နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်
Association of World Election Bodies (A-WEB) ၊ Mitsubishi Research Institute,
Inc. (MRI) တို့ ရွေးကောက်ပွဲ စီမံခန့်ခွဲမှု အဆင့်တိုးမြှင့်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ
လက်မှတ်ရေးထိုး ခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ
ကော်မရှင်ရုံး၊ အစည်း အဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့်
အဖွဲ့ဝင်များဖြစ်သည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်၊ ဦးမြင့်နိုင်၊
ဦးသန်းဌေး၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက
ကော်မရှင်အနေဖြင့် MRI နှင့် ယခုမှစတင် ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်သော်လည်း
A-WEB နှင့် ယခင်ကတည်းက ပူးပေါင်းဆောင်ရွက်မှုရှိခဲ့ပါကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာ
သင်တန်းများသို့ သင်တန်းသားများ စေလွှတ်ခြင်းနှင့် သမ္မတရွေးကောက်ပွဲများသို့ သွားရောက်လေ့လာခြင်းတို့
ရှိခဲ့ပါ ကြောင်း၊ ယခုပူးပေါင်းဆောင်ရွက်မှုမှာ မဲစာရင်းပြုစုခြင်းလုပ်ငန်းစဉ်တွင် ICT
နည်းပညာအသုံးပြု ဆောင်ရွက်ရေးဖြစ်ပြီး မဲရလဒ်ရေတွက်ခြင်းနှင့် မဲရလဒ်များကြေညာခြင်းတို့ကိုလည်း
တတ်နိုင်သမျှ ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်နိုင်ခြင်းသည်
မြန်မာနိုင်ငံနှင့် ကိုရီးယားနိုင်ငံ၊ ဂျပန်နိုင်ငံတို့၏ ချစ်ကြည်ရင်းနှီးမှုကို တိုးမြှင့်စေမှာ
ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ MRI အဖွဲ့၏
ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Tomoki Takahashi က ယခုပူးပေါင်းဆောင်ရွက်မှုသည် ကုမ္ပဏီအနေဖြင့်ဖြစ်သော်လည်း ဂျပန်အစိုးရ၏ ဆောင်ရွက်မှုဖြစ်ပါကြောင်း၊ ယခုကဲ့သို့
နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးနိုင်သည့် အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊
A-WEB အဖွဲ့၏ ညွှန်ကြားရေးမှူးချုပ် Mr. Sang Rock Bae က ယခုပူးပေါင်းဆောင်ရွက်ရာတွင် မဲစာရင်းပြုစုခြင်း၊
မဲရလဒ်များရေတွက်ခြင်း၊ မဲရလဒ်များ တစ်နေရာမှတစ်နေရာသို့ ပို့ဆောင်ခြင်းတို့ကို
ICT နည်းပညာအသုံးပြု ဆောင်ရွက်မှာဖြစ်ပြီး လူထုယုံကြည်မှုမြင့်တက်၍ ရွေးကောက်ပွဲတွင်
ပိုမို ပါဝင်လာစေရန် ရည်ရွယ်ပါကြောင်း၊ နောက်သုံးနှစ်အထိ ယခုလုပ်ငန်းစဉ်အား ဆောင်ရွက်ရန်
ရည်ရွယ်ထားပါကြောင်း ပြောကြားသည်။
ယင်းနောက် နားလည်မှုစာချွန်လွှာအား
လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment