Friday, February 9, 2018

နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဒေသခံ ပြည်သူများအနေဖြင့် ၀ိုင်းဝန်း ပူးပေါင်း ပါဝင်ကူညီ ဆောင်ရွက်စေလို


ပုဂံ၊ ဖေဖော်ဝါရီ ၇
ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် ချင်းပြည်နယ်၌ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့ နံနက်ပိုင်းတွင် ကန်ပက်လက်မြို့ Win Unity Hotel အစည်းအဝေးခန်းမ၌ ကန်ပက်လက် ဒေသခံပြည်သူ ရပ်မိရပ်ဖများနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ချင်းပြည်နယ် ၀န်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးဇိုဘွဲ့၊ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ်နှင့် ဦးကျော်လင်း၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒေသခံပြည်သူ ရပ်မိရပ်ဖများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယသမ္မတက ချင်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းကို ဆက်သွယ်ထားသည့် လမ်းများ၏ အခြေအနေများနှင့် ချင်းပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို မျက်မြင် လာရောက် ကြည့်ရှုခြင်း ဖြစ်ပါကြောင်း၊ ဒေသခံပြည်သူများ၏ ဒေသဖွံ့ဖြိုးရေး တင်ပြချက်များကို သိရှိလို၍ လာရောက်ခြင်းလည်း ဖြစ်ပါကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အတွက် နည်းလမ်းမျိုးစုံ ဘက်ပေါင်းစုံ ရှုထောင့် ပေါင်းစုံဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းနေသည့် အချိန်ကာလလည်း ဖြစ်ပါကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့် ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ချင်းပြည်နယ် အတွင်းလမ်း ကွန်ရက်များနှင့် အဓိကလမ်းမများ တည်ဆောက်ခြင်း၊ လေယာဉ်ကွင်းများ တည်ဆောက်ခြင်း၊ တက္ကသိုလ်နှင့် ကောလိပ်များ တည်ဆောက်ခြင်း၊ ဆေးရုံများ အဆင့်မြှင့်တင်ခြင်း၊ မြို့အဆင့် တိုးချဲ့ခြင်းများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး ကဏ္ဍများကို ထောက်ပံ့ကူညီပေးခြင်း စသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ၌ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက် ပေးနေသည်များကို မြင်တွေ့ကြရမည် ဖြစ်ပါကြောင်း၊ ချင်းပြည်နယ် အတွင်း ကုလားတန်မြစ် စီမံကိန်းကို အကောင်အထည်ဖော် တည်ဆောက်လျက် ရှိပါကြောင်း၊ အဆိုပါ စီမံကိန်းကြောင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသမှ ထွက်ကုန်များနှင့် ချင်းပြည်နယ်၏ ထွက်ကုန်များကို စစ်တွေ ဆိပ်ကမ်းမှ တစ်ဆင့် ပြည်ပသို့ တင်ပို့နိုင်တော့မည် ဖြစ်သည့်အပြင် အိန္ဒိယ - မြန်မာ နှစ်နိုင်ငံ အပြန်အလှန် လွယ်လင့်တကူ ကုန်သွယ်နိုင်တော့မည် ဖြစ်ပါကြောင်း၊ အဆိုပါ စီမံကိန်းပြီးစီးပါက နိုင်ငံတော်နှင့် ဒေသခံ ပြည်သူများ အတွက် အကျိုးရှိရှိ အသုံးပြုနိုင်ရန် ရေတိုရေရှည် စီမံချက်များ ကြိုတင်ချမှတ်၍ ပါဝင်ဆောင်ရွက် ကြစေလိုပါကြောင်း၊ ရွှေ့ပြောင်း တောင်ယာစနစ်ကို အစားထိုးနိုင်ရန် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများကို စီမံချက်များ ချမှတ်၍ စီးပွားဖြစ် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊
ပလက်ဝမြစ်ကူး တံတားကိုလည်း ၂၀၁၈- ၂၀၁၉ ခုနှစ်အတွင်း ဖွင့်လှစ် ပေးနိုင်တော့မည် ဖြစ်ပါကြောင်း၊ လျှပ်စစ် ဓာတ်အား ၆၀၀ မဂ္ဂါဝပ် ထုတ်ပေးနိုင်မည့် လေးမြို့မြစ် စီမံကိန်းကို ဆောင်ရွက်လျက် ရှိရာ မြန်မာနိုင်ငံတွင် ဒုတိယအကြီးဆုံး ရေအားလျှပ်စစ် ထုတ်လုပ်သည့် စီမံကိန်းကြီး ဖြစ်လာမည် ဖြစ်ပါကြောင်း၊ အဆိုပါ စီမံကိန်းများသည် နိုင်ငံတော်နှင့် နိုင်ငံသားများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် များစွာ အထောက် အကူပြုစေမည် ဖြစ်သကဲ့သို့ ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အားထားစရာလည်း ဖြစ်စေပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ စေတနာကို သိမြင်နားလည်ပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဒေသခံ ပြည်သူများအနေဖြင့် တစ်တပ်တစ်အား ၀ိုင်းဝန်း ပူးပေါင်းပါဝင် ကူညီ ဆောင်ရွက်စေ လိုပါကြောင်း၊ သို့မှသာ ဖွံ့ဖြိုးတိုးတက်သည့် အသီးအပွင့်များကို အမြန်ဆုံး ရရှိခံစားကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဆောက်လုပ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်လင်းက ချင်းပြည်နယ် အတွင်း လမ်းကွန်ရက် တည်ဆောက်လျှက် ရှိသည့် အခြေအနေများနှင့် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်နေမှုများကို ရှင်းလင်း တင်ပြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် မြို့မိမြို့ဖ ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များကို ရှင်းလင်း တင်ပြကြရာ ချင်းပြည်နယ် ၀န်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က ဖြည့်စွက် ရှင်းလင်းသည်။
ရှင်းလင်း တင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ပြည်သူများ၏ သဘောထား ဆန္ဒများနှင့်အညီ စနစ်တကျ အလျင်အမြန် အကောင်အထည်ဖော် ဆောင်ရွက် သွားစေလိုပါကြောင်း၊ သဘာဝအခြေခံ ခရီးသွား လုပ်ငန်းများကို ဒေသခံပြည်သူများ အနေဖြင့် ၀ိုင်းဝန်း ပူးပေါင်းပါဝင် ဆောင်ရွက် စေလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယသမ္မတနှင့် အဖွဲ့သည် ဆော်လောင်းကျေးရွာရှိ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်၊ အမြဲတမ်း အတွင်းဝန် ဦးရည်မွန်နှင့် တာဝန်ရှိသူများက ရှင်းလင်း တင်ပြကြသည်။
ရှင်းလင်း တင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတက ခရီးသွား လုပ်ငန်းဆောင်ရွက် နေသည့် ကျေးရွာအတွင်း လျှပ်စစ်မီး အမြန်ဆုံး သွယ်တန်း ဖြန့်ဖြူးနိုင်ရေး မှာကြားပြီး ရိုးရာ အကအဖွဲ့ဝင်များအား ထောက်ပံ့ငွေများ ပေးအပ်သည်။
အဆိုပါ ဆော်လောင်း ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းကို ဒေသခံပြည်သူများက ဦးစီး အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး Forever Top Travel and Tour ကုမ္ပဏီက ပံ့ပိုးကူညီ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ အဆိုပါ ခရီးသွား လုပ်ငန်းကို ၂၀၁၇ ခုနှစ် ဇန်န၀ါရီလ ၃ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များ လာရောက် လေ့လာလျှက် ရှိနေကြောင်း သိရသည်။
ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် ကန်ပက်လက်မြို့၊ အမှတ်(၂) ရပ်ကွက်ရှိ ``ကန်ပုလဲ´´ ၀ ဥနှင့် တောင်ပေါ်သီးနှံများ အခြောက်ခံခြင်းနှင့် တန်ဘိုးမြှင့် လုပ်ငန်းသို့ ရောက်ရှိကြရာ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း အတွင်းရေးမှူး ဒေါ်စန္ဒာမျိုးက စိုက်ပျိုးစီးပွား ဖွံဖြိုးတိုးတက်ရေးနှင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာများနှင့် စပ်လျဉ်း၍ Video Projector ဖြင့် ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်နှင့် တာဝန်ရှိသူများက ဖြည့်စွက် ရှင်းလင်း တင်ပြကြသည်။
ရှင်းလင်း တင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတက ချင်းပြည်နယ်၏ ရေမြေရာသီဥတု အခြေအနေက ပေးသည့် ထောပတ်၊ ၀ ဥ၊ စပျစ်နှင့် ကော်ဖီသီးနှံများကို ပြည်နယ် အတွင်း နိုင်ငံ အကျိုးပြု ပြည်ပပို့ကုန်အဖြစ် တိုးချဲ့စိုက်ပျိုးသွား စေလိုပါကြောင်း၊ အဆိုပါသီးနှံများကို တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် ပြောင်းလဲ၍ နိုင်ငံတကာ ဈေးကွက်သို့ ကျယ်ပြန့်စွာ တင်ပိုနိုင်ရေး ကြိုးပမ်း ဆောင်ရွက် စေလိုပါကြောင်း၊ ထောပတ်၊ ကော်ဖီ၊ စပျစ်နှင့် ၀ ဥများကို တိုးချဲ့စိုက်ပျိုး ထုတ်လုပ်ခြင်းဖြင့် ရွှေ့ပြောင်း တောင်ယာစနစ်ကို အစားထိုးနိုင်မည် ဖြစ်ပါကြောင်း၊ တန်ဘိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်ရန် အတွက် အရေးပါ သော ဝဥ အခြောက်ခံ စက်ရုံစီမံကိန်းအား အောင်မြင်စွာ ဆက်လက် အကောင်အထည် ဖော်နိုင်ရေး ဝိုင်းဝန်း ကြိုးပမ်းစေလိုကြောင်း၊ အဆိုပါ လုပ်ငန်းများတွင် အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများ ပေါ်ထွက်လာနိုင်ရန် ၀ိုင်းဝန်းပံ့ပိုး ကူညီကြစေလိုပါကြောင်း၊ ချင်းပြည်နယ်မှ ထွက်ရှိသည့် သစ်သီးဝလံများသည် ဓာတုပစ္စည်း ကင်းလွတ်သည့် အတွက် အဆိုပါအားသာချက်ကို အသုံးပြု၍ နိုင်ငံတကာ ဈေးကွက်သို့ ထိုးဖောက်နိုင်ရန် ကြိုးပမ်း အားထုတ် သွားကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် အဖွဲ့သည် အဆိုပါ လုပ်ငန်း အတွင်း လှည့်လည် ကြည့်ရှုကြသည်။
ချင်းပြည်နယ်တွင် ၀ ဥကို မတူပီ၊ မင်းတပ်နှင့် ပလက်ဝမြို့နယ်များတွင် အများဆုံး စိုက်ပျိုးလျက်ရှိပြီး ၁ ဧက စိုက်ပျိုးပါက ၀ ဥ အစိုပိသာ ၅ ထောင်ခန့်ရရှိပြီး စနစ်တကျ စိုက်ပျိုးနိုင်ပါက အထွက်နှုန်း ၃ ဆခန့် ပိုမို ထွက်ရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။      ပြည်ပဈေးကွက်တွင် ၀ ဥလွှာခြောက် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၃၀၀ ခန့် ရရှိနိုင်ပြီး ပြည်ပဈေးကွက်တွင် ၀ဥ အစိုရောင်းချပါက တစ်ပိသာလျှင် ၂၇၀၀ ကျပ်ခန့်၊ ၀ဥလွှာခြောက် အဖြစ် ရောင်းချပါက တစ်ပိသာလျှင် ၁၁၀၀၀ ကျပ်ခန့်၊ ၀ဥခြောက် အမှုန့်အဖြစ် ရောင်းချပါက တစ်ပိသာလျှင် ၃၃၀၀၀ ကျပ်ခန့်၊ ၀ ဥ ခေါက်ဆွဲအဖြစ် တန်ဖိုးမြှင့် ထုတ်လုပ် ရောင်းချနိုင်ပါက ၇၁၀၀၀ ကျပ်ခန့် ရရှိနိုင်သဖြင့် ၀ဥစိုက် တောင်သူများအနေဖြင့် စီးပွားဖြစ် တွက်ချေကိုက်မည့် လုပ်ငန်းတစ်ခု ဖြစ်သည်။ ကော်ဖီအနေဖြင့် နိုင်ငံတကာ၏ သတ်မှတ် ချက်အရအဆင့် ၈၀ ကျော်လျှင် အထူးတန်းဝင် သတ်မှတ်ထားရာ မြန်မာနိုင်ငံ (ပြင်ဦးလွင်၊ ရွာငံ၊ သံတောင်ဒေသများ)မှ ကော်ဖီများသည် အဆင့် ၈၄ မှ ၈၆ အထိရှိပြီး ချင်းပြည်နယ်ထွက် ကော်ဖီမှာ အဆင့် ၉၆ ရှိသဖြင့် ကမ္ဘာ့ အကောင်းဆုံး အဆင့်တွင် ပါဝင်ကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယသမ္မတသည် ခေါ်နူးစုမ် (နတ်မတောင်) အမျိုးသား ဥယျာဉ်သို့ ရောက်ရှိရာ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော် က အမျိုးသားဥယျာဉ်ဆိုင်ရာ အချက်အလက်များ၊ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင် ဆိုင်ရာ အကြောင်းအရာများ၊ သုတေသနပြုနိုင်သည့် အခြေအနေများ၊ လေ့လာကြည့်ရှု အပန်းဖြေနိုင်သည့် အခွင့်အလမ်းများ၊ သဘာဝ အခြေခံခရီးသွား ၀န်ဆောင်မှုများနှင့် ဒေသခံပြည်သူများထံ အကျိုးပြုမှုများကို ရှင်းလင်း တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ဒုတိယ၀န်ကြီး ဦးကျော်လင်းနှင့် တာဝန်ရှိသူများက ဖြည့်စွက် ရှင်းလင်း တင်ပြကြသည်။
ရှင်းလင်း တင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတက အမျိုးသား ဥယျာဉ်အတွင်း သဘာဝ တောရိုင်းတိရစ္ဆာန် ဖမ်းဆီးမှုများကို ထိရောက်စွာ တားဆီးနိုင်ရေး ရှိပြီး သဘာဝပတ် ၀န်းကျင်ကို ဦးစားပေး ထိန်းသိမ်း ဆောင်ရွက်ပြီးမှသာ ဖွံဖြိုးရေး လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ရေး၊ ယင်းဥယျာဉ်ကြီးတွင် ကမ္ဘာ့ဒေသ အနှံ့အပြား၌ မျိုးတုန်းပျောက်ကွယ်လု နီးပါးဖြစ်နေသည့် မျက်ခုံးဖြူ ငှက်ပြာချောက်များနှင့် မျိုးစိတ် ပျောက်ကွယ်လုနီးပါး ဖြစ်နေသည့် သစ်ခွအမျိုးအစား (၇)မျိုးအပါအ၀င် အဖိုးတန် ဇီဝမျိုးစုံ မျိုးကွဲများစွာ တည်ရှိနေသဖြင့် ၀ိုင်းဝန်း ထိန်းသိမ်းနိုင်ရေး စောင့်ရှောက်နိုင်ရေး ဒေသခံပြည်သူများကို အသိပညာ ဗဟုသုတများ ပိုမိုဖြန့်ဖြူးနိုင်ရေးတို့ကို မှာကြားသည်။
အဆိုပါ ခေါ်နူးစုမ် (နတ်မတောင်) အမျိုးသားဥယျာဉ်ကို ၁၉၃၆ ခုနှစ်တွင် မိုဃ်းကြိုးဝိုင်းအဖြစ် တည်ထောင်ခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် အမျိုးသား ဥယျာဉ်အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် အာဆီယံ အမွေအနှစ် ဥယျာဉ်အဖြစ် အဆင့်တိုးမြှင့် သတ်မှတ်ခဲ့ပြီး ဥယျာဉ်သည် ချင်းပြည်နယ် တောင်ပိုင်းရှိ ကန်ပက်လက်၊ မင်းတပ်နှင့် မတူပီမြို့နယ်များ အတွင်း ကျရောက်တည်ရှိပြီး (၁၇၆၂၀၂) ဧကကျယ်ဝန်းကာ အမြင့်ပေ ၁၀၂၀၀ ရှိကြောင်း၊ တောတွင်း ကင်းစခန်းများနှင့် တောတွင်း ငှက်ကြည့်စခန်းများ၊ တောင်ဇလပ်ပန်းများ၊ သစ်ခွမျိုးစိတ်များနှင့် ဇီဝမျိုးစုံမျိုးကွဲများ ကျက်စားရာဒေသကြီး ဖြစ်၍ တောတွင်း လျှောက်လမ်းများ၊ တောင်ပေါ် ရှုခင်းများနှင့် သဘာဝ အလှအပများကို ခံစား ကြည့်ရှုနိုင်ကြောင်း သိရသည်။
ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် အဖွဲ့ဝင်များသည် မင်းတပ်မြို့နယ် အေးစခန်းကျေးရွာသို့ ရောက်ရှိကြရာ ဒေသခံပြည်သူများက ရိုးရာအကများဖြင့် ကြိုဆို နှုတ်ဆက်ကြသည်။
ယင်းနောက် ဒုတိယသမ္မတသည် ကန်ပက်လက် - မင်းတပ်လမ်း ကီလိုမီတာ ၅၀ ဒသမ ၄ နှင့် ၅၀ ဒသမ ၆ အကြားရှိ ချီချောင်းတံတား တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးရာ ယာယီ ရှင်းလင်းဆောင်၌ တံတားဦးစီးဌာန အင်ဂျင်နီယာချုပ် ဦးဇော်ဝင်းမြင့်က တံတားဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒုတိယသမ္မတသည် အဆိုပါ တံတား တည်ဆောက်နေမှုအား လှည့်လည် ကြည့်ရှုသည်။
ယင်းနောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် အဖွဲ့ဝင်များသည် ပြေကျေးရွာသို့ ရောက်ရှိကြရာ ဒေသခံပြည်သူများက ရိုးရာအကများဖြင့် ကြိုဆို နှုတ်ဆက်ကြသည်။ ဆက်လက်၍ မော်တော်ယာဉ်များဖြင့် ထွက်ခွာရာ မင်းတပ်မြို့မှ ပုဂံမြို့သို့ ရောက်ရှိကြသည်။
(သတင်းစဉ်)

No comments:

Post a Comment