Monday, February 5, 2018

ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်လျက် ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပြောကြား




နေပြည်တော် ဖေဖေါ်ဝါရီ ၅
မိမိဆန္ဒအလျောက်နေရပ်ပြန်ခြင်းဆိုင်ရာ ဒုတိယအကြိမ်အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ M Gallery By Sofitel Hotel တွင် ကျင်းပရာရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်တွင်းဖြစ်စဉ်များသည် နှစ်ရှည်လများ စုစည်းဖြစ်ပေါ် ခဲ့သောအကြောင်း ရင်းခံများကြောင့်ဖြစ်သဖြင့် ထိုအကြောင်းရင်းခံ များကိုဖော်ထုတ်၍ ဖြေရှင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်နှင့် မောင်တောဒေသစုံစမ်း စစ်ဆေးရေးကော်မရှင်တို့ကို ဖွဲ့စည်းခဲ့ပြီး ထိုကော်မရှင်များ၏ အကြံပြုချက် များကိုအကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီကို ဖွဲ့စည်းခဲ့ပြီး ထိုကော်မတီအနေဖြင့် အကြံပြုချက်များအနက်မှ နိုင်ငံတော်နှင့်ပြည်သူအတွက် အမှန်တကယ် အကျိုးရှိစေ မည့်လုပ်ငန်းများကို အ‌ကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးကို အဓိကထား ဦးတည်ဆောင်ရွက်နေကြာင်း။
ရခိုင်ပြည်နယ်အရေးကိစ္စသည် ရခိုင်ပြည်နယ် တစ်ခုတည်း၏အရေးကိစ္စမဟုတ်ဘဲ နိုင်ငံတော်၏ အရေးကိစ္စဖြစ်သဖြင့် တစ်နိုင်ငံလုံးအနေဖြင့် ပါဝင်ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုစီမံကိန်းတစ်ရပ်ဖြစ်သော ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း (UEHRD) ကို ဆောင်ရွက်ခဲ့ပြီး UEHRD အောက်တွင် လုပ်ငန်းအဖွဲ့ (၉)ဖွဲ့ဖြင့် လုပ်ငန်းများအကောင် အထည်ဖော်လျက်ရှိကြောင်း၊ ယခုရခိုင်ပြည်နယ်၊ မောင်တောဒေသဖြစ်စဉ်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ တိမ်းရှောင် သွားသူများရှိကြောင်း၊ နိုင်ငံအတွင်း၌ အမှန်တကယ် နေထိုင်ခဲ့သူ များကို ၄င်းတို့၏ ဆန္ဒအလျောက် နေရပ်ပြန်ခြင်း အစီအစဉ်ကိုနှစ်နိုင်ငံ သဘောတူ ညီချက်များနှင့်အညီ ဆောင်ရွက် လျက်ရှိကြောင်း၊ ထိုသို့ ပြန်လည်လက်ခံရာတွင် နိုင်ငံတကာစံချိန် စံညွှန်းများနှင့် ကိုက်ညီစေရေးအတွက်လည်း ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက်နေ့က ပထမအကြိမ် မိမိဆန္ဒအလျောက် နေရပ်ပြန်ခြင်းဆိုင်ရာ အလုပ်ရုံ ဆွေနွေးပွဲကို ကျင်းပခဲ့ပြီးအလုပ်ရုံဆွေးနွေးပွဲရလာဒ်များ၊ အတွေ့အကြုံများနှင့်အညီလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ တွေ့ကြုံရသည့် စိန်ခေါ်မှုများ၊ အခက်အခဲများကိုပိုမို ကောင်းမွန်သည့် နည်းလမ်းများဖြင့် ဆောင်ရွက်နိုင်ရန် ယခုဒုတိယ အကြိမ်ဆွေးနွေးပွဲ ပြုလုပ်ခြင်း ဖြစ်ကြောင်း၊ ပြန်လာသူများအနေဖြင့် နိုင်ငံတွင်း၌ ဥပဒေနှင့် အညီနေထိုင်ရန်လိုအပ်ပြီးမိမိတို့ ကလည်း ၄င်းတို့ရသင့်ရထိုက်သည့် အခွင့်အရေးများကိုပေးရန် လိုအပ်ကြောင်း၊ ဥပဒေနှင့်အညီ နိုင်ငံသားဖြစ်သင့်ဖြစ်ထိုက် သူများကို နိုင်ငံသားပေးရ မည်ဖြစ်ကြောင်း၊ National Verification Process ကိုအရှိန်အဟုန်မြှင့် ဆောင်ရွက်နေပါကြောင်း။
နိုင်ငံတွင်းနေထိုင်သူတစ်ဦးသည် မိမိအကျိုး၊ တိုင်းပြည်အကျိုး ဆောင်ရွက်ရန်လိုသလို တည်ငြိမ်အေးချမ်းရေး အတွက်လည်း တာဝန်ယူရန် လိုအပ်‌ကြောင်း၊ မိမိတို့၏ လုပ်ဆောင်မှု များကို ပြည်သူအားလုံးနားလည် သဘောပေါက် စေရေး ဆောင်ရွက်ရန် လိုကြောင်း၊ မိမိတို့ အနေဖြင့် အသိုင်းအ၀န်းနှစ်ခုစလုံးအတွက် မူလရှိနှင့်ပြီး‌သောအလုပ် အကိုင် အခွင့်အလမ်း များအပြင် စီးပွားရေး ကဏ္ဍတိုင်းကိုမူလထက်ပိုမိုကောင်းမွန်သည့် အခြေအနေများ ဖြစ်စေရေး ဖန်တီးဖော်ဆောင်ပေးပြီး ထင်ရှားသောဖွံ့ဖြိုးတိုးတက်မှု ရရှိအောင် ဆောင်ရွက်ပေး ရမည်ဖြစ် ကြောင်း၊ သို့မှသာ ယခင်ဖြစ်ပေါ်ခဲ့သည့်အခြေအနေများ ထပ်မံမဖြစ်ပွားစေရေး ဆောင်ရွက် ရာတွင် အထောက်အကူ ဖြစ်နိုင် မည်ဖြစ်ကြောင်း၊ မိမိတို့၏ လုပ်ဆောင်ချက်များသည် မှန်ကန် သည့်လုပ်ဆောင်ချက် ဖြစ်ကြောင်းကိုနိုင်ငံတကာသို့ ပြနိုင်ရမည်ဖြစ်ကြောင်း၊ ထိုသို့ပြနိုင်ရန် ဆောင်ရွက်ရာတွင် မိမိတို့ပါဝင်ဆောင်ရွက်နေသူများအားလုံးကလည်း ဆောင်ရွက် ချက်များကို သဘောပေါက် နားလည်ပြီးမှန်မှန်ကန်ကန်ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း၊ မိမိတို့အနေ ဖြင့် ရခိုင်ပြည်နယ်တစ်ခုလုံး တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အဓိက ဦးတည်ဆောင်ရွက်လျက် ရှိသကဲ့သို့ပင် ပြန်လည်လက်ခံရေး၊ နေရာချထားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လည်းတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက် ရန် အလွန်အရေးကြီး ကြောင်း ပြောကြားသည်။

No comments:

Post a Comment