Sunday, February 25, 2018

လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ကိစ္စရပ်များနှင့် ပတ်သက်၍ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ စက်မှု ကုန်ထုတ်လုပ်သူများ အသင်းနှင့် ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ


နေပြည်တော် ဖေဖော်ဝါရီ ၂၄
လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ကိစ္စရပ်များနှင့် ပတ်သက်၍ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ စက်မှု ကုန်ထုတ်လုပ်သူများ အသင်းနှင့် ညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ ရန်ကုန်မြို့၌ ကျင်းပသည်။

ရှေးဦးစွာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က လက်ရှိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ပမာဏ (၃၀၀၀) မဂ္ဂါဝပ်မှ နောက်ထပ် (၃၀၀၀) မဂ္ဂါဝပ်အား (၃)နှစ်အတွင်း တိုးမြှင့် ထုတ်လုပ်နိုင်ရန် ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ လျှပ်စစ်ဓာတ်အား လိုအပ်ချက် များစွာဖြင့် နေထိုင်ခဲ့သော ကာလမှာ များစွာကြာပြီ ဖြစ်ပါကြောင်း၊ သို့ပါ၍ နောက်ထပ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု (၃၀၀၀) မဂ္ဂါဝပ်အား (၃)နှစ်အတွင်း ထုတ်လုပ်နိုင်ရေး စတင်ဆောင်ရွက်ရန် အသိပေး ပြောကြားခဲ့ပါကြောင်း၊ အဆိုပါ စီမံကိန်းများနှင့် အတူ လျှပ်စစ် ဓာတ်အား ပို့လွှတ်နိုင်ရေး အတွက် ဓာတ်အား လိုင်းအသစ်များအား (500)kV စနစ်များဖြင့် စတင် တည်ဆောက်ရန် စီစဉ်ခဲ့ပါကြောင်း၊ အဆိုပါ တည်ဆောက်ရေး လုပ်ငန်းများအား တိုင်းပြည်၏ ဘဏ္ဍာငွေအပေါ် မှီခိုဆောင်ရွက်ခြင်း မပြုဘဲ Private Sector က တည်ဆောက်ရန် စီစဉ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊
ထို့အပြင် ၂၀၂၁ ခုနှစ် တွင် ပြည်တွင်းမှ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု ကျဆင်းလာချိန်တွင် စုစုပေါင်း (၆၀၀၀) မဂ္ဂါဝပ် ထုတ်လုပ်နိုင်ရေး အချိန်ကာလအရ တပြိုင်နက်တည်း စီမံဆောင်ရွက်ရန် ပြင်ဆင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ အခြား တစ်ဖက်တွင်လည်း ရေအားလျှပ်စစ် စီမံကိန်းများ ထုတ်လုပ်နိုင်သည့် အရင်းအမြစ်များ နိုင်ငံတော်တွင် များစွာ ရှိပါကြောင်း၊ ယခင် သဘောတူ ချုပ်ဆိုခဲ့သော MOU များအရ Install Capacity (၄၈၀၀၀) မဂ္ဂါဝပ်ရှိသည်ဟု ဖော်ပြနိုင်သော်လည်း လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိပါကြောင်း၊ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် အရ ထိခိုက်မှု အနည်းဆုံး ဖြစ်စေမည့် ရေအားလျှပ်စစ် စီမံကိန်းများအား စနစ်တကျ ဆောင်ရွက်ရန် စီစဉ်လျက် ရှိပါကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ရာတွင် အနှောင့်အယှက် အတားအဆီးများ ပေါ်ပေါက်လာသည်ကို သတိထားရန် အရေးကြီးပါကြောင်း၊ တစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိရေး အိမ်သုံးနှင့် အသေးစား၊ အလတ်စား၊ အကြီးစားစက်မှု လုပ်ငန်းများ အားလုံးကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနိုင်ရေး အတွက် Link Area များ သတ်မှတ် ဆောင်ရွက်မှုအား ကာလတိုအနေဖြင့် စီမံဆောင်ရွက်လျှက် ရှိပါကြောင်း၊ လျှပ်စစ် ဓာတ်အားနှင့် လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ရေးအား Master Plan မဟာစီမံကိန်းအား တစ်ပြိုင်နက်တည်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ ၎င်းကဏ္ဍနှစ်ရပ်လုံး အတွက် ၂၀၂၀ စီမံချက်နှင့် ၂၀၂၅ စီမံချက်များအား နိုင်ငံတော်သို့ တင်ပြ အတည်ပြု ဆောင်ရွက်လျက် ရှိပါကြောင်း၊ စက်မှုဇုန်များ အတွက် လိုအပ်သော လျှပ်စစ်ဓာတ်အားများကို Phase by Phase အဆင့်ဆင့်ဖြင့် ပံ့ပိုးပေးသွားမည် ဖြစ်ပါကြောင်း၊ ယနေ့တင်ပြ ဆွေးနွေးမှုများ အရလည်း ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ကျေးလက်ဒေသ လျှပ်စစ်မီး ရရှိရေး အပိုင်းတွင် (၆၀%)သော ကျေးလက်နေ ပြည်သူများအား လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးနိုင်ရေး အတွက် Grid Extension ဓာတ်အားလိုင်းများ တိုးချဲ့ တည်ဆောက်ခြင်း၊ Mini and Micro Hydro, Tidal Plan စသည်တို့အား သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိပါကြောင်း၊ အဓိက လျှပ်စစ်ဓာတ်အား လိုအပ်မှုမှာ နိုင်ငံ၏ (၄၀%)ဖြစ်ပြီး အဆိုပါ အရပ်ဒေသများတွင် လူဦးရေ ထူထပ်ခြင်း၊ စက်မှုလက်မှု လုပ်ငန်းများ များပြားခြင်း၊ စီးပွားရေး ဒေသများ ဖြစ်ခြင်းတို့ကြောင့် ပြည်တွင်း ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက် လာနိုင်သည့် အဆိုပါ ဒေသများအတွက် တိုးမြှင့် လိုအပ်လာမည့် လျှပ်စစ်ဓာတ်အားကို ဖြန့်ဖြူးနိုင်ရေး အတွက် အလေးပေး ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့် မြန်မာနိုင်ငံ စက်မှု ကုန်ထုတ်လုပ်သူများ အသင်း ဥက္ကဋ္ဌ ဒေါက်တာ အောင်သိန်း တို့မှ လျှပ်စစ်နှင့် စွမ်းအင် ဆိုင်ရာ လိုအပ်ချက်များ တင်ပြဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၏ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ ကော်မတီမှ တာဝန် ရှိသူများမှ လျှပ်စစ်ကဏ္ဍတွင် ရင်းနှီး မြှုပ်နှံမည့် လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို လည်းကောင်း၊ စက်မှုဇုန်များရှိ တာဝန်ရှိသူများမှ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ လိုအပ်ချက်များအား လည်းကောင်း တင်ပြ ဆွေးနွေးခဲ့ကြရာ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်မှ စက်မှုဇုန်များ အလိုက် ဓာတ်အား သုံးစွဲမှုနှင့် ဓာတ်အား လိုအပ်ချက်အပေါ် ဝန်ကြီးဌာနမှ စီမံ ဆောင်ရွက် ပေးနေသည့် အခြေအနေများကို ဖြည့်စွက် ရှင်းလင်း တင်ပြသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment