Wednesday, February 14, 2018

အမျိုးသား ထောက်ပံ့ပို့ဆောင်ရေး ပင်မစီမံကိန်း အပြီးသတ်ရေးဆွဲရေးဆိုင်ရာ ဆွေးနွေးပွဲကျင်းပ


နေပြည်တော် ဖေဖော်ဝါရီ ၁၄
အမျိုးသားထောက်ပံ့ပို့ဆောင်ရေး ပင်မစီမံကိန်း အပြီးသတ်အစီရင်ခံစာ ရေးဆွဲရေးဆိုင်ရာ ဆွေးနွေးပွဲကို ဖော်ဖော်ဝါရီ ၁၄ ရက်က နေပြည်တော်၊ Horizon Lake View Hotel ၌ ကျင်းပသည်။ ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ပို့ဆောင်ရေးကဏ္ဍအား တာဝန်ယူရသည့် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ဝန်ကြီးများ၊ ဌာန/ အဖွဲ့အစည်းအသီးသီးမှ အဆင့်မြင့်အရာရှိကြီးများ၊ ဂျပန်နိုင်ငံသံရုံးမှ Minister Counselor  Mr. Ichiro Maruyama ၊ JICA Myanmar Office မှ ကိုယ်စားလှယ်များနှင့် Logistics Master Plan ရေးဆွဲရာတွင် ပါဝင်သည့် JICA ကျွမ်းကျင်သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က မြန်မာနိုင်ငံ၏  ထောက်ပံ့ ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ပူးပေါင်းကျင်းပသော အရေးပါသည့် ဆွေးနွေးပွဲ တစ်ရပ်ဖြစ်ပါကြောင်း၊ ယခင် ၂၀၁၄ ခုနှစ်က အမျိုးသားပို့ဆောင်ရေးပင်မစီမံကိန်းကို ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ (JICA) ၏ အကူအညီဖြင့် ရေးဆွဲခဲ့ပါကြောင်း၊ ယခုအခါ ပို့ဆောင်ရေး အခြေခံ အဆောက်အအုံများသာမက နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူပြုသည့် Logistics ကဏ္ဍ ဖွံ့ဖြိုးရေးအတွက် National Transport Master Plan ကို ပြန်လည်သုံးသပ်ပြီး၊ National Logistics Master Plan ကို ရေးဆွဲဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း။
National Logistics Master Plan  ရေးဆွဲရေးအတွက် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ပုဂ္ဂလိက အသင်းအဖွဲ့များနှင့် JICA ကျွမ်းကျင်သူများ ပါဝင်သည့် ပူးတွဲညှိနှိုင်းမှုကော်မတီကို ဖွဲ့စည်း၍ ရေးဆွဲဆောင်ရွက်ခဲ့ပါကြောင်း၊ အဆိုပါစီမံကိန်းကို အမျိုးသားဘက်စုံ ဖွံ့ဖြိုးရေးမူဘောင်၊ ပြည်နယ်/ တိုင်းဒေသကြီးများ ဖွံ့ဖြိုးရေးမူဘောင်၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးရေး မူဝါဒများ၊ မြန်မာစက်မှု ဖွံ့ဖြိုးမှုမျှော်မှန်းချက်၊ အမျိုးသား ပို့ကုန်မဟာဗျူဟာနှင့် နိုင်ငံတော်၏ စီးပွားရေးမူဝါဒ၊ အမျိုးသား ပို့ဆောင်ရေးပင်မစီမံကိန်း စသောနိုင်ငံတော်၏ အဓိကဖွံ့ဖြိုးရေးမူဘောင်များဖြင့် နှိုင်းယှဉ်သုံးသပ်၍ တစ်နိုင်ငံလုံး လွှမ်းခြုံမှုရှိစေရန် ရေးဆွဲထားခြင်း ဖြစ်ပါကြောင်း။
ယခု ရေးဆွဲထားသည့် National Logistics Master Plan အပြီးသတ် အစီရင်ခံစာမူကြမ်း (Draft Final Report) တွင် ထောက်ပံ့ပို့ဆောင်ရေးစင်္ကြံ (၆)ခု၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးစီမံကိန်း (၁၆၇) ခု၊ နည်းပညာနှင့် လူ့အရင်းအမြစ် ဆိုင်ရာ စီမံကိန်း (၂၂) ခု၊ စုစုပေါင်း (၁၈၉) ခု ပါဝင်ပါကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံ၏ ထောက်ပံ့ပို့ဆောင်ရေး စွမ်းဆောင်မှု ညွှန်းကိန်းမှာ ၂၀၁၆ ခုနှစ် ကမ္ဘာ့ဘဏ်၏ အဆင့်သတ်မှတ်ချက်အရ အဆင့် (၁၁၃) ဖြစ်ပါကြောင်း၊ ထောက်ပံ့ပို့ဆောင်ရေး စွမ်းဆောင်မှုညွှန်းကိန်းကို စွမ်းရည်ပြည့်သော အကောက်ခွန်နှင့် ဆက်စပ်လုပ်ငန်းစဉ်များ၊ အရည်အသွေးပြည့်မီသော အခြေခံအဆောက်အအုံများ၊ လွယ်ကူချောမွေ့စွာ သင်္ဘောတင်/ချနိုင်မှုများ၊ ပုဂ္ဂလိကလုပ်ငန်း လုပ်ကိုင်သူများ၏ စွမ်းဆောင်ရည်များ၊ ICT နည်းပညာ အသုံးချနိုင်မှုများ၊ အချိန်ကိုက် ပေးပို့နိုင်မှုများ စသောကဏ္ဍ(၆) ရပ်ကို အခြေခံ၍ တိုင်းတာခြင်းဖြစ်ရာ Logistics ကဏ္ဍဖွံ့ဖြိုးရေးအတွက် သက်ဆိုင်သည့် ဥပဒေများပြဋ္ဌာန်းရေး၊ ပုဂ္ဂလိက ကဏ္ဍ၏ စွမ်းဆောင်မှု တိုးတက်စေရေးအတွက် အတူတကွ ညှိနှိုင်းကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။
National Logistics Master Plan သည် တစ်နိုင်ငံလုံး လွှမ်းခြုံ၍ ရေးဆွဲထားခြင်းဖြစ်ရာ ပိုမိုပြည့်စုံကောင်းမွန်သည့် Master Plan တစ်ခုဖြစ်ပေါ်လာစေရေး၊ ၎င်းတွင်ပါဝင်သည့် စီမံကိန်းများကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး အတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ယခုဆွေးနွေးပွဲမှ အကြံပြုချက်များဖြင့် National Logistics Master Plan ကို မကြာမီကာလအတွင်း အပြီးသတ်ရေးဆွဲ၍ အတည်ပြုချက် ရယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်) 

No comments:

Post a Comment