သောင်းကျော်ခန့် အသုံးပြုနေရသဖြင့်
သစ်တောသယံဇာတများလည်း များစွာဆုံးရှုံးမှု ဖြစ်ပေါ်နေပါကြောင်း။
ငါးနှင့် ရေသယံဇာတ
ထုတ်လုပ်နေသောနိုင်ငံများ ဥပမာ- ထိုင်းနိုင်ငံတွင် ငါးအမှုန့်ထုတ်လုပ်ရန် ကုန်ကြမ်းများကို
ငါးလေလံဈေးများ၊ စက်ရုံများမှ ထွက်ရှိလာသော ငါးများ၏ဘေးထွက်ပစ္စည်းများဖြစ်သည့် ခေါင်းများ၊ အရိုးများ၊ အရေများ၊ အမြှီးများကို
တိရစ္ဆာန်အစာ အမှုန့်ကြိတ်ရန် ကုန်ကြမ်းအဖြစ် အသုံးပြုသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့်
မြန်မာနိုင်ငံ တွင်လည်း ငါးသေး၊ ငါးမွှားများ၊ ငါးသားလောင်းများ လပိုင်းအတွင်း နိုင်ငံတော်အတွက်
တန်ဖိုးထိုက်တန်စွာရရှိမည့် တန်ဖိုးရှိငါးငယ်လေးများ သိန်းသန်းချီကာ ကြက်စာ၊ ဘဲစာ တိရစ္ဆာန်မွေးမြူရေးအစာအဖြစ်
ငါးနှင့် ရေသယံဇာတများကို အကျိုးမဲ့ဖြုန်းတီးနေခြင်းကို တွေ့ရပါကြောင်း၊ ငါးနှင့် ရေသယံဇာတများ
ပြန်လည်တိုးတက်လာစေရန် ရေတိုရေရှည် စီမံကိန်းများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ရန်
လိုအပ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံ၏ သဘာဝ သယံဇာတများ ပျက်စီးဆုံးရှုံးနေခြင်းကို
အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပေးရန် အတွက် ယင်းအဆိုကို
ထောက်ခံပါကြောင်း ဆွေးနွေးသည်။
အလားတူ ပဲခူးတိုင်းဒေသကြီး
မဲဆန္ဒနယ်အမှတ်(၈)မှ ဒေါက်တာဝင်းမြင့်ချစ်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၀)မှ
နော်လှလှစိုး၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးလှဆန်း၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၁)မှ ဒေါက်တာဝင်းမြင့်၊
မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးအေးမင်းဟန်နှင့် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၀)မှ
ဦးသိမ်းဆွေတို့က ဆက်လက်ဆွေးနွေးကြသည်။
ယင်းအဆိုနှင့်စပ်လျဉ်း၍
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း
က ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေပါလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက်
အမျိုးသား အဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီကို
ဒုတိယ သမ္မတ(၁) နာယကအဖြစ် ဦးဆောင်၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ လုပ်ငန်းကော်မတီ ၆ ရပ်၊ နေပြည်တော်ကောင်စီနယ်မြေ၊
တိုင်းဒေသကြီး၊ ပြည်နယ်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ
ကြီးကြပ်မှုကော်မတီများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၀၁၆ ခုနှစ် ဇွန် ၂ ရက်စွဲပါ အမိန်ကြော်ငြာစာများဖြင့်
ဖွဲ့စည်းခဲ့ပါကြောင်း၊ ၀န်ကြီးဌာနအနေဖြင့် သစ်တောသယံဇာတများ အဓွန့်ရှည်ကြာ စွာ တည်တံ့စေရန်နှင့်
နောင်သားစဉ်မြေးဆက် သစ်တောသယံဇာတများ စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရန်အတွက် ဘက်ပေါင်းစုံမှ
ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် လိုအပ်လျက်ရှိပါကြောင်း၊ သတ္တုကဏ္ဍအနေဖြင့် ဓာတ်သတ္တု
သယံဇာတများကို သားစဉ်မြေးဆက် တူးဖော်ထုတ်လုပ်နိုင်ရေးအတွက် (National Reserve) ဧရိယာများထားရှိခြင်း၊
ဓာတ်သတ္တု သယံဇာတများကို ခေတ်မီနည်းပညာဖြင့် လေလွင့်ဆုံးရှုံးမှု အနည်းဆုံးနှင့် ကုန်ချောအဆင့်အထိ
အရည်အသွေး ပြည့်မီစွာထုတ်လုပ်နိုင်ရန်၊ ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေရန်၊ တာဝန်ယူ၊
တာဝန်ခံမှု အပြည့်အ၀ ရှိသော သယံဇာတတူးဖော် ထုတ်လုပ်သုံးစွဲမှုကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရန်
ရည်ရွယ်ချက်များချမှတ်၍ ကျောက်မျက်ရတနာများနှင့် တွင်းထွက်သယံဇာတများကို အကန့်အသတ်ဖြင့်
ရေရှည်စနစ်တကျ တူးဖော်ထုတ် လုပ်မည်ဖြစ်ကြောင်း။
သဘာဝသယံဇာတကဏ္ဍသည် ကျယ်ပြန့်လှသည့်အပြင်
ဘက်ပေါင်းစုံပါဝင် နေသည့်အတွက် ဥပဒေပြုရေးမဏ္ဍိုင်နှင့် တရားစီရင်ရေး မဏ္ဍိုင်ဖြစ်သည့်
ပြည်ထောင်စုနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၊ အစိုးရ မဟုတ်သောအဖွဲ့များ၊ တိုင်းရင်းသားအဖွဲ့အစည်းများအားလုံး၊ ဒေသခံပြည်သူများအားလုံး
ကျရာအခန်းကဏ္ဍမှ အမျိုးသားရေး အသိစိတ်ဓာတ်ရှိရှိနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ ပိုမိုထိရောက်သည့်
အောင်မြင်မှုရရှိနိုင်မည် ဖြစ်ပါကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်ကြီး တင်သွင်းသည့်
အဆိုအား မှတ်တမ်းတင်သင့်ပါကြောင်း ရှင်းလင်း ဖြေကြားသည်။
ထို့နောက် ယင်းအဆိုနှင့်စပ်လျဉ်း၍
စက်ခလုတ်နှိပ်၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ ထောက်ခံမဲ ၉၂မဲ၊ ကန့်ကွက်မဲ ၈၂ မဲနှင့် ကြားနေမဲ ၄ မဲဖြင့် ထောက်ခံမဲများသဖြင့်
အဆိုအား အတည်ပြုကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ကြေညာသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော်
သတ္တမပုံမှန်အစည်းအဝေး ၁၈ ရက်မြောက်နေ့ကို ဖေဖော်ဝါရီ ၁၅ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း
သိရသည်။
အေးအေးသန့်(သတင်းစဉ်)

No comments:
Post a Comment