ရန်ကုန်
ဖေဖော်ဝါရီ ၁၀
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏
တရုတ်နှစ်သစ်ကူး အထိမ်းအမှတ်ဧည့်ခံပွဲ အခမ်းအနားကို ယနေ့ ညနေပိုင်းက ရန်ကုန်မြို့၊
ဒဂုံမြို့နယ်၊ ပြည်လမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ
သံအမတ်ကြီး၏ နေအိမ်၌ ကျင်းပရာ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဇနီး ဒေါ်မေယဉ်ထွန်း တို့
တက်ရောက်ချီးမြှင့်သည်။
အခမ်းအနားသို့
ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ
ဦးတင်မောင်ထွန်း၊ တိုင်းဒေသကြီး ၀န်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊
ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ ရန်ကုန်မြို့ရှိ သံရုံးများမှာ သံအမတ်ကြီးများနှင့်
သံတမန်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင်
မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် က
နှုတ်ခွန်းဆက်စကား ပြောကြားရာ၌ ဤတစ်နှစ်တာ ကာလတွင် မြန်မာနိုင်ငံ အသွင်
ကူးပြောင်းမှုသည် ခြေလှမ်းမှန်မှန်နှင့် တိုးတက်လျက် ရှိပြီး ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး
လမ်းကြောင်းတွင် ခြေလှမ်းသစ် လှမ်းချီနိုင်ခဲ့ ပါကြောင်း၊
မြန်မာ့နိုင်ငံရေးအခြေအနေသည် တည်ငြိမ်ပြီး စီးပွားရေးအဆက်မပြတ်
တိုးတက်လာနေပါကြောင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်သည် အခက်
အခဲများကြားမှ တိုးတက်လျက်ရှိပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)
ရာစုပင်လုံ ဒုတိယအစည်းအဝေးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကာ ရခိုင်ပြည်နယ်
အရေးကိစ္စ တွင်လည်း မှန်ကန်သည့် လားရာဆီသို့ ဦးတည်လျက် ကောင်းမွန်စွာ ဖြေရှင်းလျက်
ရှိပါကြောင်း၊ ရှေ့ကို ချီတက်သည့် လမ်းကြောင်းတွင် အခက်အခဲနှင့် စိန်ခေါ်မှုများစွာ
ကြုံတွေ့နေရဆဲ ဖြစ်သော်လည်း မြန်မာပြည်သူများနှင့် နယ်ပယ်အသီးသီးမှ ပညာရှင်တို့
ယုံကြည်မှုရှိရှိနှင့် စိတ်ရှည် လက်ရှည် ဆောင်ရွက်မည်ဆိုလျှင် မြန်မာနိုင်ငံ
အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်သည် ဧကန်မုချ အောင်မြင်နိုင်မည်ဟု မိမိတို့
အခိုင်အမာ ယုံကြည်ပါကြောင်း။
တရုတ်နိုင်ငံသည်
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်၊ ရခိုင်ပြည်နယ်အရေးကိစ္စ တို့တွင် အပြုသဘော ဆောင်သည့်
အခန်းကဏ္ဍမှ ပါဝင်နေပြီး ပညာရေး၊ ကျန်းမာရေး၊ သိပ္ပံနည်းပညာ၊ ဇီဝပတ်ဝန်းကျင်၊
ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး၊ ဘေးအန္တရာယ် ကယ်ဆယ်ရေး စသည့် ကဏ္ဍများတွင်
မြန်မာနိုင်ငံအတွက် ပြည်သူ့အကျိုးပြု စီမံကိန်းများစွာကို ဖော်ဆောင်ခဲ့ပါကြောင်း၊
မီဒီယာ၊ သာသနာရေး၊ အားကစားစသည့် လူမှုယဉ်ကျေးမှု ကဏ္ဍများတွင်လည်း နှစ်ဦးနှစ်ဖက်
ကူးလူး ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ သည် တစ်နေ့ထက်တစ်နေ့နက်ရှိုင်းလာပြီး
နှစ်နိုင်ငံ ပြည်သူများ၏ စိတ်ချင်းဆက်နွှယ် ခြင်းကို အင်တိုက်အားတိုက်
မြှင့်တင်ပေးပါကြောင်း ပြောကြားသည်။
ထို့နောက်
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက အမှာစကားပြောကြားရာတွင်
နှစ်နိုင်ငံအကြား ထူထောင်ထားသည့် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို အခြေခံကာ ကဏ္ဍစုံ
ပူးပေါင်းဆောင်ရွက်မှု များကို နှစ်ဖက်အတူတစ်ကွ တိုးချဲ့နက်ရှိုင်း စေနိုင်ခဲ့သဖြင့်
ယခုအခါ မိမိတို့နှစ်နိုင်ငံအနေဖြင့် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှု
မိတ်ဖက်နိုင်ငံများအဆင့် ဆက်ဆံရေးကို တိုးမြှင့်နိုင်ခဲ့သည်ကိုလည်း
မိမိတို့အနေဖြင့် အထူးဂုဏ်ယူ ၀မ်းမြောက်မိပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့်
အနာဂတ် တွင်လည်း နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု များကို
အရှိန်အဟုန်မြှင့်ကာ တိုးတက်ခိုင်မာစေရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ထပ်လောင်း
အတည်ပြုပြောကြားလိုပါကြောင်း။
မိမိတို့အစိုးရက
အလေးထား ဆောင်ရွက်လျက်ရှိသည့် အမျိုးသားပြန်လည်သင့် မြတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင်လည်း
တရုတ်အစိုးရအနေဖြင့် အပြုသ ဘောကူညီပေးလျက်ရှိခြင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာများတွင်လည်း
ပူးပေါင်းဆောင်ရွက်လျက်ရှိခြင်းနှင့် ခိုင်မာစွာ ရပ်တည်ပေးလျက်ရှိခြင်း တို့အတွက်
အခွင့် အခါသင့်ခိုက် မြန်မာအစိုးရကိုယ်စား ကျေးဇူးဥပကာရ တင်ရှိပါသည်ဟု
ပြောကြားလို ပါကြောင်း။
ဆက်လက်၍လည်း
အပြုသဘော ကူညီပံ့ပိုးပေးသွားမည်ဟုလည်း ယုံကြည် မျှော်လင့်ပါကြောင်း၊
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု
ကဏ္ဍများတွင်လည်း ဖွံ့ဖြိုး တိုးတက်လျက်ရှိသည်ကိုလည်း ၀မ်းမြောက်ဖွယ်တွေ့မြင်
ရပါကြောင်း၊ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအထိ မြန်မာနိုင်ငံသို့ ၀င်ရောက်ခဲ့သည့် နိုင်ငံ
ခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၇၅ ဒသမ ၀၉ ဘီလီယံ
ရှိခဲ့ပါကြောင်း၊ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ပမာဏ၏ ၂၆
ဒသမ ၄၂ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဖြစ်၍ တရုတ်နိုင်ငံသည်
မြန်မာနိုင်ငံတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံအဖြစ်
ဆက်လက်ရပ်တည်လျက်ရှိနေပါ ကြောင်း၊ နှစ်နိုင်ငံ အကြား စီးပွားရေး
ပူးပေါင်းဆောင်ရွက်မှုနှင့် ကုန်သွယ်မှုများတွင် ပိုမိုတိုးတက်လျက် ရှိလာသည် ကိုလည်း
ဝမ်းမြောက်စွာ တွေ့ရှိရပါကြောင်း၊ အပြန် အလှန် အကျိုးဖြစ်ထွန်းစေရန်လည်း နှစ်ဖက် ဆက်လက်
ကြိုးပမ်းသွားရန် ဆန္ဒ ပြုလိုက် ပါကြောင်း။
၂၀၁၈
ခုနှစ်အတွင်း နှစ်နိုင်ငံနှင့် ပြည်သူများအတွက် ဆက်လက်ဖွံ့ဖြိုးတိုးတက် စေရန်နှင့်
ချမ်းသာ ကြွယ်ဝစေရန်အတွက် နှစ်နိုင်ငံပြည်သူများအကြား အိမ်နီးချင်းကောင်း၊
မိတ်ဆွေကောင်းများအဖြစ် စိတ်ကောင်း စေတနာအပြည့်နှင့် ပူးပေါင်းဆောင် ရွက်မှုများ
တိုးချဲ့သွားနိုင်မည်ဟု အပြည့်အ၀ ယုံကြည်ပါကြောင်း ပြောကြားသည်။
ယင်းနောက်
တရုတ်နှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် မြန်မာ-တရုတ်နှစ်နိုင်ငံ ရိုးရာယဉ်ကျေးမှု အကများဖြင့်
ဖျော်ဖြေတင်ဆက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည် သူ့သမ္မတနိုင်ငံ သံအမတ်ကြီး
မစ္စတာ ဟုန်လျန် နှင့်ဇနီးတို့ က စားသောက်ဖွယ် ရာများဖြင့် တည်ခင်းဧည့်ခံသည်။
(သတင်းစဉ်)

No comments:
Post a Comment