နေပြည်တော် ဇန်န၀ါရီ ၂၃
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်
သတ္တမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ယနေ့ နံနက် ၁၀နာရီတွင် အမျိုးသား လွှတ်တော် အစည်းအဝေးခန်းမ၌
ကျင်းပသည်။
အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၆)မှ
ဦးဝင်းမောင်၏ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့်
စည်ပင်သာယာအဖွဲ့ပိုင် လမ်းများပေါ်တွင် ကျူးကျော်ဆောက်လုပ်ထားရှိသော အဆောက်အအုံ၊ ဈေးဆိုင်၊
ကြော်ငြာ ဆိုင်းဘုတ်နှင့် ကားဆင်း ကားတက် ခုံဆင်းလမ်းများကို ဥပဒေနှင့်အညီ ဖယ်ရှားရှင်းလင်းပေးရန်နှင့်
မြေကြီး မြေပုံမှန်ကန်မှုတိုင်းတာခွင့်ပြုချက်ကို ခရိုင်လယ်ယာမြေစိစစ်ရေးနှင့် စာရင်းအင်းဦးစီးဌာ
နသို့ လုပ်ပိုင်ခွင့်ချထားပေရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊
မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးလှကျော် က ဆောက်လုပ်ရေး ၀န်ကြီးဌာနပိုင်
အမြန်လမ်းမကြီးများနှင့် ကားလမ်းမကြီးများပေါ်တွင် ကျူးကျော်တည် ဆောက်ထား သည့် အဆောက်အဦ၊
ဈေးဆိုင်၊ ကြော်ငြာဆိုင်းဘုတ် များနှင့် ကားဆင်း၊ ကားတက်ခုံပြုလုပ်ထားခြင်းများအား
ဖယ်ရှား နိုင်ရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန
လမ်းဦးစီးဌာနမှ လမ်းမကြီးများ ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ ကျူးကျော် တည်ဆောက်မှုများအား
အရေးယူစီမံဆောင်ရွက်ရပြီး မြို့များအတွင်းရှိ စည်ပင်သာယာ ရေးအဖွဲ့ပိုင်လမ်းမကြီးများ
ပေါ်တွင် ကျူးကျော်တည်ဆောက်ထားသည့် အဆောက်အဦိ၊ ဈေးဆိုင်၊ ကြော်ငြာဆိုင်းဘုတ်များနှင့်
ကားဆင်း၊ ကားတက် ခုံပြုလုပ်ခြင်းများအား ဖယ်ရှားရန် သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ
စည်ပင်သာယာရေး ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူ စီမံဆောင်ရွက်ပါကြောင်း။
ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့်
စည်ပင်သာယာရေးအဖွဲ့ပိုင် လမ်းများပေါ်တွင် ကျူးကျော်ဆောက်လုပ်ထားရှိသော အဆောက်အဦ၊
ဈေးဆိုင်၊ ကြော်ငြာဆိုင်းဘုတ်နှင့် ကားဆင်း၊ ကားတက်ခုံပြုလုပ်ခြင်းများကို ဖယ်ရှားနိုင်ရေးအတွက်
ဆောက်လုပ်ရေး ၀န်ကြီးဌာနလက်အောက်ရှိ လမ်းဦးစီးဌာနနှင့် သက်ဆိုင်ရာမြို့နယ် စည်ပင်သာယာရေး
အဖွဲ့များမှ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်နှင့်အညီ အရေးယူစီမံဆောင်ရွက်ရမည့်
ကိစ္စရပ်ဖြစ်ပါကြောင်းနှင့် ယင်းသို့ ဖယ်ရှားရာတွင် မြေနယ်နိမိတ်အငြင်းပွားမှုများ ပေါ်ပေါက်လာပါက
သက်ဆိုင်ရာတရားရုံးမှ တရားသူကြီး၏ ကော်မရှင်နာ ခန့်အပ်ကြောင်း အမိန့်စာရရှိသည့်အခါ
မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြေတိုင်းတာခွင့် အမှုတွဲဖွင့်လှစ်၍
မြန်မာနိုင်ငံမြေစာရင်းလက်စွဲ ဥပဒေနှင့်အညီ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ်၏ ခွင့်ပြုမိန့်အားရယူ၍ တိုင်းတာဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းများလျင်မြန်
ချောမွေ့စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်မည့်အဆင့်များ သာထားရှိပြီး
လိုအပ်မည့်ညွှန်ကြားမှုများနှင့်သာ ဆောင်ရွက်ပေးသွားနိုင်မည်ကြောင်း ရှင်းလင်းဖြေကြားသည်။
ဆက်လက်ပြီး ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ်
(၅) မှ ဦးမြင့်နိုင်နှင့် ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးရှေးရယ်ရှုမောင်၏ မေးခွန်းများနှင့်
စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးလှကျော်က
ရှင်းလင်းဖြေကြားသည်။
ထို့နောက် တောရိုင်းတိရစ္ဆာန်နှင့်
သဘာဝအပင်များကာကွယ်ရေးနှင့် သဘာဝ နယ်မြေများ ထိန်းသိမ်းရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍
လွှတ်တော်ကိုယ်စားလှယ်များ ကဆွေးနွေးကြသည်။
ကချင်ပြည်နယ်မဲဆန္ဒနယ်
အမှတ် (၁၁)မှ ဒေါက်တာခွန်ဝင်းသောင်းက ဒေသခံများနှင့် နိုင်ငံတော်ကြီးအတွက် အမှန်တကယ်
ဆိုးကျိုးနည်းပြီး ကောင်းကျိုးပွား စေရန် အပြုသဘောနှင့် ဆွေးနွေးလိုပါကြောင်း၊ ယခုတင်ပြချက်သည်
ဒေသခံများ၏ သဘောထားအများစုဖြစ်၍ လွှတ်တော်အသံ ပြည်သူ့အသံဆိုသည်နှင့်အညီ ဒီမိုကရေစီ၏
တန်းတူညီမျှမှု များကို တိုင်းရင်းသားပြည်သူများ နားစွင့်မျှော်လင့်နေကြသည့် အချိန်ကာလဖြစ်ပါကြောင်း၊
ယခုဥပဒေကြမ်းနှင့် ပတ်သက်၍ အခန်း (၃) ပုဒ်မ ၄တွင်
ထိန်းသိမ်းရေး ကော်မတီကိုဖွဲ့စည်းသော်လည်း “သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသ ကြီးမှ
ရွေးချယ်တာဝန်ပေးခံရသည့် ဒေသခံကိုယ် စားလှယ်များ” ဆိုသည်ကို ပုဒ်မ (၄)၏ (က)-၃ တွင်
ဖြည့်စွက်လိုပါကြောင်း၊ ဌာနဆိုင်ရာ ၀န်ထမ်းအနည်းငယ်ဖြင့် အလွန်ကျယ်ဝန်းသည့် သဘာဝနယ်မြေကြီး
တစ်ခုလုံးကို အမှန်တကယ်ထိရောက်စွာ ထိန်းသိမ်းမည်ဆိုပါက ဒေသခံများမပါဘဲ ထင်သလို ခရီးမပေါက်နိုင်ဟု
ထင်မြင်ပါကြောင်း ထည့်သွင်းဆွေးနွေးသည်။
အလားတူ ကချင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၉)မှ
ဦးခင်မောင်မြင့်၊ ကချင်ပြည် နယ်မဲဆန္ဒနယ် အမှတ်(၇)မှ ဦးဝင်းဇော်၊ ချင်းပြည်နယ်မဲဆန္ဒနယ်
အမှတ်(၅)မှ ဦးပူဂင်ကမ်းလျန်၊ ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးမိုင်းအုဏ်းခိုင်၊
မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးတင်အောင်ထွန်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်
အမှတ် (၂)မှ ဦးစခင်ဇော်လင်းနှင့် တနင်္သာရီတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၁၀)မှ ဦးစိုးသိန်း
(ခ) ဦးမောင်စိုးတို့က ဆွေးနွေးကြ သည်။
ယင်းနောက် မြေလွတ်၊
မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း (၂၀၁၇ခုနှစ်)
နှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ ကဆွေးနွေးကြရာ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ
ဦးဆန်းမြင့် က ယင်းဥပဒေကြမ်းကို စိစစ်လေ့လာရာတွင် ပုဒ်မ(၃)၊ ပုဒ်မခွဲ (ခ)၏နောက်တွင်
ပုဒ်မခွဲ(ဂ) နှင့်(ဃ) တို့ကို ဖြည့်စွက် သင့်ကြောင်း၊ ပုဒ်မခွဲ (ဂ)တွင် ဗဟိုကော်မတီသည်
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် စီမံခန့်ခွဲရေး ကော်မတီ များကို ဖွဲ့စည်းပေးရမည်။
ထိုသို့ဖွဲ့စည်းရာတွင် ဒေသမှ ရွေးချယ်ပေးသည့် ဒေသခံတောင်သူလယ်သမား ကိုယ်စားလှယ် များ၊
တောင်သူ လယ်သမားအသင်းအဖွဲ့ ကိုယ်စားလှယ်များ စိုက်ပျိုး ရေးပညာရှင်များ၊ မွေးမြူရေးပညာ
ရှင်များ၊ ဥပဒေ ပညာရှင်များ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များ ပါဝင်သော ကော်မတီများဖြစ်ရမည်ဟူ၍
ဖြည့်စွက်သင့်ပါ ကြောင်း၊ ပုဒ်မခွဲ(ဃ) ပုဒ်မခွဲ (ဂ)အရ ဖွဲ့စည်းထားသော တိုင်းဒေသကြီး
သို့မဟုတ် ပြည်နယ်အဆင့်စီမံခန့်ခွဲရေး ကော်မတီ၏ သက်တမ်းသည် နိုင်ငံတော်သမ္မတ၏ သက်တမ်းဟု
မှတ်ယူရမည်ဟူ၍ ဖြည့်စွက်သင့်ပါကြောင်း၊ ထို့နောက် ပုဒ်မ၊ ပုဒ်မခွဲအလိုက် ဖြည့်စွက်ချက်၊
ပြင်ဆင်လိုသည့် အချက်တို့ကို အကြံပြုဆွေးနွေးသည်။
အလားတူ ဧရာဝတီတိုင်းဒေသကြီး
မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးကြည်ဝင်း၊ ကချင်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်းသောင်း၊
ရခိုင်ပြည်နယ်မဲ ဆန္ဒနယ်အမှတ်(၁၂)မှ ဦးစိုးဝင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်
(၂)မှ ဦးအောင်မျိုးတို့က ဆွေးနွေးကြသည်။
ဆက်လက်၍ မြန်မာနိုင်ငံခရီးသွားလာရေးလုပ်ငန်း
ဥပဒေကြမ်းကို ဟိုတယ်နှင့် ခရီသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအုန်းမောင်က
လွှတ်တော်သို့တင်သွင်းရာ အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီဝင် ဒေါ်နွယ်နွယ်အောင်က
အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ
မန်းဝင်းခိုင်သန်းက ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စား လှယ်များရှိပါက
အမည်စာရင်းတင်သွင်း နိုင်ကြောင်းကြေညာသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၉)မှ
ဦးဖေချစ်က ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ သဘာဝသယံဇာတများ ပျက်စီးဆုံးရှုံးနေခြင်းကို
အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ထိန်းသိမ်းကာကွယ်စောင့်ရှောက် ပေးရန် ပြည်ထောင်စုအစိုးရအား
တိုက်တွန်းကြောင်းအဆိုကို တင်သွင်းရာတွင် နိုင်ငံတကာ အဖွဲ့အစည်းများ ထုတ်ပြန် ချက်အရ
၁၉၉၄ ခုနှစ်မှ ၂၀၁၄ ခုနှစ် နှစ် ၂၀ အတွင်း
ဒေသတွင်းတရား မ၀င်သစ်ခုတ် လှဲရောင်းချခဲ့သော တန်ချိန်များမှာ ရှမ်းပြည်နယ် မြောက်ပိုင်း၊
ကချင်ပြည်နယ်၊ နယ်စပ်ဒေသများမှ သစ်မာတန်ချိန် ၂၈ သိန်းကျော်၊ ထိုင်းနယ်စပ် မောတောင်
ဂိတ်မှ သစ်မာတန်ချိန် ၁၂ သိန်းကျော်၊ ထိုင်းနယ်စပ်-ဘီပီဝမ်းနှင့် ဘီပီတူး- ပုံပါကြိုးဝိုင်း
မှ သစ်မာတန်ချိန် ၉ သိန်းကျော်ရှိ မြေပေါ်သယံဇာတများ ဆုံးရှုံးနေရပါကြောင်း၊ ရှားပါးအဖိုးတန်သည့်
ဆင်စွယ်၊ သစ်ခွ၊ ၀က်ဝံသားရေ၊ ကျားသားရေ၊ ကျားသစ် သားရေ၊ သင်းခွေချပ်၊ တောင်ဆိတ်၊ ဥဒေါင်းငှက်၊
တောကြီးမြွေဟောက်တို့ကို တစ်နှစ်တွင် မည်မျှဖမ်းဆီး၊ သတ်ဖြတ်နေသည်ကို မှတ်တမ်းမရှိ၍
မသိနိုင်ပါကြောင်း၊ အရည်အသွေးမြင့်ပြီး ကမ္ဘာကျော်သည့် မိုးကုတ်ပတ္တမြားအပြင် မိုင်းရှူး
ရတနာမြေတွင်လည်း မည်မျှတူးဖော်ထုတ်လုပ်ပြီး
ထွက်သမျှ ပတ္တမြား မည်မျှ ပြည်ပရောက် ကုန်သည်ကို
သတ္တုတွင်းဝန်ကြီးဌာနကပင် အတိအကျမသိရပါကြောင်း၊ ၂၀၁၄ ခုနှစ် ပြည်ထောင်စုစာရင်းစစ်အဖွဲ့
စစ်ဆေးချက် အစီရင်ခံစာအရ လုပ်ငန်းရှင်ကုမ္ပဏီ အရေအတွက် ၉၈ ခုကျော်မှ ရွှေပေးသွင်းရန်
ကျန်နေသည့် တန်ချိန် ၆ ဒသမ ၄ တန်အထိ ရှိသည်ကို တွေ့ရှိရပါကြောင်း၊ အဆိုပါ အခွန်မဆောင်
စာချုပ်ဖောက်ဖျက်သူများကို တရားစွဲအရေးယူခြင်း လည်း မတွေ့ရပါကြောင်း၊ ယခုကဲ့သို့ ဥပဒေကို
ဂရုမစိုက်ကြခြင်းကို ဥပဒေပုဒ်မများ ထုတ်ပြန်ကန့်သတ်ရုံဖြင့် မလုံ လောက်ပါကြောင်း၊ အဖိုးတန်
မြန်မာ့သယံဇာတများ ပြုန်းတီးပျက်စီးနေခြင်းကို
အမျိုးသားရေးတာဝန် တစ်ရပ် အနေဖြင့်
ထိန်းသိမ်း၊ ကာကွယ်၊ ကြပ်မတ်ဆောင်ရွက်ပေးနိုင်ရန် လိုအပ်ပါကြောင်း ရှင်းလင်းတင်ပြသည်။
ယင်းနောက် လွှတ်တော်ဥက္ကဋ္ဌ
မန်းဝင်းခိုင်သန်းက ယင်းအဆိုနှင့် စပ်လျဉ်း၍
လက်ခံဆွေးနွေးရန် လွှတ်တော်၏ အဆုံး အဖြတ်ရယူအတည်ပြုသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော်
သတ္တမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ဇန်န၀ါရီ ၂၅
ရက်တွင် ဆက်လက်ကျင်းပ မည်ဖြစ်ကြောင်း သိရသည်။
အေးအေးသန့်၊ မျိုးသူဟိန်း

No comments:
Post a Comment