ရန်ကုန်-ဖေဖော်ဝါရီ
၂၄
သတ္တမအကြိမ် နိုင်ငံတော် ဗဟိုသံဃာ့ ၀န်ဆောင်အဖွဲ့
ဆဋ္ဌအစည်းအဝေး ဒုတိယနေ့ကို ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ
မဟာပါသာဏ လိုဏ်ဂူ သိမ်တော်ကြီး၌ ယနေ့ နံနက် ၈ နာရီတွင် ကျင်းပသည်။
အဆိုပါအစည်းအဝေးသို့ နိုင်ငံတော် သြ၀ါဒါစရိယ
ဆရာတော်ကြီးများ၊ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ၊ နိုင်ငံတော် ဗဟိုသံဃာ့ ၀န်ဆောင်
ဆရာတော်ကြီးများ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊
အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံ၊ သာသနာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦး၊
အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ်(စီမံ) ဦးခင်မောင်ဝင်းနှင့်
အရာထမ်း/ အမှုထမ်းများ၊ တိုင်းဒေသကြီး/ ပြည်နယ် သာသနာရေးမှူးများ တက်ရောက် ကြည်ညိုကြသည်။
အစည်းအဝေး၏ သဘာပတိ ဆရာတော်အဖြစ် နိုင်ငံတော်ဗဟိုသံဃာ့
ဝန်ဆောင် အဖွဲ့ ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တပညာနန္ဒ
က ဆောင်ရွက်တော်မူပြီး အခမ်းအနားမှူး ဆရာတော်အဖြစ် တွဲဖက်အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာဂန္ထ
ဝါစကပဏ္ဍိတ ဘဒ္ဒန္တနန္ဒသာရ က ဆောင်ရွက်တော်မူသည်။
ယင်းနောက် အခမ်းအနားမှူး ဆရာတော်က အစည်းအဝေး
စတင်ကြောင်းနှင့် ကြွရောက်တော် မူလာကြသော နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်များ
အရေအတွက်ကို ဖတ်ကြား လျှောက်ထားပြီး အစည်းအဝေး ထမြောက် အောင်မြင်ကြောင်း ကြေညာသည်။
ထို့နောက် ဖြန့်ဝေဆက်ကပ်ထားသည့် အစီအစဉ်တွင်ပါရှိသည့်အတိုင်း
အစည်းအဝေးကျင်းပသွားမည်ဖြစ်ကြောင်း ကြေညာပြီး နိုင်ငံတော်ဗဟို သံဃာ့ ၀န်ဆောင် ဆရာတော်များက
တင်ပြလာသော အကြံဉာဏ်များကို တွဲဖက် အကျိုးတော် ဆောင် ဆရာတော်များဖြစ်ကြသည့် အဂ္ဂမဟာပဏ္ဍိတ
ဒွိပိဋကဓရ ဘဒ္ဒန္တအဂ္ဂဓမ္မ နှင့် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသီလာစာရာဘိဝံသ တို့က ရှင်းလင်းပြောကြားပြီး
နံနက်ပိုင်း အစည်းအဝေးကို ရပ်နားသည်။
မွန်းလွဲ ၁ နာရီတွင် အစည်းအဝေးကိုပြန်လည်စတင်ပြီး
နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့၏ တစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့သော အစီရင်ခံစာကို
ဝိနိစ္ဆယရေးရာ၊ သာသနာရေးရာ၊ ပညာရေးရာ ကဏ္ဍအလိုက် ကိုယ်စားလှယ် ဆရာတော်များက ဆွေးနွေးတော်မူကြပြီး
ဒုတိယနေ့ အစည်းအဝေးကို ရပ်နားသည်။
ယနေ့အစည်းအဝေးသို့ ကြွရောက်တော် မူလာကြသည့်
ဆရာတော်ကြီးများကို မိခင်ကြီး ဒေါ်တင်ဝင်းရီ အား အမှူးထား၍ ဗိုလ်မှူးကြီး သိန်းဌေး (ငြိမ်း)၊
ဒေါက်တာ ဒေါ်မြသီတာ (သီဟသုဓမ္မသိင်္ဂီ)၊ သမီး အမရာနှင့် အိနြေ္ဒမဒီဆွေတင်၊ သား လင်းမောင်မောင်နှင့်
လင်းညီညီဆွေတင် မိသားစု အမှတ်(၃၃) ဗိုလ်ရာညွန့်လမ်း ဒဂုံမြို့နယ်က တစ်နေ့တာဆွမ်း ဆက်ကပ်
လှူဒါန်းခဲ့ကြသည်။
(သတင်းစဉ်)

No comments:
Post a Comment