Wednesday, January 31, 2018

တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ပြန်လည်ထူထောင်ရေး အလေးထားဆောင်ရွက်ရမည်ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြောကြား

နေပြည်တော် ဇန်န၀ါရီ ၃၁
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် အသစ်ဖွင့်လှစ်သည့် ပြန်လည်ထူထောင်ရေး ဦးစီးဌာန၏လုပ်ငန်းများ ပီပြင်စွာဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်း ဆွေနွေးပွဲကို ယနေ့မွန်းလွဲပိုင်း၌ အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေး၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ တိုင်းရင်းသား လူမျိုးများ ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်တို့ တက်ရောက်သည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လုပ်ငန်းများထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပြန်လည် ထူထောင်ရေးဦးစီးဌာနကို လက်ရှိဖွဲ့စည်းပုံအင်အားမှ ထုတ်နှုတ်၍ ဖွင့်လှစ်ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ရရှိပြီး ဖြစ်ပါကြောင်း၊ နိုင်ငံတော်သည် တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေး ဆောင်ရွက် လျက်ရှိကြောင်း၊ တိုင်းရင်းသားအများစု နေထိုင်ရာပြည်နယ်များတွင် ငြိမ်းချမ်းရေးအတွက် အဓိကဆောင်ရွက်နေကြရ ကြောင်း၊ ထိုဒေသများရှိ တိုင်းရင်းသားများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အလေးထား ဆောင်ရွက်ပေး ရန် လိုအပ်လျက်ရှိကြောင်း၊ ငြိမ်းချမ်းရေးအတွက် အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ် ရေးထိုးပြီးဖြစ်သော တိုင်းရင်းသားများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ တိုင်းရင်းသားများနှင့် နယ်စပ်ဒေသများရှိ တိုင်းရင်းသားများ အားလုံး အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းသည် အလွန်အရေးကြီးကြောင်း၊ ပြန်လည်ထူထောင်ရေးအပိုင်း သည် ဖွံ့ဖြိုးရေး နှင့် ဆက်စပ်လျက်ရှိပါသဖြင့် တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်လျက်ရှိသည့် ၀န်ကြီးဌာန များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ယခုလိုဆွေးနွေးရခြင်း ဖြစ်ပါကြောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံ ဒုတိယအကြိမ်အစည်းအဝေး၏ ပြည်ထောင်စု သဘောတူစာချုပ် အပိုင်း (၁) တွင် ကဏ္ဍကြီး (၄) ရပ်၌ မူဝါဒ သဘောတူညီချက် (၃၇) ချက်ကို ဖေါ်ထုတ်ခဲ့ပါကြောင်း၊ အဆိုပါ (၃၇) ချက်အနက် လူမှုရေးကဏ္ဍ မူဝါဒ သဘော တူညီချက် (၄) ချက်တွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းသည် အဓိကအချက်အနေဖြင့် ပါဝင်ပါကြောင်း၊ ပြန်လည် ထူထောင်ရေး  အပြည့်အ၀ဖော်ဆောင်နိုင်ရန် ဝန်ကြီးဌာနများ ပူးပေါင်းဆောင်ရွက်ရေးသည် အရေးကြီးပါကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က မိမိတို့ဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသရှိ တိုင်းရင်းသားလူမျိုးများ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုအသစ်ဖွင့်လှစ်သည့် ပြန်လည်ထူထောင်ရေး ဦးစီးဌာနနှင့် ဆက်စပ်သည့် ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာန၏ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်များနှင့် ကိုက်ညီမှုရှိသည့် လုပ်ငန်းများ၊ ပူးပေါင်းဆောင်ရွက်နိုင်မည့်ကဏ္ဍများကို ဖော်ထုတ်ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာ ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က တိုင်းရင်းသား လူမျိုးများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဖိုရမ်ကို မကြာမီကကျင်းပ ပြုလုပ်ခဲ့ပါကြောင်း၊ တိုင်းရင်းသားများ၏ လိုအပ်ချက်များကို ဖေါ်ထုတ်၍ ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ယင်းနောက် ဒုတိယ၀န်ကြီး ဦးစိုးအောင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အစည်းအဝေး တက်ရောက်လာသူများက ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို  ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment