နေပြည်တော်
ဖေဖော်ဝါရီ ၁၀
သယံဇာတနှင့်
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သည် ယနေ့
နံနက်ပိုင်းတွင် နေပြည်တော်-ကံပြား-မကွေးလမ်း၊ မိုင်တိုင်အမှတ် (၁၀/၄) အနီး ငလိုက်ကြိုးဝိုင်း၊
အကွက် အမှတ်(၁)နှင့်(၂) အတွင်းရှိ စီးပွားရေး ကျွန်းစိုက်ခင်း (၁/၂၀၁၆) ဧက(၁၀၀) စိုက်ခင်း
ရွက်လိပ်ပိုး ကျရောက်နေခြင်းအား သွားရောက်စစ်ဆေးခဲ့ရာ စိုက်ခင်းတာဝန်ရှိသူများမှ အခြေအနေ
များအား ရှင်းလင်းတင်ပြသည်။
ပြည်ထောင်စုဝန်ကြီး
ဦးအုန်းဝင်းသည် စိုက်ခင်းအတွင်း လှည့်လည်ကြည့်ရှု့ စစ်ဆေးပြီး ရာသီဥတု ပြောင်းလဲလာခြင်း
အကျိုးဆက်များကြောင့် ရောဂါပိုးကျရောက်မှု ဖြစ်ပွားနိုင်ခြေ
ပိုမို များပြားလာကြောင်း၊ စိုက်ခင်းများအတွင်း ပိုးကျရောက်နေကြောင်း သံသယရှိနေ သည်နှင့်
တစ်ပြိုင်နက် ဌာနသို့တင်ပြပြီး သစ်တောသုတေသနဌာန(ရေဆင်း)သို့ ဆက်သွယ်ကာ ကျွမ်းကျင်ပညာရှင်များနှင့်
ညှိနှိုင်းတိုင်ပင်၍ ကြိုတင်ကာကွယ်ခြင်း၊ အချိန်မီ
ရောဂါပိုးမွှားများ အား ဖယ်ရှားခြင်းများ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ စောင့်ကြည့်လေ့လာမှုများ
ဆက်လက်ဆောင်ရွက်ရန်မှာကြားသည်။
ဆက်လက်၍
ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်-ကံပြား-မကွေးလမ်း၊ မိုင်တိုင်အမှတ် (၁၁/၄) အနီး ငလိုက်ကြိုးဝိုင်း၊
အကွက်အမှတ်(၂) အတွင်းရှိ စီးပွားရေး ကျွန်းစိုက်ခင်း (၁/၂၀၁၈) ဧက(၁၅၀) အတွက် လိုအပ်သောပျိုးပင်များ
ပျိုးထောင်နေမှုအခြေအနေအား သွားရောက်စစ်ဆေးကာ ကျန်းမာသန်စွမ်းသည့် ပျိုးပင်များ အချိန်မီရရှိရန်
ဝန်ထမ်းများမှ စနစ်တကျ အနီးကပ်ကြီးကြပ် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ကျွန်း စိုက်ခင်းပတ်လည်တွင်
အခြား အဖိုး တန်သစ်မျိုးများ စိုက်ပျိုးရန် အတွက်လည်း ပျိုးပင်များ ထည့်သွင်း ပျိုးထောင်သွားရန်၊
မြေပြို၊ ရေတိုက်စားနိုင်သည့် နေရာများတွင် ဗာတီဗာမြက်ထည့်သွင်း စိုက်ပျိုးရန်၊ စိုက်ခင်းအတွက်
တောင်ယာခုတ်ခြင်းအား မတ်ဆောက်သော ခြောက်ကမ်းပါးများနှင့် လျှိုမြောင်များတွင်း ဆောင်ရွက်ခြင်းမပြုဘဲ
ချန်လှပ်ထားရန်နှင့် လိုအပ်သော နေရာများတွင် ကြားခံနယ်မြေများထားရှိရန်နှင့် မြေထိမ်းတမံ
ငယ်များအား လျှိုမြောင်များ အတွင်းပြုလုပ်ထားရှိရန်၊ ဆောင်ရွက်ထားမှုများအား စစ်ဆေးကြည့်ရှုသည်။
ထို့နောက်
ပြည်ထောင်စုဝန်ကြီးသည် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ သယံဇာတ၊ သဘာဝ ပတ်ဝန်းကျင်၊
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော် နှင့်အတူ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊
တောင်တွင်းကြီးမြို့နယ်၊ နေပြည်တော်-ကံပြား-မကွေးကားလမ်း၊ မိုင်တိုင်အမှတ် (၂၆/၆)နှင့်
(၂၈/၂)ကြား ငမင်ကြိုးဝိုင်း၊ အကွက်အမှတ် (၂၁၈)နှင့် (၂၁၆) အတွင်းတည်ထောင် ထားရှိသည့်
တရုတ်-မြန်မာ ချစ်ကြည်ရေးသစ်မျိုးစုံစိုက်ခင်း (၁၀၀)ဧကအား ခြောက်သွေ့ရာသီတွင် ရေလောင်းပြုစုထိန်းသိမ်းခြင်း
လုပ်ငန်းဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်နေမှုများအား ကြည့်ရှု့စစ် ဆေးခဲ့ပြီး စိုက်ခင်းရှင်းလင်း
ဆောင်တွင် စိုက်ခင်းအတွင်း သစ်တောစိုက်ခင်း ပြုစုပျိုးထောင်ခြင်း ဘာသာရပ်၊ ရောဂါပိုးမွှားကျရောက်မှု
တားဆီးထိန်းချုပ်ရေး ဘာသာရပ်၊ မြေဆီလွှာထိန်းသိမ်းရေး ဘာသာရပ်များအတွက် သုတေသန ဆောင်ရွက်မည့်
သစ်တောသုတေသန (ရေဆင်း) မှ ဝန်ထမ်းများ နှင့်တွေ့ဆုံပြီး လုပ်ငန်းအစီအစဉ် များအား မေးမြန်းဆွေးနွေး၍
လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးမှာကြားသည်။
ဆက်လက်၍
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ မြို့သစ်ကြိုးဝိုင်း
အကွက်အမှတ်၉၅) အတွင်း အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ တည် ထောင်စိုက်ပျိုးမည့်
စိုက်ခင်းအမှတ် (၂/၂၀၁၈) အခြားစိုက်ခင်း (၂၀)ဧက ကျင်းတူးခြင်းလုပ်ငန်း စိုက်ပျိုးပြီးစီးမှုများအား
လည်းကောင်း၊ Group Planting Method သစ်မျိုးစုံ စမ်းသပ်စိုက်ကွက်၊ Hybrid Acacia စမ်းသပ်
စိုက်ပျိုးကွက်နှင့် စိုက်ခင်းအမှတ် (၁/၂၀၁၇) ရေဝေရေလဲစိုက်ခင်း (၁၅၀)ဧကတို့အား စစ်ဆေး
ကြည့်ရှု့ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment