Sunday, January 7, 2018

ကလေးစာပေပွဲတော် (ရန်ကုန်) ပထမနေ့ ကဗျာရွတ်ဆိုပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနား ကျင်းပ

ရန်ကုန် ဇန်နဝါရီ ၆
ကလေးစာပေပွဲတော် (ရန်ကုန်) ပထမနေ့ မူကြိုအဆင့်၊ မူလတန်းအဆင့် ကဗျာ ရွတ်ဆိုပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကို ယနေ့ ညနေ ၄ နာရီတွင် အမှတ် (၆) အခြေခံပညာ အထက်တန်းကျောင်း အောင်ကျော် ခန်းမ၌ ကျင်းပသည်။

မူလတန်းအဆင့် ကဗျာရွတ်ဆို ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသူများကို ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က လည်းကောင်း၊ အထူးဆု (၅) ဆု ရရှိကြသူများကို ရန်ကုန် တိုင်းဒေသကြီး ပညာရေးမှူး ဒေါ်ခင်မာဆွေက လည်းကောင်း၊ မူကြိုအဆင့် ကဗျာရွတ်ဆို ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသူများကို ကရင်တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုးက လည်းကောင်း ၊ အထူးဆု (၅) ဆုရရှိကြသူများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က လည်းကောင်း ဆုများ  ပေးအပ် ချီးမြှင့်ခဲ့ကြသည်။
ကလေးစာပေပွဲတော် (ရန်ကုန်)တွင် ထည့်သွင်း ကျင်းပသည့် ဂိမ်းကစားနည်း ပြိုင်ပွဲများတွင် ဆုရရှိသူများကို တာဝန် ရှိသူများက တစ်ပါတည်းဆုများ  ချီးမြှင့်ခဲ့ကြသည်။ ဘောလုံးပြိုင်ပွဲနှင့် ထုပ်ဆီးတိုး ပြိုင်ပွဲများလည်း ဆက်လက် ယှဉ်ပြိုင် ကစားကြမည် ဖြစ်သည်။
ဇန်နဝါရီလ ၇ ရက်နေ့တွင် ကျင်းပမည့် မူလတန်း အဆင့်၊ အလယ်တန်း အဆင့် ပုံပြောပြိုင်ပွဲ များတွင် ပြိုင်ပွဲဝင် ၁၁၀ ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး ဇန်ဝါရီလ ၈ ရက်နေ့တွင် ကျင်းပမည့် ကျပန်းစကားပြော ပြိုင်ပွဲတွင်လည်း  ၅၈  ဦး ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment