Wednesday, January 17, 2018

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရခိုင်ပြည်နယ်ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား


နေပြည်တော် ဇန်န၀ါရီ ၁၇
ရခိုင်ပြည်နယ်ဆိုင်ရာ ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၁နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် အစည်းအဝေးခန်း၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးမင်းသူ၊ နယ်စပ်ရေးရာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးခင်မောင်တင်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်လှထွန်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ရဲချုပ် အောင်ဝင်းဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယမန်နေ့က မြောက်ဦးမြို့နယ်တွင် ဖြစ်ပွားခဲ့သော လူစုလူဝေးဖြင့် အကြမ်းဖက်မှုကြောင့် ရခိုင်တိုင်းရင်းသားများ သေဆုံးမှု၊ ဒဏ်ရာရရှိမှုများနှင့်အတူ ရဲတပ်ဖွဲ့ဝင်များ ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ခြင်းအတွက် ဝမ်းနည်းမိပါ ကြောင်း၊ ဖြစ်စဉ်၊ ဖြစ်ရပ် အမှန်ကိုအမြန်ဆုံး စစ်ဆေးဖော်ထုတ်ပြီး ဥပဒေချိုးဖောက်သူများကို ဥပဒေနှင့် အညီအရေးယူ ဆောင်ရွက်သွားရန် ဖြစ်ကြောင်းနှင့် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်ရန်ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု နှင့် ရဲချုပ်အောင်ဝင်းဦးတို့ကရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီးရသေ့တောင်ဖြစ်စဉ်နှင့်စပ်လျဉ်း၍ စာရေးဆရာ ဝေဟင်အောင် အားဥပဒေနှင့်အညီအမှုဖွင့် ဆောင်ရွက်ထားပြီး ဒေါက်တာအေးမောင်အား ဥပဒေနှင့် အညီဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်းရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေက လူစုလူဝေးနှင့် လုံခြုံရေး အစီအစဉ်များ စီမံခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် က ပြည်နယ်အတွင်း ဆောင်ရွက်မည့် အစီအမံများနင့် စပ်လျဉ်း၍လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က သတင်းထုတ်ပြန်ရေးနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် အစည်းအဝေး တက်ရောက်လာကြသူများက ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခ နှင့်စပ်လျဉ်း၍ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ကြိုတင်စီမံ ဆောင်ရွက်မည့် ကိစ္စရပ်များကိုဝိုင်းဝန်း ဆွေးနွေးအကြံပြုကြသည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်း တင်ပြချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
(သတင်းစဉ်)

No comments:

Post a Comment