Friday, February 16, 2018

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် သံတမန်ဇုန် မြေယာ မူဝါဒဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား




နေပြည်တော်၊ ဖေဖော်ဝါရီ ၁၆
နေပြည်တော်သံတမန်ဇုန် မြေယာမူဝါဒဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီ တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဧရာဝတီခန်းမ၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဦးသန့်စင်မောင်၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဦးကျော်ဝင်း၊ ဦးဝင်းခိုင်နှင့် ဦးကျော်တင်၊ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ နေပြည်တော် ကောင်စီဝင်များ၊ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “နေပြည်တော်သည် မြန်မာနိုင်ငံ၏ အစိုးရရုံးစိုက်သည့် မြို့တော်ဖြစ်သည်နှင့်အညီ နိုင်ငံခြားသံရုံးများကို ရန်ကုန်မှနေပြည်တော်သို့ ပြောင်းရွှေ့ ဖွင့်လှစ်နိုင်ရေးအတွက် မူဝါဒများ ချမှတ်ထားပြီး ဖြစ်ပါကြောင်း၊ ယခုအခါ နိုင်ငံခြား သံရုံးများအနေဖြင့် လုပ်ငန်းဆောင်ရွက်မှုနှင့် နေထိုင်မှုစသည်တို့ ပိုမိုအဆင်ပြေစေရေးအတွက် လည်းကောင်း၊ သံရုံးများ၏ အဆိုပြု တင်ပြချက်များမှ လက်တွေ့တွင် ဖြစ်နိုင်မည့် အချက်များနှင့် အညီ ဆောင်ရွက်ပေး နိုင်ရေးအတွက်လည်းကောင်း၊ မူဝါဒများကို လက်တွေ့ကျကျ ပြန်လည်သုံး သပ်မှု ပြုလုပ်ရန်လိုအပ်ကြောင်းနှင့် ဆက်သွယ်ရေး၊ ပို့ဆောင်ရေး၊ ပညာရေးနှင့် ကျန်းမာရေး ဆိုင်ရာ ဝန်ဆောင်မှုကိစ္စရပ်များကို ပိုမိုမြှင့်တင် ဆောင်ရွက်သွားနိုင်မည့် နည်းလမ်းများ ရှာဖွေ ဆောင်ရွက်ရန် လိုအပ်ကြောင်းထည့်သွင်းမှာကြားသည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က နေပြည်တော်သံတမန်ဇုန်မြေကွက်များနှင့် စပ်လျဉ်း၍ Video Projector ဖြင့် ရှင်းလင်းတင်ပြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က နေပြည်တော်သံတမန်ဇုန် တည်ဆောက်မှုများနှင့် ပတ်သက်၍ Video Projector ဖြင့် ရှင်းလင်းတင်ပြသည်။
ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်နှင့် တာဝန်ရှိသူများက နေပြည်တော်သံတမန်ဇုန် မြေကွက်များနှင့်စပ်လျဉ်း၍ မူဝါဒ ဆိုင်ရာများ၊ နေပြည်တော်သို့ နိုင်ငံခြားသံရုံးများ စောလျှင်စွာ ပြောင်းရွှေ့ဖွင့်လှစ်နိုင်ရေး အစီ အစဉ်များ နှင့် ဆောင်ရွက်ထားရှိမှုများကို ညှိနှိုင်းဆွေးနွေးကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ညှိနှိုင်းဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ သိရှိလို သည်များကို မေးမြန်းပြီး ပေါင်းစပ် ညှိနှိုင်းပေးခဲ့သည်။

No comments:

Post a Comment