Wednesday, January 31, 2018

မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ရန် ညှိနှိုင်းဆွေးနွေး

နေပြည်တော် ဇန်န၀ါရီ ၃၁
မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ရန် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုတိယ၀န်ကြီး ဦးအောင်လှထွန်း၊ ၀န်ကြီးဌာန အမြဲတမ်း အတွင်းဝန်၊ ဦးစီးဌာနနှင့် လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ မြန်မာ နိုင်ငံရုပ်ရှင် အစည်းအရုံး နာယက၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အမှုဆောင်နှင့် အတွင်းရေးမှူးများ၊ Forever Group Co.,Ltd မှ အကြံပေးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ  ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က နှုတ်ခွန်းဆက်စကားပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နာယက ဦးအောင်လွင်၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်း၊ Forever Group Co.,Ltd  အကြံပေးပုဂ္ဂိုလ် ဦးသိန်းထွန်းအောင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်တို့က မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ လက်ရှိဖြစ်ပေါ်နေသည့် အခက်အခဲများ၊ စိန်ခေါ်မှုများနှင့် လိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က တက်ရောက်လာကြသူများ၏ ဆွေးနွေးချက်များအပေါ်  ပြန်လည် သုံးသပ်ဆွေးနွေးပြီး ပေါင်းစပ်ညှိနှိုင်းပေးကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
ယနေ့အစည်းအဝေးတွင် ရုပ်ရှင်ထုတ်လုပ်ရာတွင် အခက်အခဲဖြစ်နေမှုများ၊ ရုပ်ရှင်ဇာတ်ကားများ ရုံတင်ရာတွင် တွေ့ကြုံ နေရသည့် အခက်အခဲများ၊ ရုပ်ရှင်ဥပဒေ မူကြမ်းကို မကြာခင် အကောင်အထည်ပေါ်လာစေရန် ၀ိုင်းဝန်းကြိုးပမ်းနေမှု၊  ဆင်ဆာကဏ္ဍနှင့်စပ်လျဉ်း၍ ဖြေလျှော့ပေးရန် လိုလားချက်များကို ဆွေးနွေးကြသည်။

(သတင်းစဉ်)

No comments:

Post a Comment