Sunday, February 25, 2018

ရခိုင်ပြည်နယ် စစ်တွေမြို့၌ လက်လုပ်မိုင်း ၃ လုံးပေါက်ကွဲ မပေါက်ကွဲ သေးသည့် မိုင်းသုံးလုံးအား သက်မဲ့ပြုလုပ်ခဲ့


နေပြည်တော် ဖေဖေါ်ဝါရီ ၂၄
ရခိုင်ပြည်နယ် စစ်တွေမြို့၌ ယနေ့ နံနက် စောစောပိုင်းတွင် လက်လုပ်မိုင်း ၃ လုံး ပေါက်ကွဲခဲ့ပြီး မပေါက်ကွဲသေးသည့် လက်လုပ်မိုင်း ၃ လုံး ရှာဖွေ တွေ့ရှိသဖြင့် သက်မဲ့ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်တွေမြို့ ပြည်တော်သာ ရပ်ကွက်ရှိ ပြည်နယ်တရားရုံးရှေ့ လျှပ်စစ် ထရန်စဖော်မာတွင် နံနက် ၄ နာရီ ၁၀ မိနစ်ခန့်က ဒေသန္တရ လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ပြီး ထရန်စဖော်မာကို ထိမှန်ကာ လျှပ်စစ်မီး တစ်နာရီကျော် ပြတ်တောက် သွားခဲ့ကြောင်း သိရသည်။
အလားတူ နံနက် ၄ နာရီ ၁၁ မိနစ်ခန့်တွင် ပြည်တော်သာ ရပ်ကွက် ပြည်တော်သာ လမ်းမကြီးရှိ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး၏ နေအိမ် အနောက်ဖက် ခြံစည်းရိုး၌ လက်လုပ် မိုင်းတစ်လုံး ထပ်မံ ပေါက်ကွဲခဲ့ရာ လုံခြုံရေးတာဝန် ထမ်းဆောင်နေသော ရဲတပ်သား တစ်ဦး၏ ယာဘက် နားထင်သို့ လွှင့်စင်လာသည့် မှန်စထိမှန် ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ်ခြံဝင်း အတွင်း ရပ်ထားသည့် MARK II ယာဉ်နှစ်စီး လေကာမှန်များ ကွဲအက်ကာ ယာဉ် ကိုယ်ထည်ကို မိုင်းစများ ထိမှန်ခဲ့ကြောင်း သိရသည်။
နံနက် ၄ နာရီ ၁၂ မိနစ်ခန့်တွင် ပြည်နယ်မြေစာရင်းရုံး ခြံစည်းရိုး အပြင်ဘက်၌ လက်လုပ် မိုင်းတစ်လုံး ထပ်မံ ပေါက်ကွဲခဲ့သော်လည်း တစ်စုံတစ်ရာ ထိခိုက်မှု မရှိကြောင်း သိရသည်။
မိုင်းပေါက်ကွဲသည့် နေရာများသို့ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် မိုင်းရှင်းလင်းရေး အဖွဲ့များ သွားရောက် စစ်ဆေး ရှင်းလင်းခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၏ နေအိမ်ခြံစည်းရိုး၏ အနောက်ဖက် ၁၂ ပေခန့်အကွာ ပန်းခုံအနီး၌ မပေါက်ကွဲ သေးသည့် လက်လုပ် မိုင်းတစ်လုံးနှင့် ပြည်နယ် မြေစာရင်းရုံး ခြံစည်းရိုး အပြင်ဖက်တွင် လက်လုပ်မိုင်း နှစ်လုံး ထပ်မံ ရှာဖွေ တွေ့ရှိခဲ့ကြောင်း၊ လက်လုပ်မိုင်း သုံးလုံးမှာ ဘောစေ့နှင့် သံဖြတ်စများ ပါဝင်ပြီး ၃၆ ပေါင်ခန့် အလေးချိန်ရှိကာ အဝေးထိန်း စနစ်ဖြင့် ဖောက်ခွဲရန် ပြုလုပ်ထားသည့် မိုင်းများ ဖြစ်ကြောင်း၊  ယင်းလက်လုပ်မိုင်းများကို  နံနက် ၇ နာရီ ၄၅ မိနစ်တွင် သက်မဲ့ ပြုလုပ်ခဲ့သည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ ပေါက်ကွဲမှုနှင့် ပတ်သက်၍  ဖောက်ခွဲ ဖျက်ဆီးသူ တရားခံများအား ဖမ်းဆီးရမိရေး စစ်တွေ မြို့မရဲစခန်း၌ (ပ)၂၆/၂၇/၂၈/၂၀၁၈၊ ပေါက်ကွဲ အက်ပုဒ်မ-၃ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိပြီး သံသယရှိ သူများအား စိစစ် ဖော်ထုတ်လျက် ရှိကြောင်း သိရှိရသည်။
(သတင်းစဉ်)

No comments:

Post a Comment