Wednesday, January 31, 2018

ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ်နှင့် မုံရွာစီးပွားရေးတက္ကသိုလ်များတွင် ပညာသင်ကြား လျက်ရှိသော ကျောင်းသား/သူများအား လုပ်ငန်းခွင်လက်တွေ့လေ့လာရေး ဆောင်ရွက်နိုင်ရေးညှိနှိုင်း

နေပြည်တော် ဇန်နဝါရီ ၃၁
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့၏ ညှိနှိုင်းရရှိချက်အရရန် ကုန်စီးပွားရေး တက္ကသိုလ်၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ်နှင့် မုံရွာစီးပွားရေးတက္ကသိုလ်များတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား/ ကျောင်းသူများအား စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနရှိ ဌာန/ အဖွဲ့အစည်းများတွင် လုပ်ငန်းခွင် လက်တွေ့လေ့လာရေး (Internship) ဆောင်ရွက်နိုင်ရန်အတွက် ညှိနှိုင်းအစည်းအဝေးအား ယနေ့မွန်းလွဲ (၁) နာရီခွဲတွင် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက စီးပွားရေးတက္ကသိုလ်များတွင် တက်ရောက်နေသည့် ကျောင်းသား/ကျောင်းသူများအနေဖြင့် လုပ်ငန်းခွင်လက်တွေလေ့လာရေး (Internship) ဆောင်ရွက်နိုင်ပါက နိုင်ငံတော်၊ တက္ကသိုလ်များ၊ ကျောင်းသား/ကျောင်းသူ တစ်ဦးချင်းအနေဖြင့်လည်းကောင်း အလွန်တန်ဖိုးရှိပါကြောင်း၊ နိုင်ငံတော် အနေဖြင့် ကျောင်းသား/ ကျောင်းသူများကို ဦးစားပေး တန်ဖိုးထားပါကြောင်း၊ အနယ်နယ်အရပ်ရပ်မှ ကျောင်းသား/ ကျောင်းသူများပါဝင်သောကြောင့် အချင်းချင်းချစ်ကြည်ရင်းနှီးသည့် ပြည်ထောင်စုစိတ်ဓါတ်ကိုလည်း ရရှိနိုင်မှာဖြစ်ကြောင်း၊ လူငယ်များ၏ အနာဂတ်ကိုလူငယ်များကိုယ်တိုင်က ဖန်တီးနိုင်ရမည်ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီး ဌာနရှိဌာန အဖွဲ့အစည်း များအားလုံးမှ စီးပွားရေးတက္ကသိုလ်တွင် သင်ကြားသော ဘာသာရပ်များနှင့် သက်ဆိုင်သောကြောင့် ကျောင်းသား/ ကျောင်းသူများအနေနှင့်လည်း အလွန်အကျိုးရှိမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်း၊ ဒုတိယဝန်ကြီးဦးဆက်အောင်၊ ရန်ကုန် စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်  ဒေါက်တာခင်နိုင်ဦး၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ တင်ဝင်းနှင့် မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစိုးဝင်းနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဦးဆောင် ညွှန်ကြားရေးမှူးများနှင့် ညွှန်ကြားရေးမှူးချုပ်တို့မှ လုပ်ငန်းခွင် လက်တွေ့လေ့လာရေး အစီအစဉ်များ၊ ကျောင်းသား/ ကျောင်းသူများစေလွှတ်မည့် ကိစ္စရပ်များ၊ လေ့လာရေးကာလ၊ အုပ်ချုပ်မှုကိစ္စရပ်များနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား စနစ်တကျထိရောက်စွာနှင့် စောလျှင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အသေးစိတ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment