Tuesday, February 20, 2018

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီးတို့နှစ်(၇၀)ပြည့် ချင်းအမျိုးသားနေ့အခမ်းအနား သို့ တက်ရောက်အားပေး

နေပြည်တော် ဖေဖော်ဝါရီ ၂၀
နှစ်(၇၀)ပြည့် ချင်းအမျိုးသားနေ့ အခမ်းအနားကို ယနေ့ညနေ ၅နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်အဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II) ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်တို့ တက်ရောက်အားပေးကြသည်။

အခမ်းအနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် ဇနီး ဒေါက်တာရွှေလွှမ်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်ဇနီး ဒေါ်နန့်ကြင်ကြည်၊ နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်နှင့်ဇနီး ဒေါ်ဌေးရီ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့်ဇနီး ဒေါ်အေးသီတာ၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန် မြတ်နှင့်ဇနီး၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့်ဇနီး၊ ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်း စစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟို ဘဏ်ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌနှင့် ၎င်းတို့၏ဇနီးများ၊ ဒုတိယ ၀န်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ချင်းတိုင်းရင်းသား တိုင်းရင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ချင်းတိုင်းရင်းသား တိုင်းရင်းသူလေးများက “လှပတဲ့ချင်းပြည် အဖွင့်သီချင်းကို သီဆို၍ နှစ်(၇၀)ပြည့် ချင်းအမျိုးသားနေ့ အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နှုတ်ခွန်းဆက် အမှာ စကားပြောကြားသည်။
ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ချင်းပြည်နယ် အတွင်း လူမှုအကျိုးစီးပွားဖြစ်ထွန်းအောင် ကူညီခဲ့သူများနှင့် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် PhD ပါရဂူဘွဲ့ရရှိကြသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ကန်ပက်လက်မြို့နယ်ကိုယ်စားပြု ရိုးရာယဉ်ကျေးမှုအကအဖွဲ့က တိုင်းရင်း သားရိုးရာ အကဖြင့် ကပြဖျော်ဖြေ တင်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတနှင့် ဇနီးတို့သည် အခမ်းအနားသို့ တက်ရောက် လာကြ သည့် ဧည့်သည်တော်များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တေးသံရှင်းများကတောင်ပေါ်ခေါင်ရည် ချိုမြ မြ၊ “ချင်းတောင်တန်းမှ ကြိုဆိုပါ၏ သီချင်းတို့ဖြင့် သီဆိုဖျော်ဖြေ တင်ဆက်သည်။
ယင်းနောက်  ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း တို့က အားကစားပြိုင်ပွဲ အမျိုးမျိုးတွင် နိုင်ငံတော်ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့်  ချင်း တိုင်းရင်းသား၊ တိုင်းရင်းသူ နိုင်ငံ့လက်ရွေးစင် အားကစားသမားများအား ဂုဏ်ပြုမှတ် တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် မြို့နယ်ကိုယ်စားပြု ရိုးရာယဉ်ကျေးမှုအကအဖွဲ့များက ဓားသိုင်းအက၊ ၀ါးညှပ် အက၊ ချင်းရိုးရာအကများဖြင့်လည်းကောင်း၊ တေးသံရှင်များက ချင်းပြည်နယ်အကြောင်း ရေးဖွဲ့ ထားသည့် တေးသီချင်းဖြင့်လည်းကောင်း ကပြသီဆို ဖျော်ဖြေတင်ဆက်ကြပြီး နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်၊ ဒုတိယသမ္မတနှင့် ဇနီးနှင့် အခမ်းအနားသို့ တက်ရောက်လာကြ သူများသည် “တောင်ပေါ်ခေါင်ရည်ချိုမြမြ သီးချင်းကို အတူတကွသီဆိုကြကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

No comments:

Post a Comment