နေပြည်တော် ဖေဖော်ဝါရီ ၉
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သည် ယနေ့မွန်းလွဲပိုင်းတွင်
လွှတ်တော်ဝင်းအတွင်းရှိ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမတွင် ဝန်ကြီးဌာနက ချမှတ် ထားသောမူဝါဒများ၊
ပြည်သူကို တိုက်ရိုက်အကျိုးရှိ စေမည့်လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လွှတ်တော်အသီးသီးရှိ
ကော်မတီများမှ ကိုယ်စားလှယ်များအား ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ကျင်းပသည်။
အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဌ
ဦးတီခွန်မြတ်တက်ရောက်၍ နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်
ယနေ့ အစည်းအဝေးတွင် ဝန်ကြီးဌာနတစ်ခု၏ မူဝါဒနှင့် လုပ်ငန်းစဉ်များကို ချဉ်းကပ်လေ့လာ
ခွင့်ရခြင်းဖြစ်ကြောင်း၊ ပြည်သူကရွေးချယ်ပေးထားသော ကိုယ်စားလှယ်များအနေဖြင့် ဥပဒေပြုရေး
တာဝန်အပြင် အပြန်အလှန်ထိန်းကျောင်းခြင်း လုပ်ငန်းစဉ်ကိုလည်းဆောင်ရွက်ရပါကြောင်း၊ ပြည်သူကို
တိုက်ရိုက်အကျိုးရှိ စေမည့် လုပ်ငန်းများကို ကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ့ ကြိုးစားဆောင်ရွက်ကြရန်
တိုက်တွန်းပြောကြားသည်။
ထို့နောက် မိမိမကြာမီက
တက်ရောက်ခဲ့ရသော (AIPA) အစည်းအဝေးတွင် ရခိုင်ဒေသနှင့်ပတ်သက်၍ နိုင်ငံတော်က ဆောင်ရွက်ပေးနေမှု
အခြေအနေများကို တင်ပြရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏
ဆောင်ရွက်ချက်များကို အလေးပေး၍ နိုင်ငံတကာသို့ တင်ပြခွင့်ရခဲ့ပါကြောင်း၊ ဤဝန်ကြီးဌာနမှ
တာဝန် ရှိသူများနှင့် ဝန်ထမ်းများကိုလည်း အသိအမှတ်ပြု ကျေးဇူးတင်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး
ဒေါက်တာဝင်းမြတ်အေးက အစိုးရနှင့်လွှတ်တော်တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပြည်သူကိုတိုက်ရိုက်အကျိုး
ဖြစ်ထွန်းစေသော ဆောင်ရွက်ချက်များကို ပိုမိုဆောင်ရွက် လာနိုင်မည်ဖြစ်ကြောင်း၊ လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် ကိုယ်ဝန်ဆောင် မိခင်နှင့်၎င်းမှ
မွေးဖွားသော ကလေးအသက် (၂) နှစ်အထိ ထောက်ပံ့ကြေးပေးသော စနစ်နှင့် အသက်(၉၀)နှစ်နှင့်အထက်
ဘိုးဘွားများ ကို လူမှုရေးပင်စင်လစဉ် ပေးအပ်မှုများကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ယခုအခါ
ပြည်သူများ၏ လိုအပ်ချက်များကို ထိထိ ရောက်ရောက် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက်
ဝန်ကြီးဌာနကို ယခင်ဦးစီးဌာန(၂)ခုရှိရာမှ လူမှုဝန်ထမ်း ဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ
စီမံခန့်ခွဲမှု ဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေး ဦးစီးဌာနဟူ၍ ပြန်လည်ထူထောင်ရေး ဦးစီးဌာနကို
တိုးချဲ့ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊
ပဋိသန္ဓေတည်ချိန်မှစ၍
သက်ကြီးရွယ်အိုအထိ ကြုံတွေ့ကြရမည့် လူမှုကိစ္စအဝဝကို တာဝန်ယူဆောင်ရွက်ရသော မိမိတို့ ဝန်ကြီးဌာနသည်
လူတိုင်းလူ့ ဂုဏ်သိက္ခာနှင့်အညီ နေထိုင်နိုင်ရေးနှင့် လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက်
မူဝါဒများချမှတ်၍ အလေးထား ဆောင်ရွက်နေပါကြောင်း၊ ပြည်သူများ၏ လက်ရှိရင်ဆိုင်ကြုံ တွေ့နေရသော
လိုအပ်ချက် များကို ပြည်သူကြားသို့ အမြဲရောက်ရှိနေသော လွှတ်တော်ကိုယ်စားလှယ်ကြီးများက
ပိုမိုသိရှိနိုင်ပြီး ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ပြည်သူကိုပိုမိုအကျိုးပြုနိုင်မည်ဟု
ယုံကြည်ပါကြောင်းနှင့် နိုင်ငံအဝှမ်းပဋိပက္ခများ ကင်းဝေးပြီး ဖွံ့ဖြိုးတိုးတက်မှု ဖြစ်ပေါ်စေရန်အတွက်
တစ်နိုင်ငံလုံးရှိသော ပြည်သူများ၏အင်အားကိုရယူကာ ဆက်လက်ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြင့်
ပြောကြားသည်။
ထို့နောက် လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာန(၃)ခုမှ ညွှန်ကြားရေးမှူးချုပ်များက
ဦးစီးဌာနများ၏ လုပ်ငန်းစဉ်များနှင့် ရှေ့ဆက်ဆောင်ရွက်လိုသော လုပ်ငန်းအစီအမံများနှင့်
ပတ်သက်၍ အသီးသီးတင်ပြဆွေးနွေးရာ တက်ရောက်လာကြသော ရေးရာကော်မတီများမှ လွှတ်တော်ကိုယ်စားလှယ်
များက သက်ဆိုင်ရာ မဲဆန္ဒနယ်များတွင် ကြုံတွေ့နေကြရသော ပြည်သူတို့၏လိုအပ်ချက်များ၊ မြို့နယ်အဆင့်
ရုံးမြေနေရာ ရရှိနိုင်မှုအခြေအနေ၊ ကလေးသူငယ်ဆိုင်ရာကိစ္စရပ်များ၊ အမျိုးသမီးအခွင့်အရေး
ဆိုင်ရာကိစ္စရပ်များ၊ သဘာဝဘေး ကြိုတင်ပြင်ဆင်ထားနိုင်မှုတွင် ပါဝင်ဆောင်ရွက်ကြမည့် အခြေအနေများ၊
မူးယစ်ဆေးဝါးပြန်လည် ထူထောင်ရေး ကိစ္စရပ်များနှင့် တိုက်ပွဲရှောင်ပြည်သူများ ပြည်လည်နေရာ
ချထားရေးကိစ္စရပ်များ၊မသန်စွမ်းများ၏ အခွင့်အရေး ကိစ္စရပ်များ၊ သက်ကြီး ပင်စင်ကိစ္စရပ်များစသည်တို့ကို
အကြံပြုမေးမြန်းဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိ သူများက ပြန်လည်ဖြေကြား
ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment