ကရင်ပြည်နယ်၊
မြ၀တီမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကလေးစာပေ ပွဲတော် ဖွင့်ပွဲ အခမ်းအနားကို
ယနေ့ နံနက် ၈ နာရီခွဲတွင် ကျင်းပရာ အမျိုးသား
လွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း တက်ရောက် ဖွင့်လှစ်သည်။
ကလေးစာပေ
ပွဲတော်ကို အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊
ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး
ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာတင်၊ ခရိုင် အုပ်ချုပ်ရေးမှူး
ဦးထူးလွင်နှင့် ထူးချွန် ကျောင်းသား လူငယ်များက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ကျောင်းသား၊
ကျောင်းသူလေးများက ကလေးစာပေပွဲတော် သီချင်းနှင့် မြန်မာ့ကျောင်း သီချင်းဖြင့် သီဆို
ဖျော်ဖြေကြသည်။
အခမ်းအနားတွင်
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက
ယနေ့ လူငယ် နောင်ဝယ်လူ ကြီး ဆိုသလို အနာဂတ်မှာ နိုင်ငံ့ တာဝန်များကို ပုခုံးပြောင်း
တာဝန်ယူကြမည့် နိုင်ငံတော်၏ သားကောင်း ရတနာ ကျောင်းသား၊ ကျောင်းသူများ၏ ဉာဏ်ရည် ဉာဏ်သွေး အယူအဆများ ထက်မြက်စေပြီး တီထွင်
ဖန်တီးလိုစိတ်များ၊ ဗဟုသုတများ ဖွံ့ဖြိုး တိုးတက်စေရေး အပြင် ကလေးလူငယ်များ စာပေမြတ်နိုး၍
ကလေးများ၏ ပျော်ရွှင်မှုကို စာဖတ်ခြင်းဖြင့် စာဖတ်ရှိန် မြှင့်တင်ရေး အတွက် ရည်ရွယ် ကျင်းပသည့်
အခမ်းအနား ဖြစ်သဖြင့် အလွန် မင်္ဂလာ ရှိပါကြောင်း၊
ခေတ်နှင့်အညီ ပေါ်ထွန်းလာနေသည့် ITနည်း ပညာ များ၊ Social Media များ နောက်ကို လိုက်ရင်း
လူ့စွမ်းအား အရင်းအမြစ်များ ဖြစ်သည့် မိမိတို့ ကလေး လူငယ်များသည် စာပေနှင့်ဝေးကွာပြီး
စာဖတ်သူ အရေအတွက်နှင့် စာဖတ်ရှိန်သည် တဖြည်းဖြည်း လျော့ကျလာ ခဲ့ပါကြောင်း။
နည်းပညာ
ဖွံ့ဖြိုး တိုးတက်မှုနှင့် အတူ ကစားနည်းမျိုးစုံ ဖျော်ဖြေမှု နည်းမျိုးစုံဖြင့် အပျက်သဘော
ယိမ်းယိုင်စေမည့်၊ အတုခိုး မှားစေမည့် အခြေအနေမျိုးတွင် ကလေးများ၏ အနာဂတ် လှပစေရန် ကလေး စာပေ ပွဲတော်များဖြင့် ကလေးများ
စာပေဖတ်ရှု လေ့လာရန်၊ စာပေနှင့် မွေ့လျော်စေရန်၊
အပြစ်ကင်းစင်သည့် ကလေးငယ်များ၏ ကလေးစာပေဖွံ့ဖြိုး တိုးတက်ရေးကို အားလုံးက ၀ိုင်းဝန်း
ပြုစုပျိုးထောင်ပေးရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျောင်းသား လူငယ်များ၏ လူ့စွမ်းအား ဖွံ့ဖြိုးတိုးတက်ရေးနှင့် “အလိမ္မာစာမှာရှိ” ဆိုသလို အသိပညာ ဗဟုသု တိုးပွားလာစေရေး အတွက် ကလေး
စာအုပ်စာပေများ ကလေးကဗျာများ၊ ဖွံ့ဖြိုး တိုးတက်ရေးသည် အဓိကလိုအပ်ချက် ဖြစ်သလို စာဖတ်ရှိန်
မြှင့်တင်ရေးနှင့် စာကြည့်တိုက်များ အသုံးပြုသည့် အလေ့အထ ကောင်းများ ပိုမို ထွန်းကားလာအောင်
စည်းရုံး လေ့ကျင့်ပေးရေးမှာ ယခုလို ကလေးစာပေ ပွဲတော်များက များစွာ အထောက်အကူ ပြုစေပါကြောင်း။
နိုင်ငံချစ်စိတ်၊
မျိုးချစ်စိတ်တို့သည် ကဗျာစာပေများကြောင့် ဖြစ်တည်ခဲ့ရပြီး ကလေးလူငယ်များ လိမ္မာရေးခြား
ရှိစေရန်၊ မှန်ကန်သည့် အတွေးအခေါ် ရရှိစေရန် ကလေးစာပေများမှ တစ်ဆင့် ကလေးများ၏ စိတ်ထဲကို
ထည့်သွင်းနိုင်မည် ဖြစ်ပါကြောင်း၊ ရိုးရှင်းသော ဥပမာ ပေးရလျှင် စာဖတ် များသောသူနှင့်
စာဖတ် နည်းသောသူ နှစ်ဦး၏ အတွေးအခေါ် အယူအဆ၊ စိတ်နေစိတ်ထား တို့သည် လွန်စွာ ကွာခြားနေမည်
ဖြစ်ပါကြောင်း၊ စာဖတ်သော ကလေးသည် ဘ၀တွင် ရင်ဆိုင်ကြုံတွေ့ရမည့် စိန်ခေါ်မှုများ အပေါ်
မှန်ကန်သော ဆုံးဖြတ်ချက်ဖြင့် အောင်မြင်မှုကို ရယူနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့်
ကလေးများ စာဖတ်သည့် အလေ့အထ ကောင်းများ ရရှိစေနိုင်ရန် မိဘ၊ ဆရာနှင့်
အဖွဲ့အစည်း အသီးသီး တို့ကလည်း ၀ိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ပြီး ပြုစုပျိုးထောင်ပေးရန်
အထူးပင် လိုအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်ပြီး
အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် ကလေးများအား စာအုပ်များ ပေးဝေပြီး ပွဲတော်တွင် ထည့်သွင်း ကျင်းပလျက်
ရှိသည့် ကျပန်းစကားပြော ပြိုင်ပွဲ၊ ကဗျာရွတ်၊ ပုံပြော၊ ပန်းချီ၊ ဆေးရောင်ခြယ် ပြိုင်ပွဲ၊
အရုပ်ဆက် ပြိုင်ပွဲနှင့် စကားပုံဆက် ပြိုင်ပွဲများတွင် ကျောင်းသား လူငယ်များ ပါဝင်
ယှဉ်ပြိုင်နေမှုများ၊ ကလေး စာဖတ်ခန်း၊ စာအုပ်ပြခန်း၊
တိုင်းရင်းသား ရိုးရာစာပေ ယဉ်ကျေးမှုပြခန်း၊ ပညာရေး ပြခန်းနှင့် အခြားပြခန်းများနှင့်
စာအုပ် ဈေးရောင်းပွဲတော်မှ စာအုပ်ဆိုင်များကို လှည့်လည် ကြည့်ရှု အားပေးသည်။
ကလေးစာပေ
ပွဲတော်တွင် စာပေ ဟောပြောပွဲ အဖြစ် ဆရာ မြင်းမူမောင်နိုင်မိုးနှင့် ဆရာမနုနုရည် (အင်းဝ)တို့က
စာပေဆိုင်ရာများ ဟောပြောသည်။
ထို့အပြင်
တိုင်းရင်းသား ရိုးရာစာပေ ယဉ်ကျေးမှုပြခန်း အနေဖြင့် ကရင်၊ ဗမာ၊ မွန်၊ ရှမ်း၊ ပအိုဝ်း
တိုင်းရင်းသားတို့၏ ဓလေ့ထုံးစံများနှင့် ပတ်သက်သော ပစ္စည်းများ၊ တူရိယာများ၊ စာပေများ၊
အသုံးအဆောင် ပစ္စည်းများ ခင်းကျင်း ပြသထားသည်။
ယနေ့
ကလေးစာပေပွဲတော် ပထမနေ့တွင် မြ၀တီမြို့နယ်အတွင်းရှိ ကျောင်းသား လူငယ်များ စည်ကား သိုက်မြိုက်စွာ
ပါဝင် ဆင်နွှဲလျက်ရှိပြီး ပွဲတော်ကို ဇန်န၀ါရီလ ၇ ရက်အထိ နှစ်ရက်ကြာ ကျင်းပသွားမည် ဖြစ်ကြောင်း
သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)
No comments:
Post a Comment