Tuesday, January 23, 2018

NV Card ကိုင်ဆောင်သူများအခွင့်အရေး အပြည့်အဝရရှိစေရေး ဖော်ဆောင်ပေးရန် ညှိနှိုင်းအစည်းအဝေးကျင်းပ

 နေပြည်တော် ဇန်န၀ါရီ ၂၃
ရခိုင်ပြည်နယ်အတွင်းရှိ NV Card ကိုင်ဆောင်ထားသူများ ရရှိသင့်သည့်အကျိုးများရရှိနိုင်ရန်အတွက် ဆောင်ရွက်ပေး နိုင်ရန် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကား ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက NV Card ကိုင်ဆောင်ထားသူများ ရရှိနိုင်သည့် အကျိုး(၈)ခုရှိကြောင်း၊ ထိုအကျိုးများ အမှန် တကယ်ရရှိနိုင်ရန် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဥပဒေနှင့် ညီညွတ်စွာ သွားလာခွင့်ပြုရမည်ဖြစ်ကြောင်း၊ လုံခြုံရေးနှင့် ပဋိပက္ခမဖြစ်ပွားစေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ NV Card ကိုင်ဆောင်ထားပြီး နိုင်ငံသားလျှောက်ထားဆဲ ကျောင်းသူ၊ ကျောင်းသားများ အနေဖြင့်လည်း အဆင့်မြင့်ပညာ များအား သတ်မှတ်ချက်နှင့် ကိုက်ညီသော တက္ကသိုလ်များတွင် တက်ရောက်သင်ကြားနိုင်ရန် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ကျန်းမာရေးအတွက်လည်း မြို့နယ်ဆေးရုံများ၊ စစ်တွေဆေးရုံကြီးတို့ကို အချိန်မရွေး တက်ရောက်ကုသနိုင်ရန် စီစဉ်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ခွင့်ပြုချက်ဖြင့် ခရီးသွားလာရန် ခရီးသွားလာခွင့်ရရှိရေး ဆောင်ရွက်မှုများတွင် အဆင့်များ လျှော့ချရမည်ဖြစ်ကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက ခရီးသွားလာ ခွင့်ပုံစံ(၄) ထုတ်ပေးပြီး သက်ဆိုင်ရာလုံခြုံရေး အဖွဲ့များအားအသိပေးပြီး သွားလာခွင့်ပြုသင့်ကြောင်း၊ NV Card ထုတ်ပေးမှုများ၊ နိုင်ငံသား လျှောက်ထားမှုများအား အရှိန်မြှင့်တင် ဆောင်ရွက်ရန်အတွက် စစ်တွေမြို့နယ် သဲချောင်း၊ သက္ကေပြင်နှင့် အောင်မင်္ဂလာရပ်ကွက်များ၊ မြေပုံမြို့နယ်တောင်ပေါ်စခန်းတို့တွင် ကနဦးလက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ဌာနအားလုံးပူးပေါင်း ဆောင်ရွက်ရန် အရေးကြီးကြောင်းပြောကြားသည်။
အစည်းဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ်၊ ပြန်ကြားရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့မှ အမြဲတမ်း အတွင်းဝန်များနှင့် ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချ ထားရေးဝန်ကြီး ဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment